Tuesday, December 31, 2013

တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင်၏ နှစ်သစ်မိန့်ခွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင်ဟာ လာမဲ့ (၂၀၁၄) ခုနှစ်အတွင်း တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို  ဆက်လက် ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း ၄င်းရဲ့ နှစ်သစ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါသည်။ ၄င်းရဲ့ မိန့်ခွန်းမှာတော့ မိမိတို့ဟာ (၂၀၁၄) အတွင်းပြောင်းလဲမှု ခြေလှမ်းသစ်များကို ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီလိုပြုပြင်ပြောင်းလဲမှုဟာ နိုင်ငံကို ပိုမိုတောင့်တင်းစေပြီး စည်ပင်ဝပြောစေမှာ ဖြစ်ကာ လူနေမှုဘ၀လည်း မြင့်မားလာမှာ ဖြစ်ပါသည်။ ဒါဟာမိမိတို့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ကာ အတိုင်းအစမဲ့ စင်္ကြာဝဋ္ဌာ အတွင်းကြယ်များထွန်းလင်းနေသလို (၇) ဘီလီယံသော လူသားတို့ဟာ ကမ္ဘာ့မြေကို မျှဝေနေထိုင်ကြတာဖြစ်ပြီး အချင်းချင်းကူညီရိုင်းပင်းရန် လိုအပ်ပြီး တစ်လှေထဲစီးတစ်ခရီးထဲ သွားများဖြစ်လို့ မိမိတို့ ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

နယူးဇီလန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှာ ဒီဇင်ဘာ (၃၁) ရက်နေ့က နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်များ ကျင်းပကြိုဆို

ယနေ့ဟာ (၂၀၁၄) ခုနှစ် နှစ်သစ်တစ်ခုသို့ ကူးပြောင်းခဲ့ပြီဖြစ်တဲ့အတွက် နယူးဇီလန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှာ ဒီဇင်ဘာ (၃၁) ရက်နေ့က နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်များ ကျင်းပကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။ နယူးဇီလန်နိုင်ငံသူ နိုင်ငံသားများဟာ အော့ကလန်မြို့ရဲ့ ကောင်းကင်ယံမှ အရောင်အသွေးစုံလင်လှတဲ့ မီးရှူးမီးပန်းများကို ကြည့်ရှုရင်း နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။ တောက်ပစုံလင်တဲ့ အရောင်အသွေးများဟာ ညကောင်းကင်ယံမှာ လှပစွာဝဲပျံ ဦးခိုက်ရင်း နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။ များပြားလှသော ဒေသခံများနဲ့အတူ ကမ္ဘာလှည့် ခရီးသည်များဟာ ဒီမီးရှူးမီးပန်းမျာကို အမြင့် (၃၂၈) မီတာရှိ မိုးမြင့်မျှော်စင်မှ လည်းကောင်း ဗစ်တိုရီးယား တောင်ထွဋ်မှလည်းကောင်း မြစ်အတွင်း လှေငယ်ကို လှော်ခတ်ရင်းဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့ကြောင်း သိရပါသည်။ 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆဲလ်လီနာစ် တောင်ကြားအနီးရှိ လယ်ယာမြေများမှာ နှံပြောင်းစက်ဝိုင်းများ ဖြစ်ပေါ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မွန်တာရီ အရှေ့ပိုင်း (၂၇) မိုင်အကွာ၊ ဆဲလ်လီနာစ် တောင်ကြားအနီးရှိ လယ်ယာမြေသို့ ပြီးခဲ့တဲ့လ (၃၀) ရက်နေ့က ပရိသတ်များ စုဝေးခဲ့ကြကြောင်း သိရပါသည်။ ဒီလယ်ကွင်းများမှာ နှံပြောင်းစက်ဝိုင်းများ ဖြစ်ပေါ်နေပုံကို လူနှစ်ဦးက တွေ့ရှိခဲ့ပြီး နံနက်မိုးသောက်ယံအချိန်မှာ အလင်းတန်းများတွေ့မြင်ရကြောင်း ၄င်းတို့က Youtube ၀က်ဆိုဒ်မှာ ဖေါ်ပြခဲ့ကြပါသည်။ ဒီလယ်ကွင်းများမှာ တွေ့ရှိရတဲ့ နှံပြောင်းစက်ဝိုင်းများနဲ့ စပ်လျဉ်းပြီး စုံစမ်းစစ်ဆေး နေပေမယ့် မည်သူရဲ့ လက်ချက်ဖြစ်ကြောင်းကိုတော့ ဖော်ပြခြင်း မပြုနိုင်သေးကြောင်း သိရပါသည်။ 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ ၀ုန်ဆန်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ နှင်းလျောစီး အပန်းဖြေစခန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ၀ုန်ဆန်မှာ မကြာသေးခင်ကမှ တည်ဆောက်ပြီးစီးခဲ့တဲ့ နှင်းလျောစီး အပန်းဖြေစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပုံ မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းဖြစ်တဲ့ KRT မှ ထုတ်လွှင့်ပြသ ခဲ့ပါသည်။ Masik Pars ခေါ် နှင်းလျောစီးစီမံကိန်းကို ကင်ရဲ့ ဦးဆောင်မှုနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သလို (၂၀၁၈) ဆောင်းရာသီ အိုလံပစ်အားကစားပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တောင်ကိုရီးယားနှင့် အပြိုင် တည်ဆောက်ခြင်းဖြစ်ပါသည်။ 

အင်ဒိုနီးရှားနိုင်ငံရှိ Sinabung မီးတောင်ဟာ ဆက်လက်ပေါက်ကွဲနေတဲ့အတွက် ဒေသခံ ရာပေါင်းများစွာ ပြောင်းရွှေ့နေရ

အင်ဒိုနီးရှားနိုင်ငံရှိ Sinabung မီးတောင်ဟာ ဒီဇင်ဘာ (၃၁) ရက်နေ့က ဆက်လက်ပေါက်ကွဲနေတဲ့အတွက် ဒေသခံ ရာပေါင်းများစွာ ပြောင်းနေရကြောင်း သိရပါသည်။ ၄င်းမီးတောင်ဟာ (၂၄၆၀) မီတာမြင့်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ဒီဇင်ဘာ (၃၁) ရက်နေ့က မနက်ပိုင်းအထိ (၆) ကြိမ် ပေါက်ကွဲခဲ့ကြောင်း မီးတောင်ဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့ပါသည်။ အဲ့ဒီမီးတောင်ဟာ ရာစုနှစ် (၄) စုအတွင်း လှုပ်ရှားမှုမရှိပေမယ့် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း လှုပ်ရှားလာပြီးတဲ့နောက် အစိုးရအနေနဲ့ အမြင့်ဆုံးအဆင့် သတိပေးချက်များ ထုတ်ပြန်ခဲ့ပါသည်။ 

အမေရိကန်နိုင်ငံရှိ တင်မ်နဲ့ လိုင်းတို့ရဲ့ နေအိမ်ရှိ ဧည့်ခန်းကို ကားတစ်စီး ၀င်တိုက်ခဲ့

အမေရိကန်နိုင်ငံ အင်ဒီယံနားပိုးလစ်စ်ရှိ တင်မ်နဲ့ လိုင်းတို့ရဲ့ နေအိမ်ရှိ ဧည့်ခန်းကို ကားတစ်စီး ဒီဇင်ဘာ (၂၉) ရက်နေ့က ၀င်တိုက်ခဲ့ကြောင်း သိရပါသည်။ ဒီမိသားစုအတွက်တော့ ဒါဟာ သိပ်မထူးခြားတဲ့ ဖြစ်စဉ်တစ်ခုလိုဖြစ်နေပြီး နေအိမ်ကို (၃) ကြိမ်  တိုင်တိုင် ၀င်တိုက်ခဲ့ဖူးကြောင်း သိရပါသည်။ ခင်ပွန်းဖြစ်သူ တင်-မစ်ကားလ် ကတော့ ဘရိတ်အုပ်သံကြားပြီး ပေါက်ကွဲသလို ခံစားခဲ့ရကြောင်းနဲ့ မိမိအနီး နံရံကို ၀င်တိုက်ခဲ့ပေမယ့် နံရံတဖက်မှာ ထိုင်နေတဲ့ ဇနီးသည် ဘာမှမဖြစ်တာ အံ့သြဖွယ် ကောင်းကြောင်း ပြောကြားခဲ့ပါသည်။ ဒေသခံ ရဲတပ်ဖွဲ့ဝင်များရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ (၁၀) ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် အဆောက်အဦး (၄) ခုဟာ အရှိန်လွန်များရဲ့ ၀င်တိုက်ခြင်းကို အပတ်စဉ်လို တွေ့မြင်ရကြောင်း သိရပါသည်။ အိမ်ပိုင်ရှင်ဇနီးမောင်နှံကတော့ နေအိမ်ကို ပြင်ဆင်နိုင်ပါက ဆက်လက် နေထိုင်ရန် ဆုံးဖြတ်ထားကြောင်း သိရပါသည်။ 

နိုင်ငံတော် သမ္မတ ရေဒီယို မိန့်ခွန်း ပြောကြားမည်



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံနှင့် သဇင် အသံလွှင့်ဌာနတို့မှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၂) ရက်၊ (၃) ရက်နှင့် (၄) ရက်နေ့တို့၌ နံနက် (၇) နာရီ၊ နေ့လယ် (၁၁) နာရီ၊ ညနေ (၆) နာရီနှင့် ည(၈) နာရီတို့တွင် တစ်ရက်လျှင် (၄) ကြိမ်စီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။

နိုင်ငံတော် သမ္မတ ကျူးဘား လွတ်မြောက်ရေးနေ့ သ၀ဏ်လွှာပေးပို့



၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ကျရောက်သော ကျူးဘားသမ္မတနိုင်ငံ၏ နှစ်ပတ်လည် လွတ်မြောက်ရေးနေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ကျူးဘား သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရာအူးလ် ကတ်စထရို ရုဇ် ထံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့သည်။

(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်



(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ (၃၁) ရက်နေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ကညွတ်ကွင်း ပြည်သူ့ ဆေးရုံအတွင်းရှိ အဆောက်အအုံသစ်များ လွှဲပြောင်း အပ်နှံခြင်း အခမ်းအနား တက်ရောက်



ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းသည် ဒီဇင်ဘာလ (၃၁) ရက်နေ့ နံနက် (၁၁) နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ပြည်သူ့ ဆေးရုံ ၀န်းအတွင်း၌ ကျင်းပပြုလုပ်သည့် တိုးချဲ့လူနာဆောင်နှင့် ၆ ခန်းတွဲ သူနာပြုဆောင် အဆောက်အအုံ သစ်များ လွှဲပြောင်း အပ်နှံခြင်း အခမ်းအနားသို့ တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကျူးဘား လွှတ်မြောက်ရေးနေ့ သ၀ဏ်လွှာပေးပို့



၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ကျရောက်သော ကျူးဘား သမ္မတနိုင်ငံ၏ နှစ်ပတ်လည် လွတ်မြောက်ရေးနေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ထံမှ ကျူးဘား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘရူနိုရိုဒရီဂဲ့ဇ် ပါရီးလား ထံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့သည်။