Friday, January 31, 2014

တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား



(၅၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇန်န၀ါရီလ (၃၁) ရက်နေ့ညနေ (၄) နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည့်။

ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်



စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့နယ် ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်၊ တီအို ချောင်းတံတားနှင့် နယ်စပ်ဈေး၊ တီးတိန်မြို့ ထွမ်းဝုန်း ရိပ်သာ တို့သို့သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြစ်သားမြို့၊ ပေတောပရဟိတ ကျောင်းတိုက်အတွင်းရှိ စောလူးမင်းကျောက်စာအားကြည့်ရှုလေ့လာ



ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန တာဝန်ရှိသူများ၊ မြန်မာစာအဖွဲ့မှ ပညာရှင်များ၊ ကမ္ဗည်းကျောက်စာပညာရှင်၊ သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်မှ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့ ပေတောပရဟိတ ကျောင်းတိုက်အတွင်းရှိ စောလူးမင်း ကျောက်စာအား သွားရောက်လေ့လာကြပါသည်။

Internews နှင့် တွေ့ဆုံမေးမြန်း



ပဋိပက္ခများအပေါ် ပြည်တွင်းပြည်ပ မီဒီယာများ၏ အမြင်များနှင့် သတင်းစာ အရည်အသွေး မြှင့်တင်ရေးတို့အတွက် ပံ့ပိုးပေးရာတွင် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ပိုမို သိရှိလာစေရန် ရည်ရွယ်၍ မီဒီယာလုပ်ငန်းဆိုင်ရာ သုတေသန လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော Internews ၏ အကြောင်းအချက်၊ လုပ်ငန်းများအား သိရှိနိုင်စေရန် Internews မှ Country Director Mr. Chris Greene နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ



ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီလ (၃၁) ရက်နေ့ နေ့လယ်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှုး၊ ဦးဝင်းကြည်က အဖွင့်အမှာစကားပြော ကြားပြီးနောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ညွှန်ကြားရေးမှူး၊ ဦးဝင်းဇော်ဌေးက နိုင်ငံပိုင်သတင်းစာ ထုတ်ဝေမှုတွင် အရှုံးခံထုတ်နေခြင်းမဟုတ်ကြောင်း၊ နိုင်ငံပိုင်လုပ်ငန်းများတွင် အရှုံးမရှိသော လုပ်ငန်းတစ်ခု အဖြစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခဲ့ပါ ကြောင်း ရှင်းလင်းခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက သတင်းစာ၊ ဂျာနယ် ထုတ်ဝေမှုတွင် ပုံနှိပ်မှတ်တမ်း ပါဝင်မှုမရှိသည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူး၊ ဦးဝင်းကြည်က ပုဂ္ဂလိကရုပ်/သံမီဒီယာ ကုမ္မဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော သတင်းစာ ဆရာကြီး၊ ဆရာမကြီးများက သိလိုသည်များကို မေးမြန်းခဲ့ရာတွင်
ရွှေနိုင်ငံသစ်ဂျာနယ်၊ DVB ၊ Messenger ၊ Eleven Media နှင့် ပြည်သူ့ဆန္ဒ ဂျာနယ် တို့မှ မေးမြန်းချက်များကို သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ပြီး မွန်းလွဲ (၁၄း၃၀)နာရီတွင် အခမ်းအနား ပြီးစီးခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဆွစ်ဇလန်နိုင်ငံ နိုင်ငံခြားသားများ Gas မီးပုံးပျံဖြင့် ပြည်နယ်၏အလှကို ကြည့်ရှုလေ့လာ



ဆွစ်ဇလန်နိုင်ငံ နိုင်ငံခြားသားများ Gas မီးပုံးပျံဖြင့် ပြည်နယ်၏အလှကို ကြည့်ရှုလေ့လာရာမှာ ဇန်န၀ါရီလ (၃၀) ရက်ေ့ ညနေ (၄း၃၀) တွင် လွိုင်ကော်မြို့နယ်၊ မထောခူကျေးရွာအုပ်စု သတ္ထပလူ ဘောလုံးကွင်း၌ မီးပုံးပျံများကို စတင်လွှင့်တင်ပါသည်။ မီးပုံပျံများကို လွှင့်တင်ရာတွင် (၆) လုံးရှိပြီး လေ့လာသူ (၂၅) ဦးပါရှိကြောင်း သတင်းရရှိပါသည်။