Tuesday, September 30, 2014

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို အောက်တိုဘာလ (၁) မနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပရာ ၀န်းသိုမြို့ စောဘွားကန်ကို ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ၊ နိုင်ငံတော် စီးပွားရေးအတွက် ၀င်ငွေပိုမို တိုးတက်လာစေရန်နှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ မြှင့်တင်နိုင်ရန် မြန်မာ့ခရီးသွား နှစ်တစ်နှစ်ကို သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ စသည်ဖြင့် မေးခွန်း (၅)ခု မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးနှင့် တိုင်းဒေသကြီး ပြည်နယ်အချို့တွင် ရေကြီးနစ်မြုပ် ပျက်စီးသွားသော လယ်ယာမြေများအား စနစ်တကျ စိစစ်ရန် လိုအပ်သော ထိရောက်သည့် ကူညီထောက်ပံ့မှုများ အမြန်ဆုံး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြင်ဆင်ချက်ဖြင့် အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။


ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

ပထမအကြိမ် အမျိုးသား လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို အောက်တိုဘာလ (၁) မနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပရာ နိုင်ငံတော်အစိုးရ ၀န်ထမ်းများ၏ မြို့ပြပင်စင်များ သင့်လျော်သော ကာလတွင် တိုးမြှင့်ပေးနိုင်ရေး တွက်ချက်မှုပြုပြင်ပေးပါရန်၊ လားရှိုးမြို့ ဟူးမွန်ကျေးရွာ အုပ်စုအတွင်း စိုက်ပျိုးရေရရှိရန်အတွက် နမ့်လောင်းချောင်းမှ ရေကို နည်းပညာ စနစ်တကျဖြင့် ရေလွှဲဆည် တူးမြောင်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ စသည့်ဖြင့် မေးခွန်း (၃)ခု မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံ အဆောက်အအုံ ဆိုင်ရာ ကိုဓဥပဒေကို ပြုစုထုတ်ဝေ၍ ကိုဓဥပဒေ ပြဋ္ဌာန်းချက်များပါ အတိုင်း လိုက်နာကျင့်သုံးစေရေး ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦးတို့က ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။


အာဆီယံ- လူမှုရေးယဉ်ကျေးမှု အသိုက်အ၀န်း ကောင်စီဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

(၁၂)ကြိမ်မြောက် အာဆီယံ- လူမှုရေးယဉ်ကျေးမှု အသိုက်အ၀န်း ကောင်စီဝန်ကြီးအဆင့် အစည်းအဝေးကို စက်တင်ဘာလ (၃၀)ရက်နေ့ နံနက် (၁၁)နာရီတွင် ပုဂံမြို့ရှိ The Aureum Palace Hotel ဘုရင့်နောင်ခန်းမတွင် ကျင်းပသည်။ အစည်းအဝေးတွင် အာဆီယံ- လူမှုရေးယဉ်ကျေးမှု အသိုက်အ၀န်း ကောင်စီ (ASCC) သဘာပတိ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ အဖွင့်အမှာစကား ပြောကြားသည်။


မုံရွာမြို့ အင်းရွာသစ်ရပ်ကွက် အမှတ်(၈) အခြေခံပညာ မူလတန်းကျောင်း ပညာဂုဏ်ရည် ကျောင်းဆောင်သစ်ဖွင့်ပွဲ

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးသည် စက်တင်ဘာလ (၂၇)ရက် နံနက်ပိုင်းတွင် မုံရွာမြို့ ကန်သာယာဦးရပ်ကွက် အမှတ်(၈) အခြေခံပညာ မူလတန်းကျောင်း ပညာဂုဏ်ရည် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ကျောင်းဆောင်သစ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


ကိုဘာနီမြို့အနီးတွင် တူရကီတင့်ကားနှင့် အမြောက်ပစ် ယာဉ်များ နယ်စပ်တစ်လျှောက်ရှိ တောင်ကုန်းတွင် နေရာယူ

အိုင်အက်စ် လက်နက်ကိုင်များမှ ပြီးခဲ့သည့် (၂၉-၉-၁၄) ရက်နေ့က တူရကီ ဘက်ခြမ်းကို ပစ်ခတ်တိုက်ခိုက် မှုများပြုလုပ် ခဲ့ပြီးနောက် (၃၀-၉-၁၄) ရက်နေ့ မနက်ပိုင်း ကစတင်ပြီး၊ အိုင်အက်စ် လက်နက်ကိုင်များ ကြီးစိုးရာ ဆီးရီးယား နယ်စပ်မြို့ဖြစ်သည့် ကိုဘာနီမြို့ အနီးတို့တွင် တူရကီတင့်ကားနှင့် အမြောက်ပစ် ယာဉ်များသည် နယ်စပ်တစ်လျှောက်ရှိ တောင်ကုန်းတွင် နေရာယူထား ပါသည်။ အိုင်အက်စ်များသည် တူရကီဘက်ခြမ်းကို ပြီးခဲ့သည့် (၂၈-၉-၁၄) ရက်နေ့ ကစပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ၊ (၂၉-၉-၁၄) ရက်နေ့က ပစ်ခတ်မှုကြောင့် တူရကီဘက်မှ လူ(၂)ဦးထက် မနည်း သေဆုံးခဲ့ရသည်ဟု တူရကီတပ်ဖွဲ့ဝင်က ပြောကြားခဲ့ပါသည်။ အိုင်အက်စ် လက်နက်ကိုင်များဟာ ကိုဘာနီနှင့် အခြားမြို့များတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကာ့ဒ်ပြည်သူ ၁သိန်းခွဲခန့်သည် တူရကီဘက်သို့ ထွက်ပြေးလာကြ ရပါသည်။ အမေရိကန်နှင့် အာရပ်တပ်ဖွဲ့ဝင် နိုင်ငံများက အိုင်အက်စ်တို့အား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေပြီး တူရကီ သမ္မတကလည်း တူရကီ တပ်ဖွဲ့ဝင်များကို အသုံးပြုပြီး ကူညီမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အာဖဂန် သမ္မတသစ်သည် အမေရိကန် တပ်ဖွဲ့ဝင်များ ဆက်လက် ထားရှိရေးကို သဘောတူ

အာဖဂန် သမ္မတသစ် အက်ရှ်ရာ့ဖ်ဂါနီသည် အာဖဂန် နစ္စတန်အတွင်းတွင် အမေရိကန် တပ်ဖွဲ့ဝင်များအား ယခုနှစ်ကုန်မှာ ဆက်လက် ထားရှိရေးကို သဘောတူလိုက်ပြီ ဖြစ်ပါသည်။ အမေရိကန် တပ်ဖွဲ့ဝင်များသည် အာဖဂန်နိုင်ငံ အတွင်းကနေ ယခုနှစ်ကုန်မှာ ပြန်လည်ဆုတ်ခွာ ရမှာဖြစ်ပေမယ့် အာဖဂန် သမ္မတကခွင့်ပြုပြီး ကာလရှည်ကြာ နှောင့်နှေးနေသည့် လုံခြုံရေး သဘောတူညီမှုကို (၃၀-၉-၁၄) ရက်နေ့ လက်မှတ်ရေးထိုး အဆုံးသတ်ခဲ့ ပါသည်။ အဆိုပါ သဘောတူညီချက်ကို ယခင် သမ္မတ ဟာမစ်ကာဇိုင်းက ငြင်းပယ်ခဲ့ပါသည်။ အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ ဝင်များသည် တာလီဘန်တို့အား တိုက်ခိုက်ရန်အတွက် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များကို လေ့ကျင့်မှုများနှင့် ကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်။ စက်တင်ဘာလ (၂၉)ရက်နေ့က ပြုလုပ်သည့် အက်ရှ်ရာ့ဖ်ဂါနီ ၏ ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားတွင် သမ္မတသစ်က တာလီဘန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် တောင်းဆိုမှု ပြုခဲ့ပါကြောင်း သိရှိရပါသည်။

ဂျပန်တွင် အွန်တာကဲ မီးတောင်၏အခြား ပေါက်ကွဲနိုင်သည့် အခြေအနေများကြောင့် ကယ်ဆယ်ရှာဖွေရေး အစီအစဉ်များကို ရုတ်သိမ်းခဲ့ရ

ဂျပန်နိုင်ငံတွင် အွန်တာကဲ မီးတောင်ပေါက်ကွဲ ခဲ့ပြီး၊ ဆယ်စုနှစ် များအတွင်း ဂျပန်၏ အဆိုးဝါးဆုံး မီးတောင်ပေါက်ကွဲမှု ဒဏ်ခံခဲ့ရပြီး ဒုက္ခသည်(၂၄)ဦး ထက်မနည်းသည့်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှု အစီအစဉ်များကို ပယ်ဖျက်ခဲ့ပြီး၊ မီးတောင်၏အခြား ပေါက်ကွဲနိုင်သည့် အခြေအနေ များကြောင့် ကယ်ဆယ်ရှာဖွေရေး အစီအစဉ်များကို ရုတ်သိမ်းခဲ့ရခြင်း ဖြစ်ကြောင်း သိရပါသည်။ အရေးပေါ် ကယ်ဆယ်ရေးဌာန မီးသတ်ဌာနနှင့် စစ်တပ်မှ လူပေါင်း (၈၀ဝ)ကျော်သည် အွန်တာကဲမီးတောင် အနီးကို ဝင်ရောက်ပြီး မီးတောင်ပြာများနှင့် ကျောက်တုံး များကြားတွင် ပိတ်မိနေသည့် လူ(၂၄)ဦး ထက်မနည်းကို ရဟတ်ယာဉ်များနှင့် ကယ်ဆယ်ရန် ပြင်ဆင်ခဲ့ကြပေမဲ့ ဓါတ်ငွေ့များနှင့် ပြင်းထန်သည့် မီးတောင် ပေါက်ကွဲမှုများ မြင့်တက်လာသည့် အတွက်ကြောင့် မီးတောင် အနားကို ချဉ်းကပ်ရန် မလွယ်ကူသည့် အခြေအနေ ဖြစ်ပါသည်။ အွန်တာကဲ မီးတောင် ပေါက်ကွဲမှုသည် (၂၉-၉-၁၄) ရက်နေ့က စတင်ခဲ့ပြီးပြန်လည် တည်ငြိမ်သွားကာ (၃၀-၉-၁၄) ရက်နေ့တွင် ဆိုးဝါးစွာ ပြန်လည်ပေါက်ကွဲ ခဲ့သည်ဟု သိရပါသည်။ ဂျပန်နိုင်ငံသည် မီးတောင်ရှင် (၁၁၀)နှင့်အတူ မြေငလျင် လှုပ်ရှားမှု အများဆုံး နိုင်ငံများထဲက တစ်နိုင်ငံဖြစ်ပြီး (၁၉၉၁) ခုနှစ်ကလည်း နိုင်ငံ၏အနောက် တောင်ပိုင်းမှာရှိသည့် အန်ဇန်မီးတောင် ပေါက်ကွဲမှုကြောင့် လူ(၄၃)ဦး သေဆုံးခဲ့ရဖူးပါသည်။ (၂၀၁၁)မတ်လ (၁၁)ရက်နေ့က ဂျပန်နိုင်ငံ မြောက်ပိုင်းမှာ ပြင်းအား (၉.ဝ)အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ပြီးနောက် မီးတောင်လှုပ်ရှား မှုများသည် မြင့်တက်လာခဲ့ကြောင်း သုတေသီများက သတိပေးပြောကြား ထားကြောင်း သိရှိရပါသည်။

အီဂျစ်သမ္မတ မိုဟာမက်မော်စီ ဖြုတ်ချခံရပြီးနောက် အကြမ်းဖက်မှုနှင့် စပ်ဆက်နေသည့် ထောက်ပံ့ရေးသမား (၆၈)ဦးကို အီဂျစ်တရားရုံးမှ ပြစ်ဒဏ် ချမှတ်

အီဂျစ်သမ္မတ မိုဟာမက်မော်စီ ဖြုတ်ချခံရပြီးနောက် တစ်နှစ်အကြာမှာ လူများစွာ သေဆုံးစေခဲ့သည့် အကြမ်းဖက်မှုနှင့် စပ်ဆက်နေသည့် မွတ်ဆလင် ညီနောင်များမှ ထောက်ပံ့ရေးသမား (၆၈)ဦးကို အီဂျစ်တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံတစ်ဝှမ်း မော်စီထောက်ခံ သူများနှင့် ပြိုင်ဘက်များအကြား ပဋိပက္ခများ ဖြစ်ပွားမှုကြောင့် လူ(၅၀)ကျော် သေဆုံးခဲ့ရပြီး၊ (၂၀၁၃)ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့က ကိုင်ရိုတွင် လူ(၃၀)သေစေခဲ့ကာ အခြားလူများကိုလည်း သတ်ရန်ကြိုးပမ်းမှုမှာ ၄င်းတို့အားလုံး ပါဝင်သည်ဟု သိရပါသည်။ ပြစ်မှုကျူးလွန်သူ (၆၈)ဦးအနက်မှ (၅)ဦးကို ထောင်ဒဏ်(၁၀) နှစ်ချမှတ်ခဲ့ပြီး ကျန်(၆၃)ဦးကို ထောင်ဒဏ်(၁၅)နှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

ဆီးရီးယားမှ ရွေ့ပြောင်းလုပ်သား (၅၀ဝ)ကို အီတလီ ကမ်းရိုးတန်းတွင် ကယ်ဆယ်နိုင်ခဲ့

ဆီးရီးယားမှ ရွေ့ပြောင်းလုပ်သား (၅၀ဝ)ကို ပြီးခဲ့သည့် (၂၈-၉-၁၄) ရက်နေ့က အီတလီ ကမ်းရိုးတန်းမှာ ကယ်ဆယ်နိုင်ခဲ့ပြီး ၄င်းတို့လိုက်ပါလာသည့် သင်္ဘောသည် အီတလီကမ်းခြေ စောင့်တပ်ဖွဲ့က သတိပြုစစ်ဆေး ခဲ့သည့်အတွက် ယခုလို ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ကလေးငယ်များ အပါအဝင် ရွေ့ပြောင်းလုပ်သား အချို့ကို ကမ်းခြေစောင့် ရေယာဉ်ပေါ်သို့ ရွေ့ပြောင်းခဲ့ကြ ပါသည်။ အီတလီကျွန်း လမ်ပါဒူဆာနှင့် တစ်မိုင်လောက် အကွာမှာ သင်္ဘောတစ်စီး တိမ်းမှောက်မှုကြောင့် လူ(၃၆၆)ဦး နစ်မြုပ်သေဆုံးခဲ့သည့် (၂၀၁၃)ခုနှစ် အောက်တိုဘာလ ကတည်းက အီတလီရေတပ်ဟာ အာဖရိကနှင့် စစ်စလီကြား ဧရိယာများမှာ ကင်းလှည့်စောင့်ကြည့် နေခဲ့တာ ဖြစ်ကြောင်း သိရှိရပါသည်။

မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အမေရိကန် သံအမတ်နှင့် တောင်ကိုရီးယား သံအမတ်တို့ ဆိုးလ်တွင် တွေ့ဆုံ

မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အမေရိကန် သံအမတ် (ဂလင်းဒေးဗီးစ်)သည် တောင်ကိုရီးယား သံအမတ် (ဟွမ်ဂျွန်ကွတ်)နှင့် ဆိုးလ်တွင် (၃၀-၉-၁၄) ရက်နေ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယား အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။ (ဒေးဗီးစ်)ဟာ (ဟွမ်)နှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် မြောက်ကိုရီးယား၏ နျူကလီးယား ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး  (၆)နိုင်ငံ ဆွေးနွေးပွဲကို ဘယ်လို ပြန်လည်စတင်ပြီး ဆွေးနွေးမလဲ ဆိုတာကို အဓိကထား ဆွေးနွေးခဲ့ပါသည်။ ဒေးဗီးစ်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး(ယွန်ဗြွန်ဆဲ) နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ၄င်းက မြောက်ကိုရီးယား အနေနှင့် နျူကလီးယား အရေးဆွေးနွေး ညှိနှိုင်းရန် အစည်းအဝေးကို တက်ရောက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ (၆)နိုင်ငံ ဆွေးနွေးပွဲမှာ အမေရိကန် ၊တရုတ်၊ ဂျပန် ၊ ရုရှားနှင့် ကိုရီးယား (၂)နိုင်ငံတို့ ပါဝင်ပြီး ဆွေးနွေးပွဲ မပြုလုပ်တာ (၅)နှစ်ရှိပြီ ဖြစ်ပါသည်။ မြောက်ကိုရီးယား (၂၀ဝ၅)ခုနှစ်က ၄င်း၏ နျူကလီးယား အစီအစဉ်သည် စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍ အတွက်သာဖြစ်ကြောင်း လက်မှတ်ရေးထိုး ခဲ့ပေမယ့် (၂၀ဝ၆) ခုနှစ်ကစပြီး နျူကလီးယား စမ်းသပ်မှု(၃)ကြိမ် ပြုလုပ်ခဲ့ပါသည်။ မြောက်ကိုရီးယားသည် ၄င်တို့ ထိန်းသိမ်းထားသည့် အမေရိကန် နိုင်ငံသား (၃)ဦးနှင့် ပက်သက်ပြီး ဆွေးနွေးရန် အမေရိကန်၏ ကြိုးပမ်းမှုများကို ငြင်းဆိုခဲ့ကြောင်း ဒေးဗီးစ်က ပြောကြားခဲ့ပါသည်။ ဒေးဗီးစ်ဟာ ဘေဂျင်းသို့ သွားရောက်ခဲ့ပြီး  ဆိုးလ်သို့ ပြီးခဲ့သည့် (၂၄-၉-၁၄) ရက်နေ့က ရောက်ရှိကာ အမေရိကန်သို့ မပြန်ခင် ဂျပန်သို့ သွားရောက်ကာ သံအမတ်များနှင့် တွေ့ဆုံအုံးမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဂွမ်ဒေါင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် (၁၁၈၆၇) ခု အထိ မြင့်တက်

တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် (၂၉-၉-၁၄) ရက်နေ့ အထိကို (၁၁၈၆၇)ခုအထိ မြင့်တက်လာခဲ့ကြောင်း ပြည်နယ်ကျန်းမာ ရေးဌာနမှ သတင်းထုတ်ပြန် ခဲ့ပါသည်။ မနှစ်ကနှင့်ယှဉ်လျှင် အဆပေါင်း ထောင်ချီကာ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးနှင့် မိသားစု အစီအစဉ် ကော်မရှင်မှ ပြောကြားခဲ့ပါသည်။ ဂွမ်ကျိုးမှာ(၄)ဦး သေဆုံးခဲ့ပြီး ဖြစ်ပွားမှုပေါင်းတင် (၉)ထောင်ကျော် ရှိနေပါသည်။ ဖိုရှန်မြို့တွင် ဖြစ်ပွားမှုပေါင်း (၁၂)ကျော် ရှိနေကြောင်း အတည်ပြုခဲ့ပါသည်။ ရှန်ချန်မှာတော့ (၂၇)ခုအထိ ဖြစ်နေပါသည်။ နှစ်ပေါင်း (၂၀)အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးနှင့် အဆိုးဝါး ဆုံးနှစ်လည်း ဖြစ်ခဲ့ပါသည်။ ဒီကနေ့မှာလည်း နိုင်ငံ၏ အမျိုးသားနေ့ ဖြစ်တာနှင့်အညီ အားလပ်ရက် များအတွင်းမှာ လူနေထူထပ်သည့် နေရာများကို သွားလာခြင်း ရှောင်ရှားကြရန် သက်ဆိုင်ရာက တိုက်တွန်း ထားကြောင်းလဲ သိရှိရပါသည်။

Apple ကုမ္ပဏီသည် နောက်ဆုံးပေါ် စမတ်နာရီ ဖက်ရှင်ပစ္စည်းကို မိတ်ဆက်ပြသရန် ပဲရစ်ဖက်ရှင်ဝိခ်ကို ဖိတ်ကြား

နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Apple သည် ၄င်း၏ နောက်ဆုံးပေါ် စမတ်နာရီကို ဖက်ရှင်ပစ္စည်း တစ်ခုအနေနှင့် ပထမဆုံး အကြိမ်အဖြစ် ပြည်သူလူထုကို မိတ်ဆက်ပြသ နိုင်ရန်အတွက် ပဲရစ်ဖက်ရှင်ဝိခ်ကို (၃၀-၉-၁၄) ရက်နေ့ ဖိတ်ကြားခဲ့သည်ဟု သိရပါသည်။ Apple၏ အိုင်ဖုန်းနှင့် အခြားအဆင် တန်ဆာများသည် ဖက်ရှင် သင်္ကေတများ အနေနှင့် တွေ့မြင်လာခဲ့တာ ကြာပြီ ဖြစ်သော်လည်း ၄င်းစမတ်နာရီသည် လူသုံးကုန် ဇိမ်ခံကုန်စည် ဈေးကွက်ထဲကို ထိုးဖောက်နိုင်ပြီး ဖက်ရှင်ပစ္စည်း တစ်ခုအနေနှင့် ရောင်းချသွားမှာ ဖြစ်ကာ နာရီတစ်လုံး၏ တန်ဖိုးကိုတော့ (၃၄၉)ဒေါ်လာ သတ်မှတ်ထားကြောင်း သိရပါသည်။ Apple ၏ စမတ်နာရီဟာ ရိုးရာ လက်ပတ်နာရီ ပုံစံဖြစ်ပြီး သေးငယ်သည့် လေးထောင့်ပုံစံ ဒိုင်ခွက်သည် ထိတွေ့မျက်နှာ ပြင်ဖြစ်ကာ လက်နှင့်လိုသလို တွန်းရွေ့နိုင်ကြောင်း သိရှိရပါသည်။

အောက်စဖို့ထ် တက္ကသိုလ်မှ သိပ္ပံပညာရှင် တစ်ဦးသည် ဂစ်တာ၏ ရူပဗေဒ သဘောတရားကို ရှာဖွေ

အောက်စဖို့ထ် တက္ကသိုလ်မှ သိပ္ပံပညာရှင် တစ်ဦးသည် ဂစ်တာ၏ ရူပဗေဒ သဘောတရားကို ရှာဖွေခဲ့ကြောင်း သိရပါသည်။ ဒေးဗစ်ရောဘတ်သည် သုတေသီ တစ်ဦးသာမက ဂီတအနုပညာရှင် တစ်ဦးလည်း ဖြစ်ပါသည်။ ဂီတာတီးခတ်မှု၏ ပထမဆုံး ညီမျှခြင်း သဘောတရားကို မည်သို့ခွဲခြားနိုင်ပုံကို ပေါင်းစပ်ပြခဲ့ပြီး တီးခတ်မှုနှင့် အသုံးပြုပုံ နည်းနာသည် နုတ်၏အသံအနိမ့် အမြင့်အပေါ် မည်သို့ သက်ရောက်မှု ရှိပုံကို ပြသခဲ့ပါသည်။  ဂစ်တာဟောင်းလေး တစ်လက်နှင့် ၄င်း၏အင်ဂျင်နီယာ ဓါတ်ခွဲခန်းမှာ လေ့လာခဲ့ပါသည်။ ဂစ်တာမှာ ပါဝင်သည့် အရာများကို  တစ်ခုချင်း လေ့လာပြီးနောက် တူရိယာ ထုတ်လုပ်မှုအတွက် ကူညီနိုင်ရန် ရှာဖွေခဲ့ခြင်း ဖြစ်ပါသည်။ ယခုလို ကြိုးပမ်းမှုဟာ ၄င်း၏ပထမဆုံး ကြိုးပမ်းမှု မဟုတ်ပါ။ ရူပဗေဒ ကျောင်းသား များအနေနှင့် ကြိုး၏တုန်ခါမှု သဘောတရားများကို အသေးစိတ်ခွဲခြား မြင်တွေ့နိုင်စေရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဩစတြေးလျ စွန့်စားသူ အိုင်ဗန် ထရီဖို့နော့ဗ်သည် အနက်မီတာ (၂၀ဝ)ရှိသော ဥမင်ထဲသို့ မိုးပျံပူဖောင်းနှင့် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့

အသက်(၇၀)အရွယ် ဩစတြေးလျ စွန့်စားသူ အိုင်ဗန် ထရီဖို့နော့ဗ်သည် ခရိုအေးရှားနိုင်ငံ တောင်ပိုင်း ဗယ်လယ်ဗစ် တောင်တန်းများကြားရှိ အနက်မီတာ (၂၀ဝ)ရှိသော ဥမင်ထဲသို့ မိုးပျံပူဖောင်းနှင့် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရပါသည်။ အိုင်ဗန် ထရီဖို့နော့ဗ်သည် မိုးပျံပူဖောင်းမောင်းသည့် အတွေ့အကြုံရှိပြီး ဂင်းနစ်မှတ်တမ်း (၄)ကြိမ် ဝင်ဖူးသူ ဖြစ်ကာ ဒီတစ်ကြိမ်မှာတော့ မိုးပျံပူဖောင်းကို အပေါ်သို့ ပျံမတက်ဘဲ လှိုဏ်ဂူအောက်သို့ ဆင်ပြီးအပေါ်သို့ ပျံတက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ၄င်းနေရာမှာပဲ ဩစတြေးလျ စွန့်စားသူ ဖဲလစ်ဆိုသူသည်လည်း လေထီးခုန်ချ ခဲ့ပြီးနောက် (၁၀)နှစ်တိတိ အကြာ စက်တင်ဘာလ (၁၈)ရက်နေ့မှာ ထရီဖို့နော့ဗ်ကလည်း မိုးပျံပူဖောင်းနှင့် ပျံသန်းခဲ့ခြင်း ဖြစ်ပါသည်။ ထရီဖို့နောဗ့်သည် ၄င်း၏ပျံသန်းရန်အတွက် မာမက်ဂူကို ရွေးချယ်ခဲ့ပြီး ၄င်း၏ မိုးပျံပူဖောင်း ဒီဇိုင်းဟာ ထူးခြားပြီး ပုံမှန်ထက် သေးငယ်ကာ မောင်းသူဟာ ဓါတ်ငွေ့တိုင်ကီ (၂)ခုကို ဆက်သွယ်ထားသည့် စတီးပိုက်ခ်မှာ ထိုင်ပြီး စီးနင်းရပါသည်။ မာမက်ဂူဟာ (၂၀၆)မီတာ အနက်ရှိပြီး ဗယ်လယ်ဘစ် တောင်တန်းများ၏ တောင်ပိုင်းမှာ ရှိပါသည်။ ၄င်းလှိုဏ်ဂူဟာ မီးခိုးခေါင်းတိုင် ဇောက်ထိုးပုံစံရှိကာ တွင်းဝင်ပေါက်ဟာ မီတာ(၆၀)အကျယ် ရှိပါသည်။ ခရီးစဉ် အစအဆုံး အဆင်းအတက် (၂၅)မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရပါသည်။

မစ်အမေရိကား အလှမယ် ပြိုင်ပွဲကို ခရိုင်းမီးယား ကျွန်းဆွယ်ရှိ ဆီဗက်စတိုပိုးလ်တွင် ကျင်းပမည်

မစ်အမေရိကား အလှမယ် ရွေးချယ်ရေး ပွဲကျင်းပသူများက လာမည့်နှစ်ပြိုင်ပွဲကို ရုရှားတို့ သိမ်းပိုက်ထားသော ခရိုင်းမီးယား ကျွန်းဆွယ်ရှိ ဆီဗက်စတိုပိုးလ်တွင် ကျင်းပသွားမှာ ဖြစ်ကြောင်း ၃၀-၉-၁၄) ရက်နေ့က မော်စကိုမြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါသည်။ အလှမယ်ရွေးပွဲနှင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေတွေကို ရောထွေးခြင်း မရှိပါကြောင်း ဘယ်လို အကျိုးဆက်မှ သက်ရောက်စေမှာ မဟုတ်ကြောင်းဖြင့် ပွဲကျင်းပရေး အမှုဆောင်ချုပ်ဖြစ်သူ မာမယ်က ပြောကြားခဲ့ပါသည်။ (၂၀၁၄) မစ် အမေရိကန်ဆုရ မစ်ချယ်အီဗန်က ယခုလို ကျင်းပခြင်းဖြင့် အမေရိကန်နှင့် ရုရှားအမျိုးသမီး များအကြား ပိုမိုနားလည်မှု ဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့် (၂၅)နှစ်ကြာ ကာလတုန်းကလည်း မစ်အမေရိက ပြိုင်ပွဲကို ရုရှားမှာ ကျင်းပခဲ့ဖူးကြောင်း သိရှိရပါသည်။

ဘာစီလိုနာ ကစားသမား လီယွန်နယ်မက်ဆီ၏ အကြောင်း

ဘာစီလိုနာ ကစားသမား လီယွန်နယ်မက်ဆီသည် လျင်မြန်မှုနှင့် ဂိုးသွင်းစွမ်းရည်များကြောင့် ကလပ်နှင့် နိုင်ငံတကာ ပွဲများမှာ ဂိုးများစွာ သွင်းပြီးနောက် နာမည်ကျော် လျှက်ရှိပါသည့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါသည်။ ဘာစီလိုနာ အရှေ့တန်း တိုက်စစ်မှူးနှင့် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကို ဇွန်လ (၂၄) ရက်နေ့က (၁၉၈၇) ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံတွင် မွေးဖွားခဲ့ပါသည်။ မက်ဆီသည် အသက် (၂၁) နှစ် အရွယ်တွင် (၂၀၀၉) ခုနှစ်၊ ဖီဖာ၏ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြင့် Ballon d’Or ဆုကို ပထမဆုံး အကြိမ်အဖြစ် ရရှိခဲ့ပြီး (၂၀၁၀)၊ (၂၀၁၁)၊ (၂၀၁၂) တို့မှာ ဆက်တိုက်ဆိုသလို ဖီဖာ၏ Ballon d’Or ဆုများအပြင် (၂၀၁၀-၂၀၁၁) ဥရောပ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါသည်။ အသက် (၂၄) နှစ်မှာ မက်ဆီသည် ဘာစီလိုနာ၏ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပြီး (၂၅) နှစ်အရွယ်တွင် စပိန်လာလီဂါတွင် ဂိုး (၂၀၀) သွင်းယူနိုင်ခဲ့သည့် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သလို ယခုနှစ် (၂၀၁၄) အသက် (၂၇) နှစ်ရောက်ရှိသည့် အချိန်မှာတော့ ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် ဂိုးပေါင်း (၄၀၀) ကျော် သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါသည်။ ဒါ့အပြင် မက်ဆီသည် ဘောလုံးသမိုင်းတွင် ဖီဖာ၏ Ballon d’Or (၄) ကြိမ် ရရှိထားသည့် ပထမဆုံး ကစားသမားဖြစ်ပြီး ဥရောပ ရွှေဖိနပ်ဆု (၃) ကြိမ် ရရှိထားသည့် ဘာစီလိုနာ အသင်းနှင့် အတူ ဆုဖလားပေါင်း များစွာ ရယူထားသူလည်း ဖြစ်ပါသည်။

မီးသဂြိုလ်စက်တည်ဆောက်ရန် အလှူငွေပေးအပ်ခြင်းနှင့် အမှိုက်သိမ်းယာဉ်/ မြေညှိစက်လှူဒါန်းပွဲ

မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့သို့ မီးသဂြိုလ်စက် တည်ဆောက်ရန် အလှူငွေ ပေးအပ်ခြင်းနှင့် အမှိုက်သိမ်းယာဉ်/ မြေညှိစက်လှူဒါန်းပွဲ ကျင်းပခြင်း အခမ်းအနားကို စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်တွင် မြစ်ကြီးနာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက အဖွင့်အမှာစကား ပြောကြားသည်။


နေပြည်တော်ကောင်စီနယ်မြေ အတွင်း ရွေ့လျားကျန်းမာအရေး ဆေးခန်းဖွင့်ဆောင်ရွက်

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းသည် ၂၀၁၀ ခုနှစ်မှ စ၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကာ ပြည်သူလူထု အခြေပြု ရွေ့လျားကျန်းမာရေး ဆေးခန်းကို ဖွင့်လှစ်၍ ကျန်းမာရေးပညာပေး ဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပံ့ပိုးပစ္စည်းများ လှူဒါန်းခြင်း၊ မျက်စိနှင့် သွားကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို တစ်လ တစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိသည်။


အမှတ် (၁) ဘုန်းတော်ကြီးသင် ပညာရေး အလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ

Student Trust အဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် အင်္ဂလန်နိုင်ငံမှ အလှူရှင်များ ဖြစ်ကြသော မစ္စတာ အီရန်ဝိုက်နှင့် ဇနီးတို့မှ လှူဒါန်းသော အမှတ် (၁) ဘုန်းတော်ကြီးသင် ပညာရေး အလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၃၀)ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းအုပ်စု ရွှေကျကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


ဘိုးဖိုးဒူ ကယားအမျိုးသားလူငယ် အဲဒိုပေါ်မီ စုပေါင်းဒီးကူပွဲတော် ကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပထမအကြိမ် ဘိုးဖိုးဒူဒေသရှိ ကျေးရွာပေါင်း (၅၇)ရွာ စုပေါင်းကျင်းပ ပြုလုပ်သည့် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ကို စက်တင်ဘာလ (၂၇)ရက်နေ့ ညနေ (၆)နာရီအချိန်တွင် လွိုင်ကော်မြို့ ထေးငှားလျားစံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမအကြိမ် ဘိုးဖိုးဒူဒေသရှိ ကယားအမျိုးသားလူငယ်များ စုပေါင်းပြုလုပ်သည့် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ဒုတိယနေ့ အခမ်းအနား

ပထမအကြိမ် ဘိုးဖိုးဒူဒေသရှိ ကယားအမျိုးသားလူငယ်များ စုပေါင်းပြုလုပ်သည့် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ဒုတိယနေ့ အခမ်းအနားကို စက်တင်ဘာလ (၂၈)ရက်နေ့ နံနက်တွင် လွိုင်ကော်မြို့ ထေးငှားလျားစံပြကျေးရွာ၌ ကျင်းပပြုလုပ်ရာ လွိုင်ကော်မြို့ ကျေးရွာပေါင်း (၅၇)ရွာအတွင်းရှိ ကယားအမျိုးသားလူငယ်များ တက်ရောက်ခဲ့ကြပါသည်။


၂၀၁၄ ခုနှစ်၊ (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

၂၀၁၄ ခုနှစ်၊ (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လွိုင်လင်ခရိုင်အဆင့် ပြိုင်ပွဲကို စက်တင်ဘာလ (၂၆)ရက်နေ့ မနက် (၈)နာရီတွင် ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)တွင် ကျင်းပရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားပါသည်။


တောင်ကြီးမြို့၊ အလက ကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာလ (၂၉)ရက်နေ့တွင် တောင်ကြီးမြို့ရှိ အ.လ.က ထီသိမ်ရွေး (တောင်)၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲကျင်းပပါသည်။


ပေါင်းလောင်း(၁၄)နှင့် သရဖီလမ်းဆုံတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စက်တင်ဘာလ (၂၇)ရက်နေ့တွင် ပျဉ်းမနား မြို့မ ရဲစခန်းမှ ရဲအုပ် မင်းကိုထွေးနှင့်အဖွဲ့ လှည့်ကင်းဆောင်ရွက်စဉ် ရွာကောက်ရပ်ကွက် ပေါင်းလောင်း(၁၄)နှင့် သရဖီလမ်းဆုံတွင် ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာသူ လူတစ်ဦးအား တွေ့ရှိသည့် အတွက် ရပ်တန့်စစ်ဆေးရာ မြင့်မောင်မောင် (ခေါ်) ဖိုးသား (၂၅)နှစ် အဖ ဦးမြင့်ထူး (တပ်ကုန်းမြို့) မြ၀တီရပ်ကွက်နေသူဖြစ်ပြီး ၄င်း၏ ဘောင်းဘီအိတ်ကပ်နှင့် ဦးထုပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၃၀)အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိပြီး ဆေးပြားများအား မောင်လွင်(ခေါ်) မှည့်ကြီး (၄၃)နှစ် အဖ ဦးထွန်းလူ (ပျဉ်းမနားမြို့) ဘောဂ၀တီ ရပ်ကွက်နေသူထံမှ ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုပြီး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ မြင့်မောင်မောင်(ခေါ်) ဖိုးသားနှင့် မောင်လွင် (ခေါ်) မှည့်ကြီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။


ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၁၂)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေးဖွင့်ပွဲ တက်ရောက်

(၁၂)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေးဖွင့်ပွဲကို စက်တင်ဘာလ (၃၀)ရက်နေ့ နံနက်(၉)နာရီတွင် ပုဂံမြိုရှိ The Aureum Palace Hotel မှာ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားပါသည်။

 

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီး များအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် (၁၂)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက် အဝန်းကောင်စီဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက် လာကြသည့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူး ချုပ်တို့အား စက်တင်ဘာလ(၃)ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ပုဂံမြို့ရှိ ပုဂံဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမှုကို လာရောက် လေ့လာကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့မှ အကြံပေးအရာရှိ ဦးချိန်ကောင်းရှင်း ခေါင်းဆောင်သည့် ကိုးကန့်တိုင်းရင်းသားများအား စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ  ဦးမောင်မောင်သိမ်း၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ၊ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးဟော်ရှောက်ချန်း၊ ဦးကျော်နီနိုင်၊ ဦးစိုင်းမြင့်အေးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံပွဲအပြီးတွင် အမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြား

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပလျက်ရှိသည့် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က အထွေထွေ မူဝါဒရေးရာ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ကိုရီးယားသမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၌ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုစစ်ရေးပြတပ်ဖွဲ့မှ ကြိုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ကိုရီးယားသမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန တပ်မတော်(ကြည်း၊ ရေ၊ လေ)ဂုဏ်ပြု စစ်ရေးပြတပ်ဖွဲ့မှ ကြိုဆိုခြင်းအခမ်းအနားကို စက်တင်ဘာ (၃၀)ရက် ဒေသစံတော်ချိန် နံနက်(၁၀)နာရီ (၄၅)မိနစ်တွင် ကိုရီးယားသမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ကိုရီးယားစစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့သည် စက်တင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ Demilitarized Zone (DMZ) သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်လေ့လာ ကြည့်ရှုကြသည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ကိုရီးယား စစ်သမိုင်းပြတိုက် War Memorial ကိုလည်းကောင်း Defense Acquisition Program Administration (DAPA) ကို လည်းကောင်း သွားရောက်လေ့လာကြပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ကိုရီးယားနိုင်ငံ Namsan Tower သို့ သွားရောက်လေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့သည် စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ဆိုးလ်မြို့ရှိ Namsan Tower ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ မျှော်စင်သည် ဆိုးလ်မြို့ Namsan တောင်ကုန်းပေါ်တွင် တည်ရှိသည်။ ၂၃၆ ဒသမ ၇ မီတာ (၇၇၇ ပေ)မြင့်မား၍ ၁၉၈၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ညှိနှိုင်းရေး ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး

ပြည်သူဗဟိုပြု အုပ်ချုပ်ရေး စနစ်ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် နိုင်ရန်အတွက် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ညှိနှိုင်းရေး ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ မနက်(၉)နာရီခွဲက နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမမှာ ကျင်းပပါသည်။ 

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကျင်းပ

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို စက်တင်ဘာလ(၃၀)ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC-2 ၌ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက် အားပေးကြပါသည်။


စွမ်းအင် အကျိုးရှိထိရောက်စွာသုံးစွဲရေး မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၉) နာရီခွဲတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် တက်ရောက်အမှာစကားပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ရေဒီယို မိန့်ခွန်းကို ည (၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ ရေဒီယို အစီအစဉ်များမှတစ်ဆင့် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါသည်။ အဆိုပါမိန့်ခွန်းအား မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ အောက်တိုဘာလ (၁)ရက် ည (၈)နာရီသတင်း အပြီးမှာ ထုတ်လွှင့်မှာ ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အသိပေး တင်ပြအပ်ပါသည်။ 



နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ (၆၅)နှစ်မြောက် နှစ်ပတ်လည်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့် နိုင်ငံတော် ကောင်စီ ၀န်ကြီးချုပ်တို့ ထံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့

၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၆၅)နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခချန်းတို့ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ပါသည်။


ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဒုတိယသမ္မတထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှာ ကျရောက်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် (၆၅)နှစ်မြောက် နှစ်ပတ်လည် အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ထံမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ မစ္စတာ လီယွမ်ချောင် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပါသည်။ 


ဒုတိယသမ္မတ ဦးဥာဏ်ထွန်းထံမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဒုတိယသမ္မတထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှာ ကျရောက်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် (၆၅)နှစ်မြောက် နှစ်ပတ်လည် အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းထံမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ မစ္စတာ လီယွမ်ချောင် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပါသည်။ 


ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံမှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ယိ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁)ရက်တွင် ကျရောက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၆၅)နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံမှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ယိ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပါသည်။ 


ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံမှ နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁)ရက်တွင် ကျရောက်သော နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံမှ နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိုလု(က်) ဘင်ဂျာ အရှီရူ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပါသည်။


လုပ်ငန်း အကောင်အထည်ဖော်ရေး မူဝါဒ၊ မဟာဗျူဟာနှင့် ကာလရှည် စီမံချက်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

စက်မှုဝန်ကြီးဌာန စက်မှုညွှန်ကြားရေး ဦးစီးဌာနမှ စွမ်းအင် အကျိုးထိရောက်စွာ သုံးစွဲရေးဆိုင်ရာ လုပ်ငန်း အကောင်အထည်ဖော်ရေး မူဝါဒ၊ မဟာဗျူဟာနှင့် ကာလရှည် စီမံချက်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ (၃၀)ရက်နေ့က နေပြည်တော်၊ သင်္ဂဟ ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါသည်။ 


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘ ပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားများ ပြုပြင်မှုများ စစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်သည် စက်တင်ဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်း (ကျောက်တန်း-ရွှေဘိုအပိုင်း)တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသော လမ်း/တံတားများအား ပြုပြင်နေမှု၊ မိုင်တိုင်အမှတ် (၈/၂) နှင့် (၈/၃) အကြားတွင် ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော လမ်းတာပေါင် ပြန်လည်ပြုပြင်နေမှု၊ မိုင်တိုင်အမှတ် (၇/၇) နှင့် (၈/၀) အကြားရှိ ပျက်စီးသွားသော ကွန်ကရစ် တံတားအား ဘေလီသံပေါင်ဖြင့် ပြုပြင်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးပြီး လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ပျက်စီးသွားသော နေရာများ အမြန်ဆုံး ပြုပြင် ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ 


Japan Education Fair 2014

ဂျပန်-မြန်မာ သံတမန် ဆက်ဆံရေး နှစ်(၆၀)ပြည့်  အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် Japan Education Fair 2014 ကို ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Exim Bank မှ ချေးငွေ ဒေါ်လာသန်း(၃၀ဝ) ထုတ်ချေးခြင်း ထပ်ဆင့် ရှင်းလင်းပွဲ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် (Exim Bank) မှ ချေးငွေ ဒေါ်လာသန်း(၃၀ဝ) ထုတ်ချေးခြင်း ထပ်ဆင့် ရှင်းလင်းပွဲကို စက်တင်ဘာလ (၂၉)ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါသည်။


အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသည့် အခြေအနေ

လွန်ခဲ့သော (၂၄)နာရီ အတွင်းက အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှ ဆုတ်ခွာခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ (၃၀)ရက်နေ့မှာ ထုတ်ပြန်ကြောင်း သိရှိရပါသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် မိန့်ခွန်းပြောကြားမည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM  ပုဂံ နှင့် သဇင် အသံလွှင့်ဌာနတို့မှ ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့၊ (၂)ရက်နေ့တို့၌ နံနက်(၇)နာရီ၊ နေ့လည်(၁၁)နာရီ၊ ညနေ(၆)နာရီနှင့် ည(၈)နာရီတို့တွင် တစ်ရက်လျှင် (၄)ကြိမ်စီ ထုတ်လွှင့် သွားမည်ဖြစ်ပါသည်။ အဆိုပါ မိန့်ခွန်း အပြည့်အစုံကို အောက်တိုဘာလ (၁)ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြသွားမည် ဖြစ်ပါသည်။ 


(၁၂)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးဖွင့်ပွဲ

(၁၂)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးဖွင့်ပွဲကို စက်တင်ဘာလ (၃၀) ရက်နေ့ နံနက်(၉)နာရီတွင် ပုဂံမြို့ရှိ (The Aureum Palace Hotel) ကျန်စစ်သားခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးကို  နံနက်(၁၁)နာရီမှာ နန်းမြင့်မျှော်စင် ဒုတိယထပ်မှာရှိ ဘုရင့်နောင်ခန်းမမှာ ဆက်လက် ကျင်းပခဲ့ပါသည်။


မန္တလေးမြို့တွင် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ (၂၉)ရက်နေ့က မန္တလေးမြို့ရှိ ခုတင်(၃၀ဝ)ဆံ့ သင်ကြားရေး  ဆေးရုံကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။


အာဖဂန်သမ္မတကျမ်းသစ္စာ ကျိန်ဆို၊ ရာထူးအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ယခုလ(၂၉)ရက်နေ့က အရှရက်ဖ်ဂါနီဟာ (၁၃)ယောက်မြောက် အာဖဂန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ရာထူးအပ်နှင်းပွဲ အခမ်းအနားကို (၂၉-၉-၁၄) ရက်နေ့က ကဘူးလ်မှာ ကျင်းပခဲ့ပါသည်။ ဂါနီဟာ ယခင်က ဘဏ္ဍာရေးဝန်ကြီးဖြစ်ပြီး သမ္မတဖြစ်လာချိန်မှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရပါသည်။ သမ္မတ ရွေးကောက်ပွဲကြောင့် (ပါရှ်တွန်)နှင့် (တာဂျစ်) တို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပေမယ့် အစိုးရအဖွဲ့အစည်းသစ် ထူထောင် လိုက်ခြင်းဖြင့် နိုင်ငံတွင်းရှိ မတူ ကွဲပြားမှုများကို အဖြေညှိ ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ အာဖဂန်နှင့် အမေရိကန်တို့အကြား လုံခြုံရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးမည် ဆိုပါက (၂၀၁၄) ခုနှစ် အကုန်တွင် အာဖဂန် နယ်မြေအတွင်းမှ နေတိုးဦးဆောင်သည့် တပ်ဖွဲ့ဝင်များ ထွက်ခွာ သွားပြီးနောက် အာဖဂန်လုံခြုံရေး တပ်ဖွဲ့များကို လေ့ကျင့် သင်ကြားပေးရန် လုံလောက်သည့် တပ်ဖွဲ့ဝင်များ ထားရှိပေးရန် အမေရိကန်မှ ခွင့်ပြုရမှာ ဖြစ်ပါသည်။ သမ္မတကာဇိုင်းသည် ၄င်းသဘောတူညီမှုကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့ပြီး ဂါနီကတော့ ယခုလကုန်မှာ လက်မှတ် ရေးထိုးဖွယ်ရှိကြောင်း သိရှိရပါသည်။

ကဘူးလ်ရှိ လေဆိပ်အနီး လုံခြုံရေး စစ်ဆေးရေးဂိတ်တွင် အသေခံ ဗုံးခွဲတိုက်မှုဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ လေဆိပ်အနီး လုံခြုံရေး စစ်ဆေးရေးဂိတ် တစ်ခုမှာ (၂၉-၉-၁၄) ရက်နေ့က အသေခံ ဗုံးခွဲတိုက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ပါသည်။ ၄င်းပေါက်ကွဲမှုဟာ သမ္မတသစ် အက်ရှရက်ဖ်ဂါနီ၏ ကျမ်းသစ္စာ ကျိန်ဆိုမှုမတိုင်ခင် မိနစ်အနည်းငယ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပါသည်။ သေဆုံးဒဏ်ရာ ရရှိသူများ ရှိသော်လည်း အရေအတွက်ကို သေချာ မပြောကြားကြောင်း သိရပါသည်။ ၄င်းတိုက်ခိုက်မှုသည် ဂါနီ၏ ရာထူးအပ်နှင်းပွဲ အခမ်းအနားအတွက် အရာရှိကြီးများ စုဝေးနေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါသည်။ ဂါနီဟာ နိုင်ငံခြားတပ်ဖွဲ့များ နိုင်ငံတွင်းမှ ထွက်ခွာရန် ပြင်ဆင်နေချိန်နှင့် တာလီဘန် လက်နက်ကိုင်များအား ဆန့်ကျင်တိုက်ခိုက်မှု ပိုမိုပြင်းထန်နေချိန်ဖြစ်သည့် အလွန်အရေးကြီးသည့် အချိန်မှာ ကာလကြာရှည်စွာ ခေါင်းဆောင်ခဲ့သည့် ဟာမစ်ကာဇိုင်းထံမှ နိုင်ငံ့တာဝန်များ လွှဲပြောင်းယူခဲ့ရကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံ အက်စထရာခန်မြို့တွင် (၄) ကြိမ်မြောက် ကက်စ်ပီယန်နိုင်ငံများ ထိပ်သီးညီလာခံ ကျင်းပ

ရုရှားနိုင်ငံ အက်စထရာခန်မြို့မှာ (၂၉-၉-၁၄) ရက်နေ့က ကျင်းပသည့် (၄)ကြိမ်မြောက် ကက်စ်ပီယန်နိုင်ငံများ ထိပ်သီးညီလာခံသို့ အဇာဘိုင်ဂျန်၊ အီရန်၊ ကာဇက်စတန်၊ ရုရှားနှင့် တာခ်မင်နစ္စတန်တို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်ဟု သိရပါသည်။ ၄င်းတို့သည် ကက်စ်ပီယန် ပင်လယ်၏ တရားဝင် အခြေအနေ အပါအဝင် အရေးအကြီးဆုံး ကိစ္စရပ်တွေကို ဆွေးနွေးရန်အတွက် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပါသည်။ ကက်စ်ပီယန် ပင်လယ်ဟာ ကမ္ဘာ့အကြီးဆုံး ကုန်းတွင်းပိုင်း ပင်လယ်ပြင်ဖြစ်ပြီး ရေနံနှင့် ဓာတ်ငွေ့ဘဏ်များ ပေါကြွယ်ဝကာ ဒေသတွင်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများဖြင့် ရှုပ်ရှက်ခက်နေပါသည်။ သမ္မတပူတင်သည် ကက်စ်ပီယန် ပင်လယ်ရှိ အတီရူမြို့တွင် ဆွေးနွေးပွဲများ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

အီရတ်တွင် စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်နေသည့် ဗြိတိန် တိုက်ဂျက်လေယာဉ် နှစ်စင်းသည် ဆိုက်ပရက်စ်ရှိ လေကြောင်း အခြေစိုက်စခန်းသို့ ပြန်လည် ရောက်ရှိ

အီရတ်နိုင်ငံမှာ စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်နေသည့် ဗြိတိန် တိုက်ဂျက်လေယာဉ် နှစ်စင်းဟာ မြေပြင်မှ ပျံတက်ပြီး လေးနာရီကြာပြီးနောက် ပြီးခဲ့သည့် (၂၈-၉-၁၄) ရက်န့က ဆိုက်ပရက်စ်ရှိ လေကြောင်း အခြေစိုက်စခန်းသို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။ သို့သော် ၄င်းတို့၏ ဆောင်ရွက်ချက် အသေးစိတ်ဖြစ်သည့် လေကြောင်း တိုက်ခိုက်မှု (သို့မဟုတ်) ထောက်လှမ်းခြင်း ဆိုသည်ကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ ရှိပါသည်။ ၄င်းတော်နေးဒိုး တိုက်ဂျက်လေယာဉ် နှစ်စင်းသည် ဆိုက်ပရက်စ်ရှိ ဗြိတိန်တော်ဝင်လေတပ် အခြေစိုက်စခန်းသို့ ဂရင်းနစ်စံတော်ချိန် (၁၅၀ဝ)ခန့်မှာ ရောက်ရှိခဲ့တာ ဖြစ်ပြီး ၄င်းနေရာမှာ အခြား ဗြိတိန် တော်နေးဒိုး တိုက်လေယာဉ် (၆)စင်းသည် ပြီးခဲ့သည့် ဩဂုတ်လ ကတည်းက စခန်းချထားခြင်း ဖြစ်ပါသည်။ 

ဆီးရီးယားမြို့ သုံးမြို့အား အမေရိကန် တပ်ဖွဲ့များမှ လေကြောင်း တိုက်ခိုက်မှု ဗီဒီယိုကို လူမှုမီဒီယာ ဝက်ဆိုဒ်တွင် တင်ထားကြောင်း

ပြီးခဲ့သည့် (၂၇-၉-၁၄) ရက်နေ့နှင့် (၂၈-၉-၁၄) ရက်နေ့များက ဆီးရီးယားမြို့ သုံးမြို့အား အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့များက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရသည့် ဗီဒီယိုကို လူမှုမီဒီယာ ဝက်ဆိုဒ်မှာ တင်ထားကြောင်း သိရပါသည်။ ၄င်းဗီဒီယို ရုပ်ပုံများမှာ အလက်ပိုရှိ အိမ်နီးချင်း ဒေသတစ်ခုတွင် အဆောက်အဦးများ ပျက်ဆီးနေပုံနှင့် (ရတ်ကာ)ဒေသမှာ အပျက်အဆီးများအောက်မှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ပြသထားပါသည်။ အခြားရုပ်ပုံတွင် (အက်ဒလစ်)ရှိ ကောင်းကင်တွင် အဝေးထိန်း ကင်းထောက် ယာဉ်ငယ်ပုံကို တွေ့မြင်ရပါသည်။ ၄င်းဗီဒီယို ရုပ်ပုံများသည် လူမှုမီဒီယာ ဝက်ဆိုဒ်မှ ဖြစ်သည့်အတွက် ရိုက်တာသတင်းဌာန အနေဖြင့် အတည်မပြုနိုင်ကြောင်း သိရပါသည်။ အိုင်အက်စ် လက်နက်ကိုင်များကို အင်အားလျော့နည်းစေရန် ဖြိုခွဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့် (၂၈-၉-၁၄) ရက်နေ့ အစောပိုင်းက (ရတ်ကာ)ပြည်နယ်ရှိ ရေနံချက်သည့် မြို့သုံးမြို့အား အမေရိကန် ဦးဆောင်သည့်အဖွဲ့က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။

ဆန်း သုတေသနစင်တာ အဆင့်မြှင့်တင်၍ စကြာဝဠာနှင့် ပတ်သတ်ပြီး ပိုမိုရှာဖွေရန် ရူပဗေဒပညာရှင်များက စတင်ဆောင်ရွက်မည်

နျူကလီးယား သုတေသနဆိုင်ရာ ဥရောပအဖွဲ့အစည်း၏ ဆန်း သုတေသနစင်တာ တည်ထောင်ခဲ့ သည်မှာ နှစ်ပေါင်း(၆၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၄င်းကို အဆင့်မြှင့်တင်ပြီးနောက် စကြာဝဠာနှင့် ပတ်သတ်ပြီး ပိုမိုရှာဖွေရန် ရူပဗေဒပညာရှင်များက စတင်ဆောင်ရွက်တော့မည် ဖြစ်ပါသည်။ ၄င်းတို့၏ မျှော်လင့်ချက်ဖြစ်သည့် ကြီးမားသည့် အမှုန်များ ထိတိုက်ခြင်း ကိရိယာဟုခေါ်သည့် (အယ်လ်အိတ်စီ) (လာ့ရှ်-ဟိုက်ဒရွန်-ကွိုင်လီဒါ) အဖြစ် ပြောင်းလဲရန် ပြင်ဆင်လျက် ရှိပါသည်။ 

ဂျပန်နိုင်ငံမှ သုတေသီများ ပိုးကောင်များအား မျိုးဗီဇ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု အောင်မြင်ခဲ့

ဂျပန်နိုင်ငံမှ သုတေသီများသည် ပိုးချည်မျှဉ်၏ အရည်အသွေးနှင့် ခိုင်ခံ့မှုကို တိုးမြှင့်ရန် သာမန်ပင့်ကူများမှ ပိုးချည်ထုတ်နိုင်သည့် ပရိုတိန်းပါဝင်သည့် မျိုးဗီဇနှင့်အတူ ပိုးချည်အိမ်ဖွဲ့သည့် ပိုးကောင်များအား မျိုးဗီဇ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု အောင်မြင်ခဲ့ကြောင်း သိရပါသည်။ ဒါဟာ စီးပွားဖြစ် ပင့်ကူချည် ထုတ်လုပ်မှု၏ မျှော်လင့်ချက်ကို မြင့်တက်စေခဲ့ပါသည်။

ဂျပန်နိုင်ငံ၏ အွန်တာကဲ မီးတောင် ပေါက်ကွဲကြောင့် လူပေါင်း(၃၀)ခန့် သေဆုံး

ဂျပန်နိုင်ငံ၏ အွန်တာကဲ မီးတောင် ရုတ်တရက် ပေါက်ကွဲမှုကြောင့် လူပေါင်း(၃၀)ခန့် သေဆုံးခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ခဲ့ရာ ရုပ်အလောင်း (၅)လောင်းကို (၂၉-၉-၁၄) ရက်နေ့က ထပ်မံရရှိခဲ့ကြောင်း ဂျပန်မီဒီယာများက ပြောပါသည်။ အဆိပ်သင့် မီးခိုးငွေ့တွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်ဆိုင်းရမလိုတောင် ဖြစ်နေပါသည်။ မီးတောင် ရုတ်တရက် ပေါက်ကွဲချိန်မှာ အပျော်တမ်း တောင်တက်သမားများ ရှိနေပြီး ကျောက်တုံးကျောက်ခဲများနှင့် ချော်ပြာများကြောင့် အနည်းဆုံး လူပေါင်း(၆၀) ဒဏ်ရာရခဲ့ပါသည်။ ၄င်းမီးတောင်ဟာ လွန်ခဲ့သည့် (၇)နှစ်ကလဲ အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

Monday, September 29, 2014

ဘာသာရေး ခေါင်းဆောင်အား သတ်ဖြတ်ခဲ့သူ နှစ်ဦးအား သေဒဏ်ပေးခဲ့ပြီး ကျန်တစ်ဦးကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်

တရုတ်နိုင်ငံ ရှင်ဂျန်ဝေဂေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ အနောက်မြောက်ဘက်ရှိ ကက်ရှ်ဂါမြို့တွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ဘာသာရေး အဆောက်အဦးမှ ဘာသာရေး ခေါင်းဆောင်အား ဇူလိုင်လ(၃၀)ရက်နေ့က သတ်ဖြတ်ခဲ့သူ နှစ်ဦးအား ဒေသတွင်း တရားရုံးမှ သေဒဏ်ပေးခဲ့ပြီး ကျန်တစ်ဦးကိုတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရပါသည်။ တရားရုံးဟာ ပြီးခဲ့သည့် (၂၈-၉-၁၄) ရက်နေ့က စတင်ကာ ၄င်းအမှုကို တရားစီရင်ခြင်း ပြုလုပ်ခဲ့ပြီး ၄င်းတို့သုံးဦးစလုံးအား နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို ပိတ်ပင်ခဲ့ပါသည်။ အဲ့ဒီ ဇူလိုင်လ(၃၀)ရက်နေ့က သတ်ဖြတ်မှုအတွင်း ဘာသာရေး ခေါင်းဆောင်နှင့် အခြားအဖွဲ့ဝင် နှစ်ဦးလဲ သေဆုံးခဲ့ကာ ယာဉ်မောင်းကတော့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံရှိ နတ်ကိုးကွယ်သူ တရုတ်လူမျိုးများ၏ သတ်သတ်လွတ်စား ပွဲတော်

ထိုင်းနိုင်ငံရှိ နတ်ကိုးကွယ်သူ တရုတ်လူမျိုး ရာပေါင်းများစွာဟာ ၄င်းတို့၏ ခန္ဓာကိုယ်နှင့် စိတ်ကို စင်ကြယ်စေသည့် အနေနှင့် နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် သတ်သတ်လွတ်စား ပွဲတော်ကို ဆင်နွှဲခဲ့ကြကြောင်း သိရပါသည်။ ၄င်းပွဲတော်ကို (၁၈၂၅)ခုနှစ် ကတည်းက စတင်ဆင်နွှဲခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်အော်ပရာ အဖွဲ့တစ်ဖွဲ့ဟာ ငှက်ဖျားရောဂါကြောင့် ဖျားနာနေစဉ် ၄င်းတို့ယုံကြည်သည့် နတ်များကို ပူဇော်သည့်အနေဖြင့် သတ်သတ်လွတ် အစားအစာကို စားပြီး ကုသခဲ့ရာမှ ယခုပွဲတော် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ပွဲတော်မှာ ပါဝင်ဆင်နွှဲသူများဟာ အဖြူရောင်ကို ဝတ်ဆင်ရမှာဖြစ်ပြီး အသားစားခြင်း အရက်သောက်ခြင်းမှလဲ ရှောင်ကျဉ်ရမှာ ဖြစ်ပါသည်။ ၄င်းပွဲတော်ကိုတော့ လာမည့်အောက်တိုဘာလ (၂)ရက်နေ့ထိ ကျင်းပမှာ ဖြစ်ကြောင်း သိရှိရပါသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့ ဆက်လက် ကျင်းပ

ပထမအကြိမ် အမျိုးသားလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့ကို စက်တင်ဘာလ(၃၀)ရက် နံနက်(၁၀)နာရီက ကျင်းပရာ ပခုက္ကူမြို့ လေယာဉ်ကွင်းဟောင်းနေရာတွင် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ဂန့်ဂေါ-ဟားခါး ၆၆ KV ဓါတ်အားလိုင်းမှ တစ်ဆင့် လမ်းမပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိ စသည်ဖြင့် မေးခွန်း(၄)ခု မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများက ပြန်လည်ဖြေကြား ခဲ့ကြပါသည်။


ဘားအံမြို့တွင် ၂၀၁၄ခုနှစ် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား/သူများ၊ ထူးချွန်သင် ဆရာ/မများ အား ဂုဏ်ပြုချီးမြှင့်

၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများထူးချွန်သင် ဆရာ၊ ဆရာမများ အောင်ချက်ကောင်းကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၂၈)ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


ပထမအကြိမ်ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့ ဆက်လက် ကျင်းပ

ပထမအကြိမ်ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့ကို စက်တင်ဘာလ(၃၀)ရက် နံနက်(၁၀)နာရီက ကျင်းပရာ အောက်မြန်မာပြည် (ဖောင်ကြီး)နှင့် အထက်မြန်မာပြည်(ဇီးပင်ကြီး)တို့ကို ဒီမိုကရေစီအရေးနှင့် ပတ်သက်သော သင်ရိုးညွှန်းတန်းများ ပြုစုပြဌာန်းရန် အစီအစဉ်ရှိ/မရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေမည့် အနာဂတ် အစီအမံများမည်သို့ ချထားသည်နှင့် အစီအမံများကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများ ကြုံတွေ့လာပါက မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း စသည်ဖြင့် မေးခွန်း(၅)ခု မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယ၀န်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။


Chelsea နည်းပြများ (U-16)အသင်းအား ဘောလုံးနည်းစနစ်များသင်ကြားပေးလျက်ရှိ

မြန်မာ့ဘောလုံးတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် Premier League ထိပ်သီးကလပ် Chelsea ဘောလုံးအကယ်ဒမီမှ နည်းပြအဖွဲ့ဝင်(၃)ဦးသည် စက်တင်ဘာလ(၂၇)ရက်နေ့မှ စ၍ သုဝဏ္ဏမြက်ခင်းတုကွင်းတွင် မြန်မာလူငယ်ဘေားလုံးသမားများကို စတင်သင်ကြားပေးလျက်ရှိရာ စက်တင်ဘာလ(၂၉)ရက်နေ့တွင်  မြန်မာ့လက်ရွေးစင် (U-16)အသင်းကို ဘောလုံးနည်းစနစ်များ သင်ကြားပေးခဲ့ပါသည်။



အားကစားသတင်း


၂၀၁၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ သင်ထောက်ကူနှင့် သုတေသနစာတမ်းပြိုင်ပွဲ ဆုရရှိသူများကြေညာ

၂၀၁၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ သင်ထောက်ကူနှင့် သုတေသနစာတမ်းပြိုင်ပွဲ ဆုရရှိသူများ စာရင်းကို သက်ဆိုင်ရာက စက်တင်ဘာလ (၂၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။


ငှက်ဖျားရောဂါတိုက်ဖျက်ရေးကဏ္ဍ နှီးနှောဖလှယ်ပွဲကျင်းပ

အာရှပစိဖိတ်ဒေသတွင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲကို စက်တင်ဘာလ (၂၉)ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပပြုလုပ်သည်။


မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် အခြေခံတိုင်းရင်းဆေး သင်တန်းဆင်းပွဲ အခမ်းအနား

မြန်မာ့တိုင်းရင်းဆေးပညာဖြင့် တစ်ကိုယ်ရေကျန်းမာရေးနှင့် မိသားစုကျန်းမာရေး အထောက်အပံ့ ဖြစ်စေရန် ပြည်သူလူထုအတွင်း တိုင်းရင်းဆေးပညာ ပိုမိုစိမ့်ဝင် ပျံ့နှံ့စေရန် တိုင်းရင်းဆေးပညာကို ပိုမိုယုံကြည်အားထား လာစေရန်နှင့် ဆေးဖက်ဝင် အပင်များ ပြုစုပျိုးထောင်ခြင်းနှင့် စောင့်ရှောက်ထိန်းသိမ်း တတ်စေရန်ရန်ရွယ်၍ မြိတ်ခရိုင် တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သော အခြေခံတိုင်းရင်း ဆေးပညာ သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၈)ရက် ညနေ (၄)နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။


ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ် ခရိုင်အဆင့် (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် အဆင့် (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၈)ရက်နေ့ နေ့လည် (၁)နာရီတွင် သီရိရတနာခန်းမဆောင်၌ ကျင်းပသည်။



ဗြောက်အိုး၊ မီးရှူးမီးပန်း၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များ ပစ်ဖောက်ခြင်း တားမြစ်ကြေညာာချက် ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်များတွင် သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင် ကာလများတွင် ဗြောက်အိုး၊ မီးရှူးမီးပန်း၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များ ပစ်ဖောက်ခြင်းကြောင့် ပြည်သူများအထိတ်တလန့် ဖြစ်စေခြင်း၊ မသမာသူများထံမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင်ပြုလုပ် လာနိုင်ခြင်းတို့ကြောင့် ဗြောက်အိုး၊ မီးရှူးမီးပန်း၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း)များ ထုတ်လုပ်ဖြန့်ဖြူး ပစ်ဖောက်ခြင်းများ မပြုလုပ်ရန်နှင့် ဖောက်ဖျက်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတိပေးကြေညာချက် ထုတ်ပြန်ထားပါသည်။


(၁၇)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသား(၃)ယောက်တွဲ ပြိုင်ပွဲ ပိုက်ကျော်ခြင်းအုပ်စု ပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ရာ ထိုင်းအသင်းအနိုင်ရရှိ


တောင်ကိုရီးယားနိုင်ငံ အင်ချွန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလျက်ရှိသည့် (၁၇)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း အမျိုးသား (၃)ယောက်တွဲ ပြိုင်ပွဲတွင် အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ စက်တင်ဘာ (၃၀)ရက်နေ့ မနက် ဒေသစံတော်ချိန် (၉)နာရီတွင် ယှဉ်ပြိုင်ကစားခဲ့ပါသည်။ ၄င်းပွဲစဉ်တွင် ထိုင်းအသင်းက မြန်မာအသင်းကို (၁၃ မှတ် ၂၁ မှတ်) မွန်းလွဲ (၂)နာရီတွင် အုပ်စုပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် စင်္ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ကြောင်း သိရှိရပါသည်။