Saturday, May 31, 2014

၂၀၁၄-၂၀၁၅ခုနှစ် ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းပွဲ



လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် နှင့်လပွတ္တာခရိုင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂ဝ၁၄-၂ဝ၁၅ ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို မေလ (၃၁)ရက်နေ့ နံနက် (၁ဝ)နာရီတွင် ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့သည်။ အစီအစဉ်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် မှ အမှာစကား ပြောကြားရာတွင် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူများရဲ့ လူမှုရေး လိုအပ်ချက်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို မိမိတို့ ဝန်ကြီးဌာန အနေနှင့် တတ်နိုင်သလောက် ကြိုးစား ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်မှ အမှာစကား ပြောကြားပြီး တက်ရောက်လာကြသော ခရိုင်များရှိ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များအား ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့မှ ထောက်ပံ့ငွေများ ပေးအပ်သည်။ အဲဒီနောက် ဂေဟာ အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့သည်။ 

မြစ်ကြီးနားမြို့ သူနာပြုဒီပလိုမာ ပထမနှစ် သင်တန်းသူများ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ



သူနာပြုသင်တန်းကျောင်း အပတ်စဉ် (၂၁) သူနာပြု ‘ဒီပလိုမာ ပထမနှစ် သင်တန်းသား/သူများနှင့် သားဖွားသင်တန်းကျောင်း အပတ်စဉ် (၂)ဘက်စုံသားဖွား သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲကို မေလ (၂၉)ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ သူနာပြု သင်တန်းကျောင်းမှာ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက သူနာပြုနှင့် သားဖွားဆရာမများသည် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွင် အခြေခံကျပြီး ကျေးလက်ပြည်သူလူထု အတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ အဓိက ကျောရိုးဖြစ်ပြီး မိမိတို့၏ အသက်မွေးဝမ်းကြောင်း အတတ်ပညာနှင့် ပတ်သက်ပြီး ပြည့်စုံစွာ တတ်ကျွမ်းခြင်း၊ ခံယူအပ်သော သဘောထား ကောင်းမွန်စေရေး လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ်ပါကြောင်း၊ ဒေသအတွင်းရှိ ပြည်သူများကို စေတနာ၊ ဝါသနာ၊ အကြင်နာ၊ ဂရုဏာ တရားတို့နှင့် တတ်စွမ်းသမျှ အလေးထား ဆောင်ရွက် လိုအပ်ပါကြောင်းဖြင့် ပြောကြားပါတယ်။ အဲဒီနောက် သားဖွား သင်တန်းကျောင်းအုပ် ဒေါ်မိုးသက်သက်မွန် က သင်တန်းသား/သင်တန်းသူများအတွက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းရခြင်းနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြပြီး အပတ်စဉ် (၂၁) သူနာပြု ဒီပလိုမာ ပထမနှစ် သင်တန်းသား/ သူ(၅၈)ဦးနှင့် အပတ်စဉ် (၂) ဘက်စုံသားဖွား ဒီပလိုမာ ပထမနှစ် သင်တန်းသူ(၅၅)ဦးတို့အား ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး၊ သူနာပြု ဦးစီးအရာရှိများ၊ သူနာပြုအုပ် နှင့် သင်တန်းကျောင်းအုပ် တို့က ဂျူတီကုတ်နှင့် ဦးဆောင်းများကို အပ်နှင်းပေးကြပြီး သင်တန်းသား/ သူများက သူနာပြု သစ္စာ အဓိဌာန် ရွတ်ဆိုကြပါတယ်။ အဲဒီနောက် ထူးချွန်စွာ အောင်မြင်သည့် သင်တန်းသူများအား ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာ ဝင်းလွင် ကဆုများပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်း လိုက်ပါတယ်။ ကချင်ပြည်နယ်တွင် သူနာပြု သင်တန်းကျောင်း (၂)ကျောင်း၊ သားဖွား သင်တန်းကျောင်း (၁) ကျောင်းရှိပြီး သူနာပြု သင်တန်းကျောင်း မြစ်ကြီးနားကို ၁၉၉၃ ခုနှစ်မှ စတင်၍ လည်းကောင်း၊ သူနာပြု သင်တန်းကျောင်း ဗန်းမော်ကို ၂ဝဝ၂ခုနှစ်မှ စ၍ လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းကျောင်း ဖွဲ့စည်းပုံများကို တိုးချဲ့ ဆောင်ရွက်လျက်ရှိရာ သားဖွား သင်တန်းကျောင်းသည် ယခင်က (၁၈)လ သင်တန်းဖြစ်ပြီး သားဖွား အောင်လက်မှတ် (ဆာတီဖီကိတ်) သာ ချီးမြှင့်ပေးနေရာမှ ၂ဝ၁၂ခုနှစ်၊ နိုဝင်ဘာလ မှစတင်ပြီး သင်တန်း (၂)နှစ် သင်တန်းအထိ တိုးမြှင့် သင်ကြားပေးကာ ဒီပလိုမာ အဆင့် ချီးမြှင့် ပေးကြောင်း သိရှိရပါသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ဖွင့်ပွဲ



ကယားပြည်နယ် လွိုင်ကော်မြို့သည် အေးချမ်း တည်ငြိမ်မှု ရလာတာနှင့်အမျှ လမ်းပန်း ဆက်သွယ်ရေးသည်လည်း ကောင်းမွန်လာသည့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှပ်နှံရန် အချက်အချာကျလာသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ လွိုင်ကော်မြို့တွင် ပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ စီဘီဘဏ် ဖွင့်လှစ်ပြီး ဖြစ်ပြီး ယခုမှာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက်မှလည်း လာရောက် ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို မေလ (၃ဝ)ရက် နံနက်က လွိုင်ကော်မြို့ မင်းစုရပ်ကွက်မှာ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ မြို့မိမြို့ဖ ဦးကျော်မိုး၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် မှ ဦးသက်လွင်ရွှေ တို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ လွိုင်ကော်မြို့တွင် လာရောက် ဖွင့်လှစ်ဖြစ်ပုံနှင့် ပတ်သက်ပြီး တာဝန်ရှိသူက ယခုလို ပြောကြားသွားသည်။ ဖွံ့ဖြိုးတိုးတက်လာနဲ့အမျှ ခေတ်မီနည်းပညာတွေလည်း ပေါ်ထွန်းလာတဲ့အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ ခေတ်မီ အီလက်ထရောနစ် ငွေထုတ်ကဒ် အသုံးပြု ငွေသား ထုတ်ယူနိုင်သော အလိုအလျောက် ငွေထုတ်စက် နဲ့ ပတ်သက်ပြီး အခုလို ပြောကြား သွားပါတယ်။ ယခုလို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ စိတ်ပါဝင်စားပြီး စီးပွားရေး လုပ်ငန်းတွေ လာရောက်အခြေချ ရင်းနှီးမြှုပ်နှံ နေကြပြီဖြစ်တာကြောင့် လူနေမှုအဆင့်အတန်း မြင့်မားလာတာနှင့်အညီ အသိပညာ ဗဟုသုတလည်း ကျယ်ပြန့်တော့မှာ ဖြစ်ပါသည်။

ဘားအံမြို့ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား


ပြည်သူအများ ကျန်းမာရန် ဆေးလိပ်၊ ဆေးရွက်ကြီး အခွန်မြှင့်တင်လို့၊ သုံးစွဲမှုကို လျော့ချဖို့ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မေလ(၃၁)ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့ လက်ရက်ကန်း သင်တန်းဆင်းပွဲနှင့် ဖွင့်ပွဲအခမ်းအနား




သမဝါယမ ဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနတို့မှ ပထမအကြိမ် လက်ရက်ကန်း သင်တန်းဆင်းပွဲ ၊ ဒုတိယအကြိမ် လက်ရက်ကန်း သင်တန်းဖွင့်ပွဲ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ အခြေခံ ရက်ကန်း သင်တန်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့သည်။

၂ဝ၁၄ ခုနှစ် ဇေယျာပညာသင်ဆုနှင့် ဦးတင်မောင် ပညာသင်ဆုများ ထောက်ပံ့ပေးအပ်ပွဲ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ မြို့တော်ခန်းမတွင် ၂ဝ၁၄ ခုနှစ်


 ဇေယျာပညာသင်ဆုနှင့် ဦးတင်မောင် ပညာသင်ဆုများ ထောက်ပံ့ပေးအပ်ပွဲကို မေလ(၂၉)ရက် မွန်းလွဲ(၁)နာရီက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားရာတွင် ဇေယျာ ပညာသင်ဆုနှင့် ဦးတင်မောင် ပညာသင်ဆု ပေးအပ်မှုကို နှစ်စဉ်ဆောင်ရွက်ခဲ့ရာ ယခုအထိ တက္ကသိုလ် ကျောင်းသား(၈၁ဝ)ရှိပြီး ဘွဲ့ရပြီးသူ (၁၄၉)ဦးရှိပြီး ဦးတင်မောင် ပညာသင်ဆု ချီးမြှင့်ခဲ့သူ (၂)ထောင့်(၃၈ဝ) ရှိပြီး ဘွဲ့ရပြီးသူ (၂၄ဝ) ရှိပြီဖြစ်ပါကြောင်း၊ ယခု ၂ဝ၁၄-၂ဝ၁၅ ပညာသင်ဆုနှင့် ဦးတင်မောင် ပညာသင်ဆုအဖြစ် တက္ကသိုလ် အသီးသီးတွင် တက်ရောက်မည့် ကျောင်းသား ကျောင်းသူ (၂၄၈)ဦးတို့ကို (၇ဝ၉.၇)သိန်း ချီးမြှင့်မှာ ဖြစ်ပါကြောင်းဖြင့် ထည့်သွင်းပြောကြား ခဲ့ပြီး ဟွန်ဒါမြန်မာ ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာက ဦးတင်မောင် ပညာသင်ဆု ပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြား ပါတယ်။ ဆက်လက်ပြီး ဇေယျာပဒေသာ ဖောင်ဒေးရှင်း နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက တက္ကသိုလ် အသီးသီးတို့တွင် တက်ရောက်ကြမည့် ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများကို ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ပြီး အလှူရှင်များက အလှူငွေများကို ပေးအပ်ကြရာ ဇေယျာပဒေသာ ဖောင်ဒေးရှင်း နာယက၊ ဥက္ကဠနှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ယြ်။ အဲဒီနောက် ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများကိုယ်စား နည်းပညာ တက္ကသိုလ် ကျောင်းသား မောင်စန်းလွင်ဦးနှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းသူ မကေခိုင်ဆွေတို့က ကျေးဇူတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ 

တနင်္သာရီတိုင်းဒေသကြီး ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား


၂ဝ၁၄ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မေလ (၃ဝ)ရက်နေ့ မနက်က တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကား ပြောကြားပြီး ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှ ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ဖတ်ကြားပါတယ်။ အဲ့ဒီနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ခန်းမအတွင်း ပြသထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီး ဆိုးကျိုးများ၏ မှတ်တမ်းတင် ဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်၏ ဇနီးသည် ကွမ်းခြံကုန်း ကျေးရွာရှိ သားဖွားခန်း စက်ရေတွင်း ဖွင့်ပွဲနှင့် ဆေးရည်စိမ် ခြင်ထောင်များ ပေးအပ်လှူဒါန်းပွဲ ကျင်းပ



ဧရာဝတီတိုင်း ဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့၏ သာပေါင်းမြို့နယ် ကွမ်းခြံကုန်းကျေးရွာရှိ သားဖွားခန်း စက်ရေတွင်းဖွင့်ပွဲနှင့် ဆေးရည်စိမ်ခြင်ထောင်များ၊ ပေးအပ်လှူဒါန်းပွဲကို မေလ(၃ဝ)ရက် မွန်းလွဲ(၁)နာရီခွဲတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ခင်ဌေးမြင့်နှင့်အဖွဲ့မှ စက်ရေတွင်းဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သားဖွားဆောင်နှင့် စက်ရေတွင်းအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ဆက်လက်ပြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက က အဖွင့်အမှာစကား ပြောကြားပါသည်။ အဲဒီနောက် မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ဦးမြင့်သိန်းဦးမှ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး ပြောကြားခဲ့ပါသည်။ ဒေသခံများကို ဆေးရည်စိမ် ခြင်ထောင်များ ပေးအပ်လှူဒါန်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။ 


မင်းတပ်မြို့နယ် သွီပန်ကျေးရွာ ရာဇမုနိမာန်အောင်မြင် ဆုတောင်းပြည့် စေတီတော် ရွှေထီးတော် တင်လှူ ပူဇော်ပွဲ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်သော ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးငွန်ဆန်းအောင်၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးနိန်နိုင်း နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေလ (၂၂)ရက်နေ့ နံနက်တွင် မင်းတပ်မြို့နယ်၊ သွီပန်း ကျေးရွာ ရာဇမုနိမာရ်အောင်မြေ ဆုတောင်းပြည့် စေတီတော် ရွှေထီးတော်တင် မင်္ဂလာ အခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် တရားနာရေစက်ချ အခမ်းအနားသို့ တက်ရောက်ပါသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက စေတီတော်ကို လှည့်လည် ပူဇော်ပြီး စွန်တောင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ နှင့် ဘုရားဒါယကာများ ဖြစ်ကြသော ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် မိသားစု ပါဝါဆဲဗင်း ကုမ္ပဏီပိုင်ရှင် ဦးဆန်နီနှင့် မိသားစုတို့က ရွှေထီးတော်ကို တင်လှူပူဇော်ပါသည်။ အဲဒီနောက် ပင့်သံဃာတော်များက ဗုဒ္ဓဘိသေက အနေကဇာတင် ကြပါသည်။ ဆက်လက်ပြီး မင်းတပ်မြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်းဆရာတော် သဒ္ဒမ္မ ဇောတိကဓဇ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ဘဒ္ဒန္တ သောဘဏ ထံမှ ငါးပါးသီလ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက ပရိတ် တရားတော်များ ချီးမြှင့်ကြကာ အလှူရှင်များမှ သံဃာတော်များအား လှူဖွယ် ဝတ္ထုများ ဆက်ကပ် လှူဒါန်း ကြပါတယ်။ အဲဒီနောက် မင်းတပ်မြို့ မြို့ဦးကျောင်းဆရာတော် မှ အနုမောဒနာ တရားချီးမြှင့်ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


ပျဉ်းမနားမြို့ မင်းဝင်တောင်ရှိ စိန္တာမုနိကျောင်းတိုက်၏ (၁၁) ကြိမ်မြောက် သံဃာအပါး (၅၄၀) ဆွမ်းလောင်းလှူပွဲ

(၁၁)ကြိမ်မြောက် သံဃာအပါး (၅၄ဝ) ဆွမ်းလောင်းလှူပွဲကြီးကို မေလ (၃၁) ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်းဝင်တောင်ရှိ စိန္တာမုနိ ကျောင်းတိုက်မှာ ကျင်းပပါသည်။ နေပြည်တော်၊ ပျဉ်းမနား ၊ လယ်ဝေး၊ တပ်ကုန်း နှင့် ဇမ္ဗူသီရိမြို့နယ်များမှ သံဃာတော်များကို အနယ်နယ် အရပ်ရပ်မှ အလှူရှင်များက လောင်းလှူကြတာ ဖြစ်ပါသည်။ ဆွမ်းလောင်းပွဲကြီးကို တစ်လတစ်ကြိမ် ကျင်းပမှာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်အားလုံး အလှူရေစက် လက်နဲ့မကွာ ရှိကြစေဖို့နဲ့ သံသရာအတွက်ပါ ရည်စူးပြုလုပ်တဲ့ ပွဲကြီးဖြစ်တယ်လို့ သိရပါသည်။ အခု ကျင်းပပြုလုပ်တဲ့ အလှူပွဲကြီးမှာ မဟာဗုဒ္ဓဝင် မိသားစုများကလည်း တတ်နိုင်သလောက် အလှူဒါန ပြုကြကြောင်းကိုလည်း အခုလို ပြောပြပါသည်။


သာသနာ့ နုဂ္ဂဟ အသင်းမှ ကြီးမှူး ကျင်းပသည့် ယဉ်ကျေး လိမ္မာ စာမေးပွဲ အောင်မြင်သူများအား ဆုချီးမြှင့်ပွဲ ကျင်းပ



အလှူရှင်များအနေနဲ့ သံဃာအပါး (၅၄ဝ)အပြင် သံဃာအပါး (၃၁ဝဝ)ကိုလည်း ဖေဖော်ဝါရီလ (၁၂)ရက်က ဆွမ်းလောင်းလှူပွဲကြီး  ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ မိဘမဲ့ကလေး (၃၁)ယောက်ကို ဝိသာခါ ပရဟိတကျောင်းမှာ အခမဲ့ ပညာသင်ကြား ပေးသွားမယ်လို့လည်း သိရပါသည်။ ယခု ကျင်းပပြုလုပ်တဲ့ သံဃာအပါး (၅၄ဝ) ဆွမ်းလောင်းလှူပွဲ အခမ်းအနားကြီးကို မနက် (၄)နာရီခွဲမှာ စတင်လောင်းလှူကြတာ ဖြစ်ပြီး နေပြည်တော်ရှိ အလှူရှင် ဝန်ထမ်း မိသားစုများနဲ့ အနယ်နယ်အရပ်ရပ်မှ ဧည့်သည်တော်များ လာရောက်လှူဒါန်းကြတယ်လို့ သိရပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟ အသင်း၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး သာသနာ့နုဂ္ဂဟ အသင်းမှ ကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာ စာမေးပွဲ အောင်မြင်သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ (၃၁)ရက်နေ့ နံနက်က ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ ဇမ္ဗူသီရိ ဗိမာန်တော်မှာ ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟ အသင်းဥက္ကဌ အဂ္ဂမဟာ သိရီ သုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေ က အဖွင့်အမှာစကား ပြောကြားပါသည်။ နိုင်ငံတော် သမ္မတ အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင်က ယဉ်ကျေးလိမ္မာ သင်တန်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြား ခဲ့ပါသည်။ အဲဒီနောက် ရန်ကုန်တိုင်း ဒေသကြီး သာသနာ့နုဂ္ဂဟ အသင်း ဥက္ကဌ မဟာသဒ္ဓမ္မ ဇောတိက ဓဇ သိရီ သုဓမ္မ မဏိ ဇောတဓရ ) ဦးကျော်ခင်မြင့် က စာမေးပွဲ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ အဲဒီနောက် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပြီး ထူချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။


ကျိုက်ပွန် ဇေတ၀န် ကမ္မဋ္ဌာန်းကျောင်း ဆရာတော်အား ဘွဲ့ တံဆိပ်တော် (၄)ဘွဲ့ရ အထိမ်းအမှတ် ဂုဏ၀ိသိဋ္ဌ ဂုဏ်ပြုပူဇော်

ကျိုက်ပွန်ဇေတဝန် ကမ္မဌာန်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဣန္ဒစက္က ဆရာတော်အား နိုင်ငံတော် အစိုးရ မှ ဆက်ကပ် ပူဇော်သည့် ဘွဲ့တံဆိပ်တော် (၄)ဘွဲ့ရ အထိမ်းအမှတ် ဂုဏဝိသိဌ ပူဇာ ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနားကို ပဲခူးမြို့ ဥဿမြို့သစ် ကျိုက်ပွန် ဇေတဝန် ကမ္မဌာန်း ကျောင်းတိုက်မှာ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဆရာတော်အား ဂုဏဝိသိဌ ဂုဏ်ပြု ပူဇော်ခြင်း အထိမ်းအမှတ် အဖြစ် အသစ် ဆောက်လုပ် လှူဒါန်းခဲ့သော တောင်ပုလု ဓမ္မဗိမာန်တော်ကြီးနှင့် စဏ္ဏ သိမ်တော်မြတ်ကြီး၊ ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး နှင့် အာရုံခံတန်ဆောင်းတို့ကို လဲ ရေစက်ချ လှူဒါန်း ပူဇော် ခဲ့ပါသည်။


၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် လပွတ္တာမြို့နယ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား



၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို လပွတ္တာမြို့နယ်၊ လပွတ္တာမြို့၊ အမှတ်(၃) ရပ်ကွက် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှင့် သပြုကုန်းကျေးရွာအုပ်စု၊ ပျဉ်ထောင်တွင်းကျေးရွာ အလယ်တန်းကျောင်းတို့တွင် မေလ (၃ဝ)ရက်နေ့က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကို က အဖွင့်အမှာစကား  ပြောကြားခဲ့ပါသည်။ အဲဒီနောက် ကျောင်းသား/ကျောင်းသူများ အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ လှူဒါန်းသော ဗလာစာအုပ် ဒါဇင် (၁ဝဝဝ)ကို ပေးအပ်ပြီး မြို့ပေါ်ရှိ စေတနာရှင်၊ လုပ်ငန်းရှင်များ၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ စာရေးကိရိယာ နှင့် အလှူငွေများ ဆက်လက် ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှုများကို တိုင်းဒေသကြီး ဝန်ကြီးက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။ အလားတူ ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့၊ ခရိုင် အမျိုးသမီးရေးရာ အဖွဲ့တို့မှ ကြီးမှူးကျင်းပ လှူဒါန်းသော ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် စာရေးစားပွဲ၊ ထိုင်ခုံ၊ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို မေလ(၃ဝ)ရက် မနက် (၉)နာရီက လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာအုပ်စု မူလတန်းကျောင်းမှာ ကျင်းပရာ ခရိုင် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့၊ ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး စာရေးစားပွဲ၊ ထိုင်ခုံ အစုံ(၃ဝ)နှင့် ဗလာစာအုပ် (၁၁)ဒါဇင်အား ပေးအပ်ခဲ့ပါသည်။ အဲဒီနောက် အလှူရှင်များက ကျောင်းသား ကျောင်းသူ (၁၃၇)ဦး အတွက် လွယ်အိတ်နှင့် ကွန်ပါဘူးများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။ အဲဒီနောက် ကျောင်းသားမိဘ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ ကျောင်းအပ်နှံရေးနေ့



'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတိုင်း ဟိုပန်မြို့နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဟိုပန်မြို့ မြသိန်းတန် ဘုန်းကြီးကျောင်းတွင် မေလ(၃ဝ)ရက်နေ့ မနက်က  ကျင်းပပြုလုပ် ခဲ့ပါသည်။ ရှေးဦးစွာ 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဲဒီနောက် 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တိုင်းဦးစီး အဖွဲ့ အဖွဲ့ဝင် ဦးသန်းလွင်က ပညာရေးအတွက် ထောက်ပံ့မှုနှင့် ပတ်သတ်ပြီး ရှင်းလင်း မှာကြားပါသည်။ ဆက်လက်ပြီး ဟိုပန် အ.ထ.က ကျောင်းအုပ် ဆရာမကြီးမှ နိုင်ငံတော် အစိုးရနှင့် 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတိုင်းတို့မှ ပေးအပ်သော ထောက်ပံ့မှုနှင့် ပတ်သတ်၍ ကျေးဇူးတင်စကား ပြောကြားပြီး ဟိုပန်မြို့နယ် အတွက် နိုင်ငံတော် အစိုးရ၏ ထောက်ပံ့ပေးအပ်သော ကျောင်းသုံး ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များ၊ ဟိုပန်မြို့နယ် ကျောင်းအသီးသီး အတွက် အလှူရှင်များ ပေးအပ်သော လှူဒါန်း ထောက်ပံ့ ပစ္စည်းများကို လက်ခံရယူ ခဲ့ကြပါသည်။ 

နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်တွင် ပြည်နယ်/တိုင်းဒေသကြီး များမှ ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများ ကွင်းဆင်းလေ့လာခြင်း

နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ စက်စက်ယို ဆည်ရေသောက်စနစ် တစ်ကွင်း တစ်စပ်တည်း ဧက (၉ဝဝ) စိုက်ခင်းရှိ ကြံ တစ်ဆစ်ချင်း ပျိုးထောင်စိုက်နည်းစနစ် အထူး စံပြကွက်တွင် ကြံပျိုးထောင်မှု လုပ်ငန်းအဆင့်ဆင့် နှင့် စိုက်ပျိုးထားရှိမှုများ လက်တွေ့ ရှင်းလင်း သရုပ်ပြခြင်း အခမ်းအနားကို မေလ (၃ဝ)ရက်နေ့ နံနက် က ကျင်းပခဲ့ပါသည်။ သရုပ်ပြပွဲမှာ ခရိုင်ဦးစီးမှူးက စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဖော်ထုတ်၍ စတင်မျိုးပွားလျက်ရှိသည့် နေပြည်တော်(၁) ကြံမျိုး နှင့် အထွက်ကောင်းမျိုး နဝဒေး (၄)အား အသုံးပြုပြီး ကြံတစ်ဆစ်ချင်း ပျိုးထောင်စိုက်နည်း စနစ်ဖြင့် စိုက်ပျိုးထားသည့် ဖြစ်ထွန်းအောင်မြင်လျှက်ရှိသော (၅)လခွဲသား ကြံစိုက်ခင်းအား ပျိုးထောင်မှုနှင့် စိုက်ပျိုးမှု လုပ်ငန်းအဆင့်ဆင့်ကို လည်းကောင်း၊ ကြံတစ်ဆစ်ချင်း ပျိုးထောင် စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းအားဖြင့် အထွက်နှုန်း သိသာစွာ တိုးတက်ရရှိပြီး ဝင်ငွေသိသာစွာ တိုးတက်ရရှိစေသဖြင့် ကြံစိုက်ပျိုးသည့် မြို့နယ်များတွင် စံပြစိုက်ခင်းများကို ယခုကဲ့သို့ ဖြစ်ထွန်းအောင်မြင် စိုက်ပျိုးရန်နဲ့ ကြံစိုက် တောင်သူများအနေဖြင့် သိပ္ပံနည်းကျ အထွက်တိုးနည်း စနစ်များအပေါ် ယုံကြည်လက်ခပြီး လက်တွေ့ စိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း ကြံအထူးအထွက် တိုးလာမယ့် အခြေအနေကို လည်းကောင်း ရှင်းလင်း ပြောကြားပါသည်။ အဲဒီနောက် လေ့လာရေး အဖွဲ့များမှ တစ်ဧကတန် (၈ဝ)နှင့် အထက်ထွက်ရှိနိုင်သည့် အထူးစံပြကွက်အတွင်း လေ့လာ ကြည့်ရှုခဲ့ပါသည်။


မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) မှ အထွေထွေရောဂါကု ဆရာဝန်များ အဖွဲ့နှင့် သက်ပိုင်စိုး ကုမ္ပဏီတို့မှ ပူးပေါင်းပြီး တုပ်ကွေးရောဂါ အကြောင်း ဆေးပညာ ဟောပြောပွဲ ကျင်းပ



မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) မှ အထွေထွေရောဂါကု ဆရာဝန်များ အဖွဲ့နှင့် သက်ပိုင်စိုး ကုမ္ပဏီတို့မှ ပူးပေါင်းပြီး (Update on flu Expert Opinion) ခေါင်းစဉ်ဖြင့် ဆေးပညာ ဟောပြောပွဲကို မေလ (၃၁)ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဒေါက်တာ ဒေါ်ခင်ရီဦး၊ ပါမောက္ခ ဒေါက်တာ ရတနာကျော် နှင့် ဒေါက်တာ ဂျိမ်း မာ့ခ် ဆင်းမားမန်း တို့မှ တုတ်ကွေးရောဂါဆိုင်ရာ ဆေးပညာ ဗဟုသုတများကို ဟောပြော ဆွေးနွေးခဲ့ကြပါသည်။


အီတလီနိုင်ငံ၏ တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်

အီတလီနိုင်ငံ၏ Jazz တေးဂီတအဖွဲ့နှင့် ဂီတမိတ် အဖွဲ့၏ တေးဂီတ ဖျော်ဖြေပွဲကို မေလ(၃ဝ)ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ဒေသဖွံ့ဖြိုးရေးအစီအစဉ်



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသအနီးမှာရှိသည့် ဒေသခံတွေ၏ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာသန်းတစ်ထောင် သုံးစွဲသွားမှာဖြစ်တယ်လို့ ကုမ္ပဏီကပြောပါသည်။ ထိုငွေထဲကနေ ဒေသခံတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းတွေအတွက် ချေးငွေတွေ ထုတ်ချေးပေး သွားမှာဖြစ်ပါ သည်။ ဒါပေမယ့် တချို့ကတော့ ဒီချေးငွေကိုလက်ခံရန် စိုးရိမ်မှုတွေရှိနေပါသည်။

ဖုန်းကဒ်များရောင်းချမည် အချိန်ကာလနှင့်ဝန်ဆောင်မှု



OREDOO (အူရီဒူး)အနေနှင့် သူတို့၏ ဖုန်းကဒ်တွေရောင်းချသွားမယ့် အချိန်ကိုယခုချိန်အထိ တရားဝင်ပြောဆိုထားခြင်း မရှိသေးပါဘူး၊ အူရီဒူး၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရော့(စ်)ကောမက်(ခ်)က အပြိုင်အဆိုင်တွေဆီမှာသူတို့၏ သတင်း အချက်အလတ်တွေ ပေါက်ကြားသွားမှာကိုမလိုချင်ဘူးလို့ပြောဆိုထားပါသည်။ ဒါပေမယ့် သူတို့၏ ဖုန်းကဒ်တွေကို တခြား အော်ပရေတာကုမ္ပဏီထက် ပိုစောပြီးရောင်းချသွားမယ်လို့တော့အသိပေးထားပါသည်။ နော်ဝေနိုင်ငံအခြေစိုက် တယ်လီ နောကတော့ လာမည့်စက်တင်ဘာလကုန်ကျရင် ဆင်းကဒ်တွေရောင်းချမယ်လို့ ပြောဆိုထားခဲ့ဖူးပါသည်။ အူရီဒူး အနေနှင့် ဆက်သွယ်ရေးတာဝါတိုင်တွေကို အလျှင်အမြန်တည်ဆောက်နေပြီး၊ ဖုန်းကဒ်စရောင်းသည့် ပထမနှစ်မှာပဲ မြန်မာနိုင်ငံ လူဦးရေ၏ (၃၀) ရာခိုင်နှုန်းကို သရီးဂျီကွန်ရက် မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေပေးအပ်သွား မှာဖြစ်တယ်လို့သိရပါသည်။ 

ရန်ကုန်မြို့လူနေတိုက်ခန်းများ၏ ဈေးကွက်အလားအလာ



ရန်ကုန်မြို့၏ရပ်ကွက်တွေထဲမှာ ဟောင်းနွမ်းနေသည့် အိမ်ပုလေးတွေကိုဖြိုဖျက်ပြီး အထပ်မြင့်တိုက်ကြီးတွေကို ဆောက် လုပ်နေကြပါပြီ။ နေရာတိုင်းမှာလိုလိုမှာတွေ့မြင်ရမှာဖြစ်ပါသည်။ ဈေးကွက်လိုအပ်ချက်အရ တိုက်ခန်းဆောက်လုပ်မှုက ပြီးခဲ သည့် ၂ နှစ်ဝန်းကျင်ကတည်းက ပိုများလာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကလည်းပြောပါသည်။ ဒီလိုများ လာ ရင် ဈေးကွက်ထဲမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို တင်ပြပေးသွားမှာဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း အရောင်းရဆုံး လက်ကိုင်ဖုန်းများစစ်တမ်း



မြန်မာနိုင်ငံမိုဘိုင်းဖုန်းအသုံးပြုသူတွေကြားထဲမှာ အရောင်းရဆုံးလက်ကိုင်ဖုန်းတွေ၏ စစ်တမ်းပေါ်ထွက်လာပါပြီ။ တရုတ် နိုင်ငံထုတ် ဟွာဝေးဖုန်းတွေက အရောင်းရဆုံးနံပါတ်တစ်ဖြစ်နေပြီး၊ တောင်ကိုးရီးယားနိုင်ငံထုတ် ဆမ်မ်ဆောင်းက ဒုတိယအရောင်းရဆုံးဖြစ်ပါသည်။ အဲဒီနောက်မှာတော့ ဆိုနီ၊ အယ်လ်ဂျီ၊ အိတ်ခ်ျတီစီနှင့် တခြားအမှတ်တံဆိပ်တွေဖြစ်ပါသည်။ ဒီစစ်တမ်းကိုတော့ ဟွာဝေးကနေ ကောက်ယူထားတာဖြစ်ပြီး၊ ဈေးနှုန်းချိုသာမှုနှင့် အသွင်အပြင်ပုံစံပေါ်မူတည်ပြီး၊ ယခုလို နံပါတ်တစ်နေရာမှာရှိနေရတာဖြစ်တယ်လို့ ဟွာဝေး၏ တာဝန်ရှိသူတစ်ယောက်က ပြောထားပါသည်။ ပြီးခဲ့သည့်နှစ် ဟွာဝေးဖုန်း အလုံးပေါင်း ၈သိန်းကျော် ရောင်းခဲ့ရတယ်လို့ပြောပါသည်။ ပြီးခဲသည့်နှစ် အတွက် မြန်မာပြည်တွင်း ဟွာဝေး ဖုန်းရောင်းချရမှု ၀င်ငွေက အမေရိကန်ဒေါ်လာသန်း ၈၀ လောက်ရှိခဲ့ပြီး၊ ယခုနှစ် အတွက်ကိုဒေါ်လာသန်း တစ်ရာကျော် လောက်ရောင်း ချဖို့မျှော် မှန်းထားတယ်လို့လည်း သူကဆက်ပြောခဲ့ပါသည်။