Wednesday, December 31, 2014

နိုင်ငံတော်သမ္မတ၏ ၂၀၁၄ ခုနှစ် နိုင်ငံတော် အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံ တင်ပြချက်ကို ဇန်နဝါရီ (၁) ရက်နေ့နှင့် (၂) ရက်နေ့တို့တွင် ထုတ်လွှင့်သွားမည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ၂၀၁၄ ခုနှစ် နိုင်ငံတော် အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံ တင်ပြချက်အား မြန်မာ့အသံ၊ မန္တလေး၊ FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုံဂံနှင့် သဇင်အသံလွှင့် ဌာနတို့မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့နှင့် (၂) ရက်နေ့တို့တွင် နံနက် (၇) နာရီ၊ နေ့လည် (၁၁) နာရီ၊ ညနေ (၆) နာရီနှင့် ည (၈) နာရီတို့တွင် တစ်ရက်လျှင် (၄) ကြိမ်စီနှင့် မြန်မာ့ရုပ်မြင်သံကြားမှ ၂၀၁၅ ခုနှစ် ဇန်နဝန်ရီလ (၁) ရက် ည (၈) နာရီ သတင်းအပြီးတွင် ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

(၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနား အကြိုလေ့ကျင့်မှုများ ဆက်လက် ဆောင်ရွက်

၂၀၁၅ ခုနှစ် (၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့ နံနက်တွင် နေပြည်တော်ရှိ ဗိုလ်ရှုခံမဏ္ဍပ်ရှေ့တွင် ဝတ်စုံပြည့် အကြိုလေ့ကျင့်မှုများကို ဆက်လက် ဆောင်ရွက်ကြပါသည်။

မြန်မာအမျိုးသမီး ကင်းထောက်များနှင့် ဂျပန်အိုဆာကာ အမျိုးသမီးကင်းထောက်များ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ စခန်းချတွေ့ဆုံပွဲ ပိတ်ပွဲ အခမ်းအနား

မြန်မာအမျိုးသမီး ကင်းထောက်များနှင့် ဂျပန်အိုဆာကာ အမျိုးသမီးကင်းထောက်များ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ စခန်းချတွေ့ဆုံပွဲ ပိတ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်စန်းရီက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး စခန်းချ ဂျပန်နှင့် မြန်မာ အမျိုးသမီး ကင်းထောက်များနှင့် အုပ်ချုပ်သူများတို့အား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပါသည်။

(၆၇) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် အထိမ်းအမှတ် မနောပွဲတော် ကျင်းပ

(၆၇) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကြီးအား ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ရှိသည့် မနောကွင်းကြီးတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၇) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ မနောပွဲတော်ကြီး ဖြစ်မြောက်ရေးအတွက် ကြိုတင်ပြင်ဆင်ခင်းကျင်းမှုများ ၈၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရှိရပါသည်။ 

(၆၃) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

(၆၃) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် (၁၀) နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ Golf အားကစား ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပပါသည်။

တောင်သာမြို့နယ် ကြက်သွန်စိုက်တောင်သူများ၏ ကြက်သွန်စိုက်ပျိုးမှု အခြေအနေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၊ နတ်စောင့် (နစောင့်) ကျေးရွာအနီးရှိ ဆင်တဲဝချောင်း အတွင်းတွင် ချောင်းအနီးတဝိုက် ကျေးရွာများမှ ကြက်သွန်စိုက်တောင်သူများ ကြက်သွန်စတင်စိုက်ပျိုး နေပြီဖြစ်ပါသည်။ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် တို့အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားကြီးများ စုစုပေါင်း (၅၀၀၀)ကျော် တက်ရောက်ကြသည့် တောင်သူလယ်သမား လူထုတွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာလ  (၃၁)ရက်နေ့ နံနက် (၈)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ အားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

မြ၀တီခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့မိမြို့ဖများနှင့် လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနှင့် မြ၀တီခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များမှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများနှင့် လူမှုရေး အဖွဲ့အစည်းများ တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၃၁)ရက်နေ့ မွန်းတည့် (၁၂)နာရီတွင် ကရင်ပြည်နယ် မြ၀တီမြို့ သောင်ရင်းခန်းမ၌ ကျင်းပခဲ့သည်။

စာကြည့်တိုက် ၀န်ဆောင်မှု လုပ်ငန်းများ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ

၂၁ ရာစု တတ်သိပညာခေတ် (Knowledge age) တွင် သတင်းအချက်အလက်များ လျင်မြန် လာမှုနှင့် နည်းပညာ တိုးတက်ပြောင်းလဲ လာမှုများကြောင့် လူထုဆက်သွယ်ရေး နည်းလမ်းများသည် ထိရောက်မှုရှိလာခဲ့ပြီး စာကြည့်တိုက်များ၏ အခန်းကဏ္ဍသည် အရေးပါလာ၍ ပြည်သူ့စာကြည့်တိုက်များတွင် စာကြည့်တိုက်နှင့် အသင်းအချက်အလက် ဆိုင်ရာ ၀န်ဆောင်မှုများကို ပေးနိုင်းခြင်းသည် ပြည်သူများအတွက် အသိပညာ၊ အတတ်ပညာ ကိုယ်ရည်ကိုယ်သွေး တက်စေရန် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန်နှင့် ဘ၀သင်ခန်းစာများ ရရှိစေရန် ပံ့ပိုးကူညီနိုင်ခြင်း နိုင်ငံတစ်နိုင်ငံတွင် စာကြည့်တိုက်လုပ်ငန်းသည် အဓိကကျသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေခြင်းတို့ကြောင့် ဒီဇင်ဘာလ (၂၉)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ အသင်းတို့ ပူးပေါင်း၍ စာကြည့်တိုက် ၀န်ဆောင်မှု လုပ်ငန်းများမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မာန်အောင်ရတနာ (၀ါးခင်းကုန်း) စေတီတော်ရှိ ၀င်းရတနာဓမ္မဗိမာန်တော် ရေစက်ချ အခမ်းအနား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မာန်အောင်ရတနာ (၀ါးခင်းကုန်း) စေတီတော်ရင်ပြင်ရှိ ၀င်းရတနာဓမ္မဗိမာန် ရေစက်ချ အခမ်းအနားကို ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ၎င်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထေရဝါဒဗုဒ္ဓသာသနာထိန်းသိမ်းစောင့်ရှောက်ရေး အသင်းကြီး၏ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

ပထမဆုံးအကြိမ် အဖြစ်ကြီးမှူးကျင်းပခဲ့သည့် ထေရဝါဒဗုဒ္ဓသာသနာထိန်းသိမ်းစောင့်ရှောက်ရေး အသင်းကြီး၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှိသည့် ပရိယတ္တိစာသင်တိုက်ပေါင်း (၂၇) ကျောင်းမှ သဃာတော် အပါး လေးထောင်ကျော်အား ဆွမ်းဆန်စိမ်း ဆက်ကပ်လှူဒါန်းပွဲကို ဒေါပုံမြို့နယ်၊ မင်းနန္ဒလမ်းတွင် တည်ရှိသည့် သာသနာ့ အလင်းရောင်ကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ကျောင်းများသို့ ကျောင်းဆောင်သစ်များ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အ.လ.က (ခွဲ) မြို့မ Steel Structure  (၂) ထပ် ကျောင်းဆောင်၊ အ.လ.က (ခွဲ) ရှားချောင်းရှိ RCC (၁) ထပ်ကျောင်းဆောင်၊ အ.မ.က ထိန်းအင်းရှိ RCC (၁) ထပ်ကျောင်းဆောင်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေ့က နေပြည်တော် လယ်ဝေးမြို့ရှိ အခြေခံပညာ အ.လ.က (ခွဲ) မြို့မကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြဝတီမြို့နယ်ရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရံပုံငွေဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြား နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲက မြဝတီမြို့၊ မဲ့ပလဲ့ ကျေးရွာအုပ်စု၊ ဇရပ်ဖြူကုန်းကျေးရွာတွင် ကျင်းပခဲ့ပါသည်။

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများအား ပလာစတာရုပ်ထုပြုလုပ်၍ ဂုဏ်ပြုမှတ်တမ်း တင်နိုင်ရန် ဖိတ်ခေါ်ခြင်း

အားကစားဝန်ကြီးဌာနအနေဖြင့် နေပြည်တော် (ဝဏ္ဏသိဒ္ဓိ)ရှိ အားကစားမော်ကွန်းတိုက်တွင် အာရှနှင့် အရှေ့တောင် အာရှ  အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၄) ခုနှင့်အထက် ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသော အားကစားသမားဟောင်းကြီးများအား ပလာစတာ ရုပ်ထုပြုလုပ်၍ အားကစား မော်ကွန်းတိုက်တွင် ဂုဏ်ပြုမှတ်တမ်းတင်ပြသနိုင်ရေးအတွက် ရပ်နီး၊ ရပ်ဝေးမှ အားကစားသမားဟောင်းကြီးများ အနေဖြင့် ယခုလက်ရှိအနေထား အတိုင်း (ရှေ့/နောက်/ဘေး-ဘယ်၊ညာ) ၄” × ၆” ဓါတ်ပုံ ၄ ပုံ နှင့်အတူ ရွှေတံဆိပ်ရရှိထားသော ခုနှစ်နှင့် ပြိုင်ပွဲအမျိုးအစားများကို ပူးတွဲပေးပို့နိုင်ရေးအတွက် အားကစားနှင့် ကယာပညာဦးစီးဌာန ကျိုက္ကဆံအားကစားကွင်း (လူထုအားကစားနှင့် ပညာပေးဌာနခွဲ) ရန်ကုန်သို့ လိပ်မူ၍ အမြန်ချောဖြင့် (၁၅၁-၁၅) ရက်နေ့ နောက်ဆုံးထား၍ မပျက်မကွက် ပေးပို့နိုင်ပါရန်နှင့် ရောက်ရှိခြင်း ရှိ/ မရှိအား သိရှိလိုပါက ဖုန်းနံပါတ် (၀၁-၄၀၀၈၉၂၊ ၀၁-၄၀၀၄၃၁) များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ်ကမ်းလွန် ရေကြောင်းသတိပေးချက်

မြန်မာရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော CHINNERY ASSETS LIMITED သည် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် AD- 1 နှင့် AD- 8 တို့တွင် တွင်းတူးဖော်ရေး လုပ်ငန်းများအား ၂၀-၁-၂၀၁၅ ရက်မှ ၃၀-၆-၂၀၁၅ ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်သည့်အတွက် လုပ်ငန်းခွင် ဧရိယာ ၄ ကီလိုမီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ၊ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထာခြင်း မရှိစေရေး ရေကြောင်း သတိပေးချက် ထုတ်ပြန်ကြေညာထားပါသည်။

နိုင်ငံတော်သမ္မတ၏ ၂၀၁၄ ခုနှစ်၊ နိုင်ငံတော်အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံ တင်ပြချက် ထုတ်လွှင့်ပေးမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ၂၀၁၄ ခုနှစ်၊ နိုင်ငံတော်အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံ တင်ပြချက်အား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံနှင့် သဇင်အသံလွှင့် ဌာနတို့မှ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နှင့် (၂) ရက်နေ့တို့တွင် နံနက် (၇) နာရီ၊ နေလယ် (၁၁) နာရီ၊ ညနေ (၆) နာရီနှင့် ည (၈) နာရီတို့တွင် တစ်ရက်လျှင် (၄) ကြိမ်စီနှင့် မြန်မာ့ရုပ်မြင်သံကြားမှ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက် ည (၈) နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပေးမည် ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတ၏ ၂၀၁၄ ခုနှစ်၊ နိုင်ငံတော်အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံ တင်ပြချက်အပြည့်အစုံကို ဇန်န၀ါရီလ (၁) ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြပေးမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အစီရင်ခံအပ်ပါသည်။

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများ ထုတ်လွှင့်ပေးမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများကို မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ ည (၁၂) နာရီနှင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ နံနက် (၇) နာရီနှင့် နံနက် (၈) နာရီ သတင်းအပြီးတို့တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အစီရင်ခံအပ်ပါသည်။

မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး စကျင်ကျောက် ဆင်းတုတော်ကြီးကို နေပြည်တော်သို့ သယ်ယူပင့်ဆောင်ရန် စီစဉ်

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီး ထုတ်လုပ်ရန်အတွက် အကြမ်းထည် ထုဆစ်မှု ပြီးစီးနေပြီဖြစ်သော စကျင်ကျောက် ဆင်းတုတော်ကြီးကို နေပြည်တော်သို့ သယ်ယူပင့်ဆောင်ရန် ပြုလုပ်နေပြီဖြစ်ပါသည်။ 

MFF Charity Cup 2015 ပြိုင်ပွဲ အကြို သတင်းစာရှင်းလင်းပွဲ

2014 Myanmar National League Champion ရတနာပုံအသင်းနှင့် 2014 MFF Ooredoo Cup Champion ဧရာဝတီ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် MFF Charity Cup 2015  ပြိုင်ပွဲ အကြို သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ (၃၀) ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် ကျင်းပခဲ့ပါသည်။

Tuesday, December 30, 2014

မလေးရှားတွင် ရေကြီးမှုကြောင့် ကီလန်တန် ပါဟန်နှင့် တယ်ရန်ဂနူးတွင် အခက်အခဲများ ရင်ဆိုင်နေရဆဲ

မလေးရှားနိုင်ငံ၏ အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားရာ နေရာများဖြစ်သည့် ကီလန်တန် ပါဟန်နှင့် တယ်ရန်ဂနူးတွင် အခက်အခဲများကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရပါသည်။ (၁၀)စုနှစ် ကျော်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် ကီလန်တန်မှာ (၉)ယောက်၊ ပါဟန်မှာ (၃)ယောက်နှင့် တယ်ရန်ဂနူးမှာ (၂)ယောက် စုစုပေါင်း (၁၄)ယောက် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း လူရာပေါင်း များစွာသည် ရေဘေးကြောင့် ၄င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရပါသည်။ လူပေါင်း (၂)သိန်းကျော်ကို ကယ်ဆယ်ထားရကြောင်း မလေးရှား အမျိုးသား သဘာဝဘေးဆိုင်ရာ လုံခြုံရေးအဖွဲ့က ပြောကြားခဲ့ပါသည်။ မိုးဟာဆက်လက် ရွာသွန်းနိုင်သေးပေမယ့် ခွာလာခရိုင်နှင့် ခိုတာ-ဘာရူရီမှာ ရေကြီးမှု လက္ခဏာများ လျော့ပါးနေပြီ ဖြစ်ပါသည်။ ရေကြီးမှုကြောင့် ကားလမ်းများ ရေနစ်မြုပ် နေသည့်အတွက် လေကြောင်းမှ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

ဗာဂျင် ဂလက်စ်တစ် ခရီးသည်တင် လေယာဉ် အဆင်းဂီယာ ပြဿနာကြောင့် လန်ဒန်ရှိ ဂတ်ဝှစ်လေဆိပ်သို့ ဆင်းသက်ခဲ့ရ

ဗာဂျင် ဂလက်စ်တစ် ခရီးသည်တင် လေယာဉ် တစ်စင်းသည် လန်ဒန်ရှိ ဂတ်ဝှစ်လေဆိပ်သို့ အဆင်းဂီယာ ပြဿနာကြောင့် (၃၁-၁၂-၁၄) ရက်နေ့က ဆင်းသက်လာ ခဲ့ရကြောင်းနှင့် ခရီးစဉ်အမှတ် ဗီအက်စ်-ဖိုးသရီး ဖြစ်ကြောင်း သိရပါသည်။ ရုပ်ပုံများအရ လေယာဉ်သည် အနည်းငယ် အခက်အခဲ ဖြစ်ပြီးမှ ဆင်းသက်နိုင်ခဲ့ခြင်း တွေ့ရပါသည်။ သိပ်မကြာခင်မှာ အရေးပေါ် ကယ်ဆယ်ရေးများ ရောက်ရှိလာ တာကိုတွေ့ရပြီး၊ ဗာဂျင်ဂလက်တစ်ကို တည်ထောင်သူ ဗြိတိန်သန်းကြွယ် သူဌေးရစ်ချတ်-ဘရန်ဆင်မှ (၅၁)ရာခိုင်နှုန်း ပိုင်ဆိုင်ကာ ကျန်(၄၉) ရာခိုင်နှုန်းကို အမေရိကန် ကယ်ရီယာ ဒဲလ်တာအဲလိုင်းစ်မှ ပိုင်ဆိုင်ကြောင်း သိရှိရပါသည်။

ပီရူးနိုင်ငံ အမေဇုန် တောတွင်း မာ့စ်ချို-ပီရို မျိုးနွယ်စုများသည် စားနပ်ရိက္ခများ တောင်းခံရန် ဒေသခံများနေထိုင်ရာသို့ ရောက်ရှိ

ပီရူးနိုင်ငံ အမေဇုန် သစ်တောဒေသရှိ ဒေသခံများ နေထိုင်ရာဘက်သို့ စုဖွဲ့နေထိုင်ကြသည့် တောတွင်း မျိုးနွယ်စုများမှ လက်နက်များ ကိုင်ဆောင်ပြီး အော်ဟစ်ကာ တဖြည်းဖြည်း နီးကပ်လာ ခဲ့သည့်အတွက် ၄င်းတို့နှင့် နီးကပ်ရာက ဒေသခံများကို ကယ်ဆယ်ခဲ့ရပြီး နောက်ပိုင်းကျမှ အဆိုပါ မာ့စ်ချို-ပီရို မျိုးနွယ်စုများသည် စားနပ်ရိက္ခများ တောင်းဆိုခံသည့်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ (ဒေသခံများ နေထိုင်ရာကို သူတို့က လက်နက်များနှင့် ရောက်လာကြသည်။ မြှားများ လှံများနှင့်မပစ်ဖို့ ပြောခဲ့ရပါသည်။ နောက်ပြီးရွာကို ဝိုင်းလိုက်ကြ ပါသည်။ ဒါနှင့်ပဲလွတ်အောင် ထွက်ပြေးလာ ခဲ့ကြရတာ ဖြစ်ပါသည်။)ဟု ဒေသခံတစ်ဦးက ပြောပါသည်။ ယခုလို တိုက်ခိုက်ဖို့ လာခြင်းသည် အရင်ကလည်း ရှိခဲ့ဖူးပြီး၊ ပြီးခဲ့သည့် မေလကလည်း အစားအစာ အတွက်နိုင်ငံခြား ခရီးသွားတစ်ဦးကို အဆိုပါ တောတွင်း မျိုးနွယ်စုများက တိုက်ခိုက်ခဲ့ ဖူးကြောင်းလဲ သိရှိရပါသည်။

အာဂျင်တီးနားတွင် အနုပညာရှင် တစ်ဦးမှ အရှည်လျားဆုံး ပန်းချီကား ရေးဆွဲ

အာဂျင်တီးနား နိုင်ငံ ဗျုနိုအေးရိစ်တွင် အနုပညာရှင် တစ်ဦးမှ အရှည်လျားဆုံး ပန်းချီကားကို ရေးဆွဲခဲ့ပြီး ပိုမိုကောင်းမွန်သည့် ရေးဆွဲမှုဖြစ်ရန် ကြိုးစားခဲ့ကြောင်း သိရပါသည်။ ယခု ပန်းချီကားသည် လက်ရှိဂင်းနက်စ် မှတ်တမ်းဝင်ထားသည့် မက္ကဆီကိုက မာဇာလ်တန်ထက် ပိုရှည်လျားပေမယ့် ဂင်းနက်စ်၏ အသိအမှတ် ပြုမှုကို မခံရသေးပါဘူး။ မာတန်ဇာ-ရီချုလို မြစ်ကမ်းတစ်လျှောက် မှာဖြစ်ပြီး စတုရန်းမီတာ (၂)ထောင်ထိ ရှိပါသည်။ ပုံများက ရေသူမများ၊ လှေများနှင့် မိသားစုပုံများ ပါဝင်ကာ၊ မြစ်ကမ်းအနီးမှာ ပုံဖော်ထားခြင်း ဖြစ်ပါသည်။ ယခုလို ကြီးမားလှသည့် ပန်းချီကားကြီးကို ပုံဖော်ခဲ့ခြင်းက မြို့အုပ်ချုပ်ရေး အဖွဲ့၏ ဒေသတွင်း ဖွံဖြိုးရေးအတွက် ရည်ရွယ်ချက်ကြောင့် ဖြစ်ကြောင်းလဲ သိရှိရပါသည်။

ပြင်သစ်ပညာရှင်တစ်ဦးမှ Wind Tree Micro-Turbine တီထွင်

လွန်ခဲ့သည့် (၁၀)စုနှစ်များ အတွင်းတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ် လုပ်ငန်းများ ဖွံဖြိုးလာ ခြင်းနှင့်အမျှ လေစွမ်းအင် ကုမ္ပဏီကြီးများ အနေနှင့် ဆွဲဆောင်မှုများ ရရှိလာစေရန် ကြိုးစားကြလျက် ရှိပါသည်။ တာဘိုင်ကြီးများ ထက်စာရင် တီထွင်မှုကနေ အောင်မြင်မှု ရလာရန် ပြင်သစ်တစ်ဦးမှ တီထွင်ခဲ့ခြင်းက Wind Tree ဟုခေါ်သည့် Micro-Turbine တစ်မျိုးပဲ ဖြစ်ပါသည်။ 

တောင်ကိုရီးယား နိုင်ငံမှ သုတေသီများ အရေပြားအတု ဖန်တီး

တောင်ကိုရီးယား နိုင်ငံမှ သုတေသီများသည် လူသား အရေပြားနှင့် ထိတွေ့မှုအာရုံ အတိုင်းခံစားနိုင်သည့် အရေပြားအတု ဖန်တီးနိုင်ခဲ့ကြောင်း သိရပါသည်။ 

သွေးဖောက် စမ်းသပ်မှုမလိုဘဲ အသက်ရူ စမ်းသပ်မှုကို အသုံးပြု၍ ဆီးချိုရောဂါရှာဖွေ ပေးနိုင်မည့် ကိရိယာ

ကမ္ဘာပေါ်ရှိ ဆီးချိုဝေဒနာရှင် အားလုံးထဲကမှ ၁၀ရာခိုင်နှုန်းသည် လူငယ်များမှာ အဖြစ်များသည့် ဆီးချိုရောဂါဟု လူသိများသည့် ဆီးချိုအမျိုးအစား (၁)ဖြစ်ပြီး ၄င်းအမျိုးအစားသည် လူငယ်များ၏ သွေးထဲရှိ သကြားဓါတ်ကို ထိန်းချုပ်ရန် လိုအပ်သည့် ပန်ကရီးရပ်စ်ထဲရှိ အင်ဆူလင် ထုတ်ပေးနေသည့် ဆဲလ်တွေဖျက်ဆီး ခံရမှုကြောင့် ဖြစ်ပွားသည့် ဆီးချိုရောဂါ ဖြစ်ပါသည်။ ဆီးချိုဝေဒနာ ရှင်များသည် အင်ဆူလင်ကို တစ်နေ့ကို သုံးလေးကြိမ် သောက်သုံးနေရပြီး သွေးထဲရှိ သကြားဓါတ်ကို ဘေးကင်းစိတ်ချရသည့် အနေအထားမှာ ထိန်းထားနိုင်ရန် အရေပြားကို ဖောက်ပြီး သွေးနမူနာကို စမ်းသပ်ရသည့် စမ်းသပ်တိုင်းတာရေး ပစ္စည်းကို အသုံးပြုပြီး စောင့်ကြည့်နေကြ ရတာလည်း ဖြစ်ပါသည်။ အင်္ဂလန်နိုင်ငံ အောက်စ့်ဖို့ဒ်မှ သိပ္ပံပညာရှင် များက နာကျင်မှုမရှိ သွေးဖောက် စမ်းသပ်မှုမလိုဘဲ ရိုးရှင်းလွယ်ကူသည့် အသက်ရူ စမ်းသပ်မှုကို အသုံးပြုပြီး အမျိုးအစား(၁) ဆီးချိုဝေဒနာရှင် ကလေးငယ်များကို လျင်မြန်စွာပဲ ရောဂါရှာဖွေ ပေးနိုင်မယ့် ကိရိယာတစ်ခုကို တီထွင်ထုတ်လုပ် ခဲ့ကြပါသည်။ သုတေသီများသည် အသက်(၇)နှစ်နှင့် (၁၈)နှစ်ကြား ကလေးငယ် (၁၁၃)ဦး၏  အသက်ရူထုတ်လိုက်သည့် နမူနာများကို စုဆောင်းပြီး လေ့လာခဲ့ ရာမှာ သွေးထဲရှိ ကီးတုန်းပမာဏ မြင့်မားလာခြင်းနှင့် ရူထုတ်လိုက်သည့် လေထဲရှိ အက်ဆီတုန်း ပမာဏ မြင့်မားလာ ခြင်းတို့ကြား အရေးပါ ထိရောက်သည့် ဆက်နွယ်မှုကို တွေ့ရှိခဲ့ကြပါသည်။ ပညာရှင်များ၏ အသစ်တီထွင် ထုတ်လုပ်လိုက်သည့် ကိရိယာသည် အက်ဆီတုန်းတွေကို ပုံရိပ်ဖမ်း တိုင်းတာနိုင်မှာ ဖြစ်ပြီး သွေးဖောက်စမ်းသပ်မှုများ လုပ်ဆောင်စရာ မလိုအပ်တော့ပဲ ပုံမှန်စစ်ဆေး နေကျအတိုင်း စမ်းသပ် တိုင်းတာနိုင်ကာ ဆီးချို အမျိုးအစား(၁)နှင့် ပတ်သက်သည့် သတိပေးချက်ကို လွယ်ကူလျင်မြန်စွာနှင့် ကြိုတင်သတိပေး လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရှိရပါသည်။

ရမည်းသင်းမြို့နယ် ကျေးရွာများတွင် ဇီဝဓာတ်ငွေ့သုံးစွဲရေး ကွင်းဆင်းဆောင်ရွက်




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား ချစ်ကြည်ရေး အစီအစဉ်အရ ကျေးလက်ဒေသများတွင် အသုံးပြုရန် ဇီဝဓာတ်ငွေ့ကန် (၃၀၀) တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအပါအ၀င် ရမည်းသင်းခရိုင်၊ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် တရုတ်ကျွမ်းကျင်သူ (၄)ဦးတို့ ပူးပေါင်းပြီး တပ်ဆင်လျက်ရှိရာ ဒီဇင်ဘာလ ၂၆ရက်နေ့အထိ နေပြည်တော်ကောင်စီ နယ်မြေတွင် (၃၅)လုံး၊ ရမည်းသင်းမြို့နယ်တွင် (၄)လုံး စုစုပေါင်း (၃၉)လုံး တပ်ဆင်အသုံးပြုနေပြီဖြစ်ပါသည်။

အရှေ့တိုင်းသတင်းဂျာနယ် မီဒီယာမိတ်ဆက်ပွဲ




အရှေ့တိုင်းသတင်းဂျာနယ် မီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ Orchid Hotel တွင် ဒီဇင်ဘာလ ၃၀ရက်နေ့က ပြုလုပ်ခဲ့ပါသည်။

နိုင်ငံတကာမြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကျင်းပ




မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး H and S Groupမှ စီစဉ်သော နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ဒီဇင်ဘာလ ၂၈ရက်နေ့က သိမ်ဖြူအားကစားခန်းမတွင် ကျင်းပခဲ့ပါသည်။

၂၀၁၅ခုနှစ်တွင် လူကြိုက်များသော အစားအစာများကို မှာယူစားသုံးနိုင်တော့မည် မြန်မာ့စာတိုက်လုပ်ငန်း ၀န်ဆောင်မှုအသစ်




မြန်မာ့စာတိုက်လုပ်ငန်း၏ Hometown Product Delivery ၀န်ဆောင်မှု လုပ်ငန်းသစ် (Value Added Service) တစ်ရပ်အနေဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ  လူကြိုက်များသော အစားအစာများဖြစ်သည့် ပဲပုတ်၊ ခေါပုတ်၊ မုန့်ညှင်းချဉ်၊ ကြက်သွန်ချဉ်၊ ဆီတို့ဟူးစသည်တို့ကိုလည်းကောင်း၊ ရန်ကုန်မှ လူကြိုက်များသော အစားအစာများဖြစ်သည့် J’donuts၊ ပုဇွန်ခြောက်၊ ငါးနီတူခြောက်၊ အာပြဲခြောက်၊ မုန့်ဟင်းခါးခြောက် စသည်တို့ကိုလည်းကောင်း ရန်ကုန်စာတိုက်ကြီး၏ ဖုန်းနံပါတ်၊ ၀၁-၃၈၀၂၅၇နှင့် တောင်ကြီး စာကြည့်တိုက်၏ ဖုန်းအမှတ် ၀၈၁-၂၁၂၁၅၀၆တို့သို့ ဆက်သွယ်မှာယူပါက လူကြီးမင်းတို့ အိမ်ဂေဟာသို့ ယနေ့ပို့ နက်ဖြန်အရောက် ပို့ဆောင်ပေးမည့် အမြန်ချောပို့စနစ်ဖြင့် ၀န်ဆောင်မှုသစ်တစ်ရပ်ကို ၁-၁-၂၀၁၅ရက်နေ့ ကြာသပတေးနေ့မှ စတင်ပြီး နှစ်သစ်ကူး ၀န်ဆောင်မှု လုပ်ငန်းသစ်တစ်ရပ်နေဖြင့် မြန်မာစာတိုက်လုပ်ငန်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။