Sunday, February 22, 2015

ကိုးကန့်သောင်းကျန်းသူအဖွဲ့ ယာယီခြေကုပ်ယူထားသော ၁၈ မိုင် လမ်းဆုံ အနီးတောင်ကုန်းများအား ရှင်းလင်းသိမ်းပိုက်




ကိုးကန့်သောင်းကျန်းသူအဖွဲ့များအနေဖြင့် လောက်ကိုင်-ကုန်းကြမ်း ကား လမ်းပေါ်ရှိ ၁၈ မိုင်လမ်းဆုံအနီး တောင်ကုန်းများအား ယာယီခြေကုပ်ယူ ၍ ဆက်သွယ်ရေးလမ်းကြောင်းအား ထိန်းချုပ်ပြတ်တောက်ထားခဲ့ရာ တပ်မတော် စစ်ကြောင်းများက လေကြောင်းပစ်ကူရယူ၍ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ရက် မွန်းလွဲပိုင်းအထိ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကာ လမ်းကြောင်းအား စိုးမိုးထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင် ကုန်းများအား သိမ်းယူနိုင်ခဲ့သည်။
ယခုအခါ လောက်ကိုင်-တာရွှေထန် ၁၈ မိုင်-ညံခွမ်း လမ်းကြောင်းအား တပ်မတော် စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းပန်း ဆက်သွယ်မှုများ ပုံမှန်ပြန်လည်ဆောင်ရွက်နိုင်သော အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီ ၂၁ ရက်တွင် နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော် စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်းသူအဖွဲ့များ သည် လောက်ကိုင်မြို့ အနီးတစ်ဝိုက်၌ ၁ ကြိမ်၊ လော်ကွာကျိုင်းအနီးတစ်ဝိုက်၌ ၁ ကြိမ်၊ လုံထန်ရွာအနီး၌ ၁ ကြိမ် ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၂ မွန်းလွဲပိုင်းအထိ ထိတွေ့တိုက်ပွဲ စုစုပေါင်း ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အထက်ပါဖြစ်စဉ်များတွင် ကိုးကန့်သောင်းကျန်းသူအဖွဲ့ထံမှ အလောင်း ၃လောင်း၊ လက်နက်ငယ်မျိုးစုံ ၇ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်း များနှင့် စိတ်ကြွရူးသွပ်ဆေးပြား အမှုန့် ၂ ဒသမ ၅ ကီလီဂရမ်ခန့်၊ အိုက်စ် ၂ ဒသမ ၅ ကီလိုဂရမ်ခန့်တို့အား သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်မှ စစ်သည် ၄ ဦး အသက်ပေးလှူခဲ့၍ အရာရှိ/စစ်သည် ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသော အရာရှိ^စစ်သည်များအား တပ်မတော် ဆေးရုံများသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် လောက်ကိုင်မှ ကွမ်းလုံသို့ ထွက်ခွာလာသော သတင်းထောက်များနှင့် တိုက်ပွဲရှောင်ပြည်သူများ တင်ဆောင်လာသည့် ကြက်ခြေနီအလံလွှင့်ထူထားသော ယာဉ်အား ပါစင်ကျော်နှင့် ချင်းရွှေဟော်ကြားတွင် ကိုးကန့်သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းက သွားရောက်တိုက်ခိုက်ရှင်းလင်း၍ ဒဏ်ရာရရှိသူများအား ကယ်ထုတ်ကာ ဒဏ်ရာရရှိသော သတင်းထောက် ၁ ဦးနှင့် ပြည်သူ ၃ ဦးအား ကွမ်းလုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူစေလျက် ရှိကြောင်းနှင့် ဆုတ်ခွာသွားသော သောင်းကျန်းသူများနောက်သို့ တပ်မတော် စစ်ကြောင်းများကလိုက်လံရှင်းလင်းလျက်ရှိကြောင်းသတင်းရရှိသည်။

No comments:

Post a Comment