Wednesday, March 4, 2015

ဂုတ်ထိပ်တံတားသို့ စင်းလုံးငှားရထားဖြင့် သွားရောက်လေ့လာနိုင်မည့် ခရီးစဉ်



မန္တလေး၊ လားရှိုးရထားလမ်းပိုင်းရှိ ဂုတ်ထိပ်တံတားသို့ စင်းလုံးငှားရထားဖြင့် သွားရောက် လေ့လာနိုင်မည့်ခရီးစဉ်တစ်ခုကို မြန်မာ့မီးရထားမှ ဖေဖေါ်ဝါရီလအတွင်း စတင်ပြေးဆွဲနေပြီဟု သိရပါသည်။ အဆိုပါ စင်းလုံးငှားရထားပြေးဆွဲသည့်ခရီးစဉ်ကို မြန်မာ့မီးရထားပိုင် RC - 110 ရထားဖြင့် ပြေးဆွဲခြင်း ဖြစ်ပါသည်။ ထိုသီးသန့်ရထားအတွက် တစ်တွဲလျှင်ထိုင်ခုံ (၂၀)ပါရှိမည်ဖြစ်ပြီး၊ နောင်ချိုဘူတာမှ နောင်ပိန်ဘူတာအထိ လမ်းခရီး (၁၆)မိုင်အတွက် ခုတ်မောင်းချိန် (၁)နာရီ (၁၅)မိနစ်ကြာမြင့်မည်ဖြစ်ပြီး၊ ဂုတ်ထိပ်တံတား၏ တစ်ဖက်တစ်ချက်စီတွင် (၁၀)မိနစ်ရပ်နား ပေးမည်ဖြစ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ခြင်းပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ထိုခရီးစဉ်သည် ဂုတ်ထိပ်တံတားသို့ သီးသန့်သွားရောက်ကြည့်ရှုလိုသော ခရီးသည်များအတွက် အဓိက ရည်ရွယ်ထားသည်ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်သည့် မန္တလေး၊ လားရှိုးရထားလမ်းပေါ်ရှိ နာမည်ကျော် ဂုတ်ထိပ်တံတားသည် အရှည်ပေနှစ်ထောင့်နှစ်ရာ့ခြောက်ဆယ် ရှိပြီး အခြားသော တံတားကြီးများ ကဲ့သို့မြစ်ချောင်းများကို ဖြတ်၍ဖောက်လုပ်ခြင်းမဟုတ်ဘဲ ပေ (၃၀ဝ)ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ခုကိုဖြတ်ကာ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ကမ္ဘာ့အံ့ဖွယ်တံတား (၁၀)စင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဂုတ်ထိပ်တံတားသည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားဖွယ် သွားရောက်လေ့လာကြသော နေရာတစ်ခု ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် စိတ်ဝင်စားဖွယ် ခရီးစဉ်များကို တိုးချဲ့ လုပ်ကိုင်ခြင်းသည်လည်း အရေးကြီးလှပါသည်။ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ဒေသအကျိုးစီးပွား၊ ဒေသတွင်းနေပြည်သူများ အကျိုးစီးပွားနှင့် နိုင်ငံ့အကျိုးစီးပွားအတွက် မီးခိုးမထွက်သော မီးခိုးတိတ်စီးပွားရေးလုပ်ငန်းဖြစ်ခြင်းကြောင့် အခုလိုခရီးစဉ်သစ်များကို တိုးချဲ့ လုပ်ဆောင်ခြင်းများသည် နိုင်ငံတော်အတွက် ဝင်ငွေမြင့်တက်စေသည့် အကြောင်းတစ်ရပ်ဖြစ်နေသည်ဟု သိရပါသည်။ 
 

No comments:

Post a Comment