Monday, January 4, 2016

ဆိပ်ကမ်းများတွင် အီးဒီအိုင်စနစ်အသုံးပြုမည်

ကုန်သွယ်ရေးကဏ္ဍတွင် ကုန်စည်ဖြန့်ဖြူးရေးအဆင်ပြေချောမွေ့စေရန်နှင့် ဆိပ်ကမ်းအုပ်ချုပ်ရေး ခေတ်မီတိုးတက်စေရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ ဆိပ်ကမ်းများတွင် အီးဒီအိုင်လို့ခေါ်သည့် အလတ်ထရစ်ဒေတာအင်တာချိန်း စနစ်အသုံးပြုဆောင်ရွက်ခြင်းကို ဂျပန်နိုင်ငံဟီတာရှီကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်သွားကြောင်း သိရပါသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းစီမံခန့်ခွဲမှုလုပ်ငန်းတွေကို ထိရောက် မြန်ဆန်စွာဆောင်ရွက်နိုင်ရန် အီးဒီအိုင်စနစ်အသုံးပြုရန်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဂျိုက်ကာ၏ အကူအညီနှင့် ပြီးခဲ့သည့် ဩဂုတ်လတွင် တင်ဒါခေါ်ယူခဲ့ရာ ဂျပန်နိုင်ငံ ဟီတာရှီကုမ္ပဏီက ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ခုနှစ်၊ မတ်လမှာ စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းစနစ်ကိုအကောင် အထည်ဖော်ဖို့အဖွဲ့ဝင် (၁၀)ယောက်ပါသည့် ပရောဂျက်အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်နေပြီဖြစ်ကာ လက်ရှိဆိပ်ကမ်းတွင် ကုန်တင်ကုန်ချနှင့် ပတ်သက်သည့် လုပ်ငန်း သင်္ဘောအဝင်အထွက်နှင့် ကုန်ပစ္စည်းတွေကို ဘယ်မှာထားမလဲဆိုခြင်းက အစ အီးဒီအိုင်စနစ်ခြင်း မြန်မြန်ဆန်ဆန်လုပ်နိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ မြန်မာ နိုင်ငံ၏ အဓိကဖြစ်သည့် ရန်ကုန်ဆိပ်ကမ်းတွင် တစ်နှစ်ကို နိုင်ငံခြားသင်္ဘော ထောင့်ငါးရာကျော်ဝင်ရောက်ဆိုက်ကပ် နေပြီး နိုင်ငံခြားနှင့် ကုန်သွယ်သည့် ကုန်ပစ္စည်း ကွန်တိန်နာအပါအဝင် တန်ပေါင်း ဆယ့်နှစ်သန်းကျော်ရှိနေပြီး ကုန်သွယ်မှုတန်ဖိုးမှာလည်း ၂၀၁၅ခုနှစ်တွင် ကုန်တင်ပို့မှု ၂ ဒသမ ၃၀ ဆနှင့် ကုန်ပစ္စည်းတင်သွင်းမှု ၂.၄၆ဆ ဖြစ်လာနိုင်ကြောင်း ဂျိုက်ကာကခန့်မှန်းထားပါသည်။


No comments:

Post a Comment