Thursday, January 7, 2016

လျှပ်စစ်မဂ္ဂါဝပ် (၂၈၀) ထုတ်လုပ်နိုင်မည့် အထက်ရဲရွာစီမံကိန်း ဆောင်ရွက်လျက်ရှိ

ရှမ်းရိုးမကို မြစ်ဖျားခံပြီး စီးဆင်းလာသောဒုဌ၀တီမြစ်သည် မန္တလေး တိုင်း ဒေသကြီး မြစ်ငယ်မြို့ အနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းစုံစီးဝင်သည်။  အဆိုပါ ဒုဌ၀တီမြစ်ပေါ် ရှိရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့၏တောင်ဘက်မိုင်(၂၀)ခန့် အကွာတွင် အထက် ရဲရွာ ရေအား လျှပ်စစ်စီမံကိန်း ကို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန တည်ဆောက်ရေး(၃)က ဆောင်ရွက်လျက်ရှိသည်။ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ ဒီဇိုင်းပုံစံရေးဆွဲခြင်းနှင့် အတိုင်ပင်ခံ လုပ်ငန်းများကို ဆွစ်ဇာလန်နိုင်ငံ၊LahmeyerStucky SA ဖြင့်ဆောင်ရွက်လျက် ရှိပြီး၂၀၁၀ခုနှစ်မှ စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင်ပြီးစီး နိုင်ရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိသည်။ ၎င်းတွင် မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်းထားသည့် International Power Generation RazelBec-IPGRB ကုမ္ပဏီမှလည်းရေသွယ် ဥမင် လိုဏ်ဖောက်လုပ်ခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းတွင် အလျား(၈၁၀)ပေ၊ အမြင့်(၃၁၈)ပေရှိ RCC ကွန်ကရစ်တမံ(Roller Compacted Concrete Dam) ပါဝင်တည်ဆောက်မည်ဖြစ်ရာမြန်မာနိုင်ငံတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်မည့် စတုတ္ထမြောက် RCCကွန်ကရစ်တမံ ဖြစ်လာမည်ဖြစ်သည်။ ၎င်းတွင် (၇၀)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်(၄)လုံးဖြင့် စုစုပေါင်း တပ်ဆင်စက်အင်အား (၂၈၀)မဂ္ဂါဝပ် တပ်ဆင်ပြီး တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ် ဓာတ်အားကီလိုဝပ်နာရီသန်းပေါင်း (၁၄၀၉) သန်းထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းဖြစ် သည်။ ၎င်းစီမံကိန်းမှထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော် ဓာတ်အား စနစ်နှင့် ချိတ်ဆက်၍ ပြည်တွင်းသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတွင် အဓိကတည်ဆောက်ရမည့် လုပ်ငန်း ကြီးများအနက် အချင်း(၃၃)ပေ၊ အလျား(၁၀၁၀)ပေရှိရေလွှဲဥမင်လိုဏ် ဖောက်လုပ်ခြင်း လုပ်ငန်းကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ယူ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။ ထို့ပြင် စီမံကိန်းလုပ်ငန်းများအနက် အဓိကကျသည့် ရေလွှဲဥမင်လိုဏ်မှတစ်ဆင့် မြစ်ရေလွှဲခြင်း လုပ်ငန်းကိုလည်း ၂၀၁၅ ခုနှစ်၊ မတ်(၉)ရက်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။  အဆိုပါ အထက်ရဲရွာစီမံကိန်းသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေးနှင့် တာဝန်ရှိသူများသည် ဇန်န၀ါရီ ၃ ရက်က သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြသည်။ ဒုဌဝတီမြစ်ပေါ်တွင် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၇၉၀)မဂ္ဂါဝပ်ကို ပထမဆုံး အကောင်ထည်ဖော်၍ တည်ဆောက်ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ယခုအထက်ရဲရွာ စီမံကိန်း (၂၈၀)မဂ္ဂါဝပ်သည်ဒုတိယမြောက် စီမံကိန်းဖြစ်သည်။ အလားတူဒုဌဝတီ မြစ်ပေါ်တွင် ဒီးဒုတ်(အနိမ့်တမံစနစ်)စီမံကိန်း(၆၆)မဂ္ဂါဝပ်၊ နမ္မတူ(သီပေါ)စီမံကိန်း (၁၀၀)မဂ္ဂါဝပ်၊ အလယ်ရဲရွာစီမံကိန်း(၇၀၀)မဂ္ဂါဝပ် စီမံကိန်း(၃)ခု စုစုပေါင်း ၈၈၆ မဂ္ဂါဝပ်အား ပဏာမ စူးစမ်းလေ့လာရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် စီမံကိန်း (၅)ခုလုံးပြီးစီး ပါကဒုဌဝတီမြစ်ပေါ်မှ လျှပ်စစ်ဓာတ်အား(၁၉၃၆)မဂ္ဂါဝပ်ကို တပ်ဆင် ထုတ် လုပ်ပေး နိုင်မည်ဖြစ်ကြောင်းသိရသည်။


No comments:

Post a Comment