ကျွန်တော်တို့ဂျပန်အသေးစားစီမံကိန်းတွေ ထောက်ပံ့ ပေးရေးကို မြန်မာနိုင်ငံမှာ စခဲ့တာကြာပါပြီ။ အထူး သဖြင့် ပညာရေး၊ လူမှုရေးကဏ္ဍတွေမှာ အများဆုံး ကူညီထောက်ပံ့ပေးဖြစ်ပါတယ်။
အခုဆိုလည်း ပြီးခဲ့တဲ့ နှစ်အတွင်းက မြန်မာနိုင်ငံတစ်ဝန်း ပျက်စီးယိုယွင်းသွား တဲ့ အခြေခံပညာကျောင်းပေါင်း ၅ဝဝ ကျော်ကို ပြန်လည် တည်ဆောက်ပေး သွားဖို့ ဂျပန်အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်တစ်ရပ် အနေဖြင့် လုပ်ဆောင် နေပါတယ်''ဟု ယနေ့မွန်းလွဲ ၂ နာရီက ဂျပန်သံရုံး၌ ကျင်းပသည့် ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးကြီး Mr. Ichiro MARUYAMA က ပြော ကြားသည်။ ဂျပန်နိုင်ငံအစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ပေးရေးအစီအစဉ်အရ ယနေ့မွန်းလွဲ၂နာရီတွင် လူသားချင်းစာနာထောက်ထားမှု အထောက်အ ပံ့အဖြစ် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ငှက်ပျောတော ကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက် လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈၅၆၁ဝ၊ မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့နယ် ထောက်ရှာပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၈၂၅၁၁ ဒေါ်လာ၊ ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ် အမှတ် (၂) အခြေခံ ပညာအလယ် တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၁၄၁၅၁၃ ဒေါ်လာ၊ ကရင် ပြည်နယ်ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းခွဲဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ဝ၅၃၁ဝ နှင့် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကျောက် အိုင်ကျေးရွာ အခြေခံပညာ မူလတန်း လွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၉ဝ၂၆ဝ အထောက်အပံ့ပေးရေးသဘောတူစာချုပ်ကို ဂျပန်သံရုံး၌ လက်မှတ်ရေး ထိုးခဲ့သည်။ အဆိုပါ စီမံကိန်း ငါးခုအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ဝ၅၂ဝ၄ ဒေါ်လာကို ထောက်ပံ့ကူညီခဲ့ခြင်းဖြစ်သည်။ ''ဖထီးတို့ ကျေးရွာမှာ အခုလိုကျေးလက် ကျန်းမာ ရေး ဆေးပေးခန်းလေး အထမြောက်တော့မယ်ဆိုတော့ အလွန်ပဲ ဝမ်းသာပါတယ်။ အရင်က ဆေးခန်းဆိုတာ မရှိခဲ့ဘူး။ ဘားအံမြို့နယ်နဲ့ ဖထီးတို့ ကျေးရွာက ၁၅ မိုင်လောက်ဝေးတာ။ ပြည်သူတွေ ကျန်းမာရေးပိုင်းဆိုင်ရာ တစ်ခုခုဖြစ်ပြီဆိုရင် ဘားအံမြို့ကိုပဲ သွားကြရတယ်။ အဲလိုမှမသွားရင် အရပ်ဘက်ဆေး ကျွမ်းကျင်တဲ့သူတွေ နဲ့ပဲ ကုကြရတာ။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ကျေးလက် ကျန်းမာရေးဆေးပေးခန်းခွဲလေးက ဖထီးတို့ ဒေသခံ ပြည်သူတွေကို ကျန်းမာရေးပိုင်းဆိုင်ရာ တော်တော် လေးအထောက် အကူဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်'' ဟု ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာမှ ဖထီး စောဝင်းရွှေက ပြောသည်။ မြန်မာနိုင်ငံအား ဂျပန်အစိုးရ၏ အသေးစားစီမံ ကိန်း ထောက်ပံ့ရေးအစီအ စဉ်တွင် အထူးသဖြင့် ကျန်းမာ ရေး၊ ပညာရေးနှင့် စိုက်ပျိုးရေးပိုင်းဆိုင်ရာ ကဏ္ဍများ တွင် အများဆုံး ပါဝင်ကူညီထောက်ပံ့လျက်ရှိကာ စီမံ ကိန်းလုပ်ငန်းများ ကူညီထောက်ပံ့ရာတွင် အသေးစား စီမံကိန်းထောက် ပံ့မှုဆိုင်ရာအရ စီမံကိန်းတစ်ခုကို အမေရိကန်ဒေါ်လာ တစ်သိန်းအောက်သို့ လျာထား သတ်မှတ်ကူညီပေးလျက်ရှိပြီး စီမံကိန်းကာလကိုလည်း ခြောက်လမှ တစ်နှစ်အတွင်း ပြီးစီးရေးအတွက်လုပ်ဆောင် နိုင်သည့် လုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကိုလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဂျပန်နိုင်ငံအစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ထောက်ရှာပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရန် အတွက် အမေရိကန်ဒေါ်လာ ၈၂၅၁၁ ဒေါ်လာ ကူညီထောက်ပံ့ပေး မှုအပေါ် ပခုက္ကူမြို့နယ် ထောက်ရှာပင်ကျေးရွာ မူလတန်း ကျောင်းအုပ်ဦးသန်းနိုင်ဦးက ''ပြီးခဲ့တဲ့နှစ်က ရေကြီးပြီး ကမ်းပါးတွေပြိုခဲ့မှုကြောင့် စာသင်ကျောင်းတွေ၊ ဘုန်းကြီး ကျောင်းတွေ ရွှေ့ခဲ့ရတယ်။ အရင်က ပျဉ်နဲ့ဆောက် ထားတဲ့ကျောင်းကလည်း ဆောက်လုပ်ခဲ့တဲ့သက်တမ်း က ကြာမြင့်ပြီဆိုတော့ တော်တော်လေးကို ပျက်စီး ယိုယွင်းနေပါတယ်။ အဲဒီလို ပျက်စီးနေလို့ ပညာရေး ဝန်ကြီးဌာနကို စာတင်တဲ့အခါ အခုလိုပဲ ဂျပန်အစိုးရဲ့ အသေးစား စီမံကိန်းတွေ ထောက်ပံ့ပေးမှုကို ရခဲ့တာပါ။ အဲဒီအတွက် ကျောင်းအုပ်တစ်ဦး အနေနဲ့ အတိုင်းမသိ ဝမ်းသာပါတယ်''ဟု ပြောကြားသည်။ ဂျပန်အစိုးရသည် မြန်မာနိုင်ငံ၌ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်အနေဖြင့် ၁၉၉၃ ခုနှစ်မှ စတင်ကာ ပညာရေးထောက်ပံ့ရေးစီမံကိန်း ၃၅၁ ခု၊ ကျန်းမာရေးစောင့်ရှောက် မှုမြှင့်တင်ရေးစီမံကိန်း ၁၉၅ ခု၊ လူမှုရေးနှင့် ပတ်ဝန်းကျင်စီမံကိန်း ၁၃၈ခု၊ အခြေခံ အဆောက်အအုံစီမံကိန်း ၃၆ ခု အခြားအမျိုးမျိုးသော စီမံကိန်း ၃၅ ခု စသည်ဖြင့် စီမံကိန်းပေါင်း ၇၅၅ ခုကို မြန်မာ-ဂျပန် ချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မာစေရန် အတွက် ရည်ရွယ်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment