Thursday, February 19, 2015

ကိုးကန့်သောင်းကျန်းသူများဥပဒေမဲ့လုပ်ရပ်များချိုးဖောက်ကျူးလွန်

ကိုးကန့်သောင်းကျန်းသူများအနေဖြင့် လောက်ကိုင်နယ်မြေအတွင်း ကြိုတင်စိမ့်ဝင်၍ ပြည်ထောင်စုနေ့မတိုင်မီလောက်ကိုင်မြို့အားသိမ်းပိုက်ထိန်းချုပ်နိုင်ရေးတိုက်ပွဲများဖန်တီးလာခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်၍ တိုက်ခိုက်မှုများပြုလုပ်ကာလောက်ကိုင်မြို့အားသိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်းတပ်မတော်က ရွပ်ရွပ်ချွံချွံတုံ့ပြန် တိုက်ခိုက်မှုများကြောင့် ၎င်းသောင်းကျန်းသူများ၏ လောက်ကိုင်မြို့အားသိမ်းပိုက်မည့် အစီအမံပျက်ပြား၍ ဆုတ်ခွာသွားခဲ့ရသည်။
၎င်းတို့ ဆုတ်ခွာသွားခဲ့သော်လည်းတိုက်ပွဲများကြောင့် တည်ငြိမ်မှုပျက်ပြားစဉ် အခွင့်ကောင်းယူ၍ တပ်ရင်းမှူးအဆင့်ရှိကော်စစ်ချီဦးဆောင်သောအင်အားစုများကို မြို့ခံအရပ်သားအသွင်ဖြင့် မြို့ပေါ်တွင် ထားရှိကာအရပ်ဝတ်ဖြင့်ပင် တပ်မတော်စစ်ကြောင်းများနှင့် တပ်ဌာနချုပ်များကိုအနီးအဝေးမှ နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ၎င်းတို့ ကြိုတင်သတင်းရယူထားပြီးဖြစ်သည့် မြို့ပေါ်ရှိချမ်းသာသောနေအိမ်၊ ဈေးဆိုင်များ၊ လူရှိသောအိမ်များကိုဓားပြဆန်ဆန် လူသတ်၍ လုယက်ခြင်း၊ လူမရှိသောအိမ်များကိုဖောက်ထွင်းယူဆောင်ခြင်းများဆောင်ရွက်လာခဲ့သည်။
ထို့အပြင် ကိုးကန့်သောင်းကျန်းသူများအနေဖြင့် လောက်ကိုင်မြို့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် အလုပ် လုပ်ကိုင်နေသောအလုပ်သမားများ၊ ကြံခုတ်လုပ်သားများနှင့် ဒေသခံပြည်သူများကိုဖမ်းဆီး၍ သေနတ်နှင့် ယူနီဖောင်းများထုတ်ပေးကာ ၎င်းတို့နှင့်စစ်တိုက်ရန် အဓမ္မခေါ်ဆောင်လျက်ရှိကြောင်း၊ မလိုက် လိုကြောင်း ငြင်းဆန်ပါကရှေ့တွင် ပစ်သတ်ပြပြီးအကြောက်တရားနှင့် စုစည်းခေါ်ဆောင်နေကြောင်း၊ လူတစ်ဦး လျှင် ယွမ် ၅၀၀ နှင့် ရာမဆေးပြား ၁ ထုပ်ပေးကာ ၎င်းသောင်းကျန်းသူအဖွဲ့များ၏ ရှေ့တန်းသို့ တင်ပြီးလောက်ကိုင်မြို့ရှိတပ်၊ ဌာနချုပ်များအားညစဉ်လာရောက်ပစ်ခတ်စေလျက်ရှိကြောင်းကိုဒေသခံ ပြည်သူများနှင့် ဖော်ထုတ်ဖမ်းဆီးရမိသူများထံမှ သိရှိရသည်။
ဒေသခံပြည်သူတို့၏ သတင်းပေးချက်အရဖေဖော်ဝါရီ ၁၄ ရက်တွင် ၎င်းတို့ခိုအောင်းလှုပ်ရှားလျက်ရှိသောလောက်ကိုင်မြို့တွင်းရှိအဆောက်အအုံအားဝင်ရောက်ရှင်းလင်းခဲ့ရာတပ်ရင်းမှူးအဆင့်ရှိကော်စစ်ချီအပါအဝင် သောင်းကျန်းသူ ၂၆ ဦးအားအသေဖမ်းဆီးရမိခဲ့ပြီးလက်နက်မျိုးစုံ ၁၀၀ ကျော်၊ ခဲယမ်းမျိုးစုံ ၈၄၇၉ တောင့်၊ လက်ပစ်ဗုံး ၁၀၈ လုံး၊ တိုက်မိုင်း ၈ လုံး၊ ဖောက်ခွဲဖျက်ဆီးရေးဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးမျိုးစုံ၊ ကျောက် စိမ်းတုံးများနှင့် အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် လည်းလောက် ကိုင်နှင့် ချင်းရွှေဟော်ကြား၌ လောက်ကိုင်မြို့နယ် မှ နေရပ်ပြန်သူများနှင့် တိုက်ပွဲရှောင်ပြည်သူများအားကူညီပို့ဆောင်ပေးသည့် ကြက်ခြေနီအမှတ်အသားထင်ရှားစွာဖော်ပြထားသောယာဉ်တန်းအားစစ်ရေးနှင့် မသက်ဆိုင် ကြောင်းသိရှိသော်လည်းလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းကြောင့် ကြက်ခြေနီတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရရှိခဲ့သည်။

တပ်မတော်အနေဖြင့် လောက်ကိုင်ဒေသတစ်ခုလုံးတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီးအပြစ်မဲ့ဒေသခံပြည် သူများထိခိုက်နစ်နာမှု မရှိစေရေးဘေးလွတ်ရာသို့ ရွှေ့ပြောင်းပို့ဆောင်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကိုဆေးကုသပေးမှု များဆောင်ရွက်ပေးခြင်း၊ လောက်ကိုင်မြို့ လုံခြုံရေးအတွက် စနစ်တကျ ကာကွယ်စောင့်ရှောက်ခြင်းများဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

No comments:

Post a Comment