ဧရာဝတီမြစ်အတွင်း
ပထမဆုံးသော ရေလမ်းအခွန်ကောက်စခန်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ဧရာဝတီမြစ်ကမ်းအနီး
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသခွဲ (၃)ရုံးအနီး၌
တွဲဖက်၍ ဧပြီလမှစတင်ပြီး ဖွင့်လှစ်ကောက်ခံနေပြီဟု သိရပါသည်။ ၎င်းရေလမ်း အခွန်ကောက်စခန်းသည် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့်
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း
ကောက်ခံရန် စီစဉ်ထားသည်ဟု သိရပါသည်။ ၎င်းရေလမ်းအခွန်ကောက်စခန်းမှ ရရှိလာသည့် အခွန်ငွေများကို
ရေလမ်းကြောင်းများတွင် ရေယာဉ်များ အဆင်ပြေချောမွေ့စွာ ခုတ်မောင်းသွားလာနိုင်ရန် မြစ်ချောင်းများ
ပြုပြင်ထိန်းသိမ်းရာတွင် ပြန်လည်အသုံးပြုသွားမည် ဖြစ်သည်ဟု သိရပါသည်။ ၄င်းအပြင် ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်များအတွင်း၌
ရေလမ်းအကောက်စခန်း (၁၀)ခုအထိ ဖွင့်လှစ်သွားရန် အစီအစဉ်ရှိပြီး အဆိုပါအကောက်စခန်းများကို
ဧရာဝတီမြစ်အတွင်း၌ ပြည်၊ ဟင်္သာတ၊ မကွေး၊ မန္တလေး၊ ပခုက္ကူ၊ ကသာနှင့် ဗန်းမော်မြို့တို့၌လည်းကောင်း၊
ချင်းတွင်းမြစ်အတွင်း၌ မုံရွာ၊ ကလေးဝနှင့် ဟုမ္မလင်းမြို့တို့၌လည်းကောင်း အသီးသီးဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု
သိရပါသည်။
No comments:
Post a Comment