Saturday, August 30, 2014

ဓနုစာပေယဉ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




ဓနု စာပေယဉ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ (၃၀)ရက်နေ့က တောင်ကြီးမြို့ နဝရတ် ခန်းမ၌ ကျင်းပရာ နောင်ချိုမြို့နယ် ဓနုစာပေ ယဉ်ကျေးမှုအသင်းမှ ဦးစိန်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ကျော်လွင်ထွန်းနဲ့ အသင်းချုပ် ဘဏ္ဍာရေးမှူးတို့က (၆) လပတ် အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများ တင်ပြခြင်း၊ ကျောက်မဲ၊ ကလော၊ တောင်ကြီးမြို့နယ်များမှ၊ အသင်းဝင်များက ဓနုစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်မျာကို ဖတ်ကြား တင်သွင်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် အသင်းချုပ် ဓနုစာပေ ရေးရာ တာဝန်ခံမှ အသက်(၃)နှစ်မှ (၅)နှစ်ကြား မူကြို ကလေးများအား တိုင်းရင်းသား ဘာသာဖြင့် သင်ကြားရေး လုပ်ဆောင်ချက်များကို တင်ပြဆွေးနွေး ခဲ့ပါတယ်။ အဲဒီနောက် အသင်းချုပ် ဥက္ကဋ္ဌမှ အသင်းချုပ်၏ ရှေ့လုပ်ငန်းစဉ်များကို တင်ပြ ဆွေးနွေး ဆုံးဖြတ်ချက် ရယူခြင်း၊ ပင်းတယမြို့တွင် မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကော်မရှင်မှ ညှိနှိုင်းဆွေးနွေး ပြင်ဆင် ဖြည့်စွက်ခဲ့သော အသင်းချုပ်၏ အခြေခံမူကြမ်းကို အသင်းချုပ် အမှုဆောင် အဖွဲ့မှ ဦးဆောင်၍ ဆွေးနွေးခြင်း၊ အသင်းချုပ်၏ ရှေ့လုပ်ငန်းစဉ် (ဒုတိယ) အပိုင်းကို ဆွေးနွေး အတည်ပြုချက် ရယူခြင်း၊ ဓနုစာပေနှင့် ယဉ်ကျေးမှု အသင်းချုပ် မှတ်ပုံတင်ရေး ကိစ္စဆွေးနွေးခြင်း၊ ဓနုအမျိုးသား ညီလာခံ ကျင်းပနိုင်ရေး အတွက် ညှိနှိုင်း ဆွေးနွေးခြင်းနှင့် ဒုတိယ(၆)လပတ် ကျင်းပမည့် နေ့ရက်၊ နေရာ၊ သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

No comments:

Post a Comment