Wednesday, April 2, 2014

ရမည်းသင်းမြို့ သီလဝခန်းမ အသစ်တည်ဆောက်မည့် ပန္နက်တင် မင်္ဂလာအခမ်းအနား တက်ရောက်



ရမည်းသင်းမြို့ သီလဝခန်းမ အသစ်တည်ဆောက်မည့် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဧပြီလ (၂)ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပရာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တက်ရောက်ပြီး တာဝန်ရှိသူများနှင့် အတူ ပန္နက်တင်ပေးသည်။ ထို့နောက် ရမည်းသင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးသောင်းလွင်က သီလဝခန်းမ တည်ဆောက်ရေးအတွက် စီမံချက် ရေးဆွဲ၍ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများ ပါဝင်သည့် တည်ဆောက် ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီကို စနစ်တကျဖွဲ့စည်းခဲ့ပါကြောင်း၊ မူလခန်းမ(အဟောင်း) ဖျက်သိမ်းရောင်းချရေးနှင့် ခန်းမ(အသစ်) တည်ဆောက် ရေးတင်ဒါများကို နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ခေါ်ယူခဲ့ပါကြောင်း၊ သီလဝခန်းမ အဟောင်း ဖျက်သိမ်း ရောင်းချရာတွင် ဈေးအများဆုံးပေးသည့် ကုမ္ပဏီအား တင်ဒါချထားပေး ခဲ့ပါကြောင်း၊ ခန်းမအသစ် တည်ဆောက်ရေး လုပ်ငန်းအတွက် ကုမ္ပဏီငါးခုမှ တင်ဒါတင်သွင်းခဲ့ပါကြောင်း၊ တင်ဒါ တွက်ချက်စစ်ဆေးမှုများကို အဆင့်ဆင့် တင်ပြစိစစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြု ချက်ရယူ၍ တင်ဒါချထားပေးကာ ပွင့်လင်းမြင်သာစွာဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မြို့နယ်အတွက် အမှန်တကယ်လိုအပ်သည့် အဆောက်အအုံတစ်ခု ဖြစ်သည့်အတွက် မြို့ကျက်သရေဆောင် အဆောက်အအုံတစ်ခုဖြစ်ရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှုရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းနှင့် ကုန်ကျစရိတ်ကိုလည်း အများသိရှိအောင် အသိပေးထုတ်ပြန် သွားရန် လိုအပ်သကဲ့သို့ လုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များကလည်း စနစ်တကျစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အများ အတွက် ဆောင်ရွက်ရသည့် လုပ်ငန်း ဖြစ်သည့်အတွက် တာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက် သွားရမည့်အပြင် လာရောက်လေ့လာ ကြသူများအား အချိန်မရွေး ရှင်းလင်းနိုင်ရမည်ဖြစ်ကြောင်း၊ ပြည်သူ များအတွက် အားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း မှာကြားသည်။ ယင်းနောက် သီလဝခန်းမ အဆောက်အအုံအသစ် တည်ဆောက် ရေးအတွက် အလှူငွေများကို သက်ဆိုင်ရာ ဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။ တည်ဆောက်သွားမည် ရမည်းသင်းမြို့ သီလဝခန်းမကို လူ ၈၀ဝ ဆံ့ R.C Steel Structure တစ်ထပ်အဆောက်အအုံအဖြစ် ငွေ ကျပ်သိန်း ၂၂၈၁ သိန်း အကုန် အကျခံ တည်ဆောက်သွားမည် ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်း ကုန်ကျငွေများကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၀၊ ရမည်းသင်းခရိုင် ဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ်သိန်း ၃၀ဝ၊ မြို့နယ်စည်ပင်သာယာရေး ရန်ပုံငွေမှ ငွေကျပ် ၄၈၁ သိန်း၊ ခန်းမအဟောင်းနှင့် ဈေးဆိုင်ခန်းများ ရောင်းချရငွေ ကျပ်သိန်း ၅၀ဝ ဖြင့် ၁၀ လအတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုနီ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးနှင့် ဦးဇော်ဝင်း၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးကျော်မြင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက် အကူပြုအဖွဲ့နှင့် စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

No comments:

Post a Comment