Saturday, January 31, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အယုဒ္ဓယမြို့ စက်မှုဇုန်သို့ သွားရောက် ကြည့်ရှုလေ့လာ

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် Four Seasons Hotel မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ ဒေသ စံတော်ချိန် နံနက်(၉) နာရီခွဲတွင် အယုဒ္ဓယမြို့ Rojana Industrial Park သို့ရောက်ရှိကြသည်။ ထို့နောက် စက်မှုဇုန် အရောင်းမြှင့်တင်ရေး ရုံးခန်းမ၌ Rojana Industrial Park မန်နေဂျင်း ဒါရိုက်တာ မစ္စတာ ဂျေလပွန် ၀ီနစ်ဗွက်က စက်မှုဇုန် အကျယ်အ၀န်း၊ မြေအသုံးချမှု အခြေအနေ၊ စက်မှုဇုန် စတင် တည်ထောင်သည့် ခုနှစ်၊ မြေပိုင်ဆိုင်မှု အမျိုးအစား၊ အလုပ်သမား ဦးရေ၊ စက်မှုဇုန်၌ ထုတ်လုပ်လျက် ရှိသည့် ပစ္စည်း အမျိုးအစားများ၊ အခြေခံ အဆောက်အအုံ တည်ဆောက် ထားရှိမှု၊ ကုန်ပစ္စည်း ပို့ဆောင် လမ်းကြောင်း၊ ဇုန်ထိန်းသိမ်းမှု ကုန်ကျစရိတ်၊ ဈေးကွက် ဖြန့်ဖြူးမှု အခြေအနေ၊ ရင်းနှီး မြှုပ်နှံနေသည့် နိုင်ငံများ၊ ရေဆိုး သန့်စင်ပေးနေမှု၊ လူနေမှု အတွက် လိုအပ်ချက်များ ဖြည့်ဆည်း ပေးထားမှု၊ ဇုန်အတွင်း လျှပ်စစ် ဓာတ်အား၊ သဘာဝ ဓာတ်ငွေ့နှင့် ရေအလုံအလောက် ရရှိစေရေး ဆောင်ရွက် ပေးထားမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေးကြပါသည်။ ဆက်လက်၍ ဒုတိယ သမ္မတနှင့် အဖွဲ့သည် Rojana Industrial Park အတွင်းရှိ အသေးစား၊ အလတ်စား စက်ရုံများ တည်ဆောက် ထားရှိမှုနှင့် စက်ရုံများသို့ ဓာတ်အား ပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြသည်။ အဆိုပါ စက်မှုဇုန်ကို ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ပြီး မြေဧက (၁၅၀၀၀) ကျယ်ဝန်းကာ အလုပ်သမား ဦးရေ (၁၂၀၀၀၀) အလုပ် ပေးထားနိုင်ကြောင်း သိရသည်။ စက်မှုဇုန်တွင် ကားပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း အမျိုးမျိုး နှင့် စားသောက်ကုန် များကိုလည်း ထုတ်လုပ်လျက် ရှိပြီး စက်မှုဇုန် အတွင်း လျှပ်စစ်မီး၊ ရေ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ အိမ်ရာ၊ ဘဏ်၊ စားသောက်ဆိုင်များ၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ ထည့်သွင်း တည်ဆောက် ပေးထားကြောင်း သိရပါသည်။ ယင်းနောက် ဒုတိယ သမ္မတနှင့်အဖွဲ့သည် Panasonic Electric Works (Ayutthaya) Co,Ltd သို့ ရောက်ရှိကြရာ ဒါရိုက်တာ မစ္စတာ တာကူဂျီ ဆာဝါးဒါက စက်ရုံထုတ် ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးနေမှု အခြေအနေကို ရှင်းလင်း တင်ပြပြီး စက်ရုံ အတွင်း လျှပ်စစ် ပစ္စည်းများ ထုတ်လုပ်နေမှုကို လိုက်လံ ရှင်းလင်းပြသပါသည်။ ဆက်လက်၍ ဒုတိယ သမ္မတနှင့် အဖွဲ့သည် F&N Dairies (Thai Land)Co,Ltd သို့ ရောက်ရှိကြရာ ကုန်ထုတ်လုပ်ရေး ဌာနမှူး မစ္စတာ ၀ါဒါဒီ ပတ်ပီတက်က နို့အချောထွက် ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေမှုတို့ကို ရှင်းလင်း တင်ပြပြီး စက်ရုံအတွင်း လိုက်လံ ရှင်းလင်း ပြသပါသည်။ ထို့နောက် ဒုတိယ သမ္မတနှင့်အဖွဲသည့် KHAO C.P C0,Ltd ဆန်အရည်အသွေးမြင့် စက်ရုံသို့ရောက်ရှိကြရာ စက်ရုံ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဆူရာချိုင်း ချိုင်ချက်န စီတီကန်က အရည်အသွေးမြင့် ဆန်တင်ပို့ ရောင်းချနိုင်ရန် အဆင့်ဆင့် ဆောင်ရွက် နေမှုများကို ရှင်းလင်းပြသပြီး စက်ရုံအတွင်း လိုက်လံ ရှင်းလင်းပြသသည်။ အဆိုပါ အရည်အသွေးမြင့် ဆန်စက်ကို ၂၀၁၁ ခုနှစ်က တည်ဆောက် ထားပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၁ သန်း ၅ သိန်းကျော် အရည်အသွေး မြှင့်ပေးနိုင်ကြောင်း သိရပါသည်။ ထို့နောက် ဒုတိယ သမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် ည(၇)နာရီ မိနစ် (၂၀)တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်မှ မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြပါသည်။ ဒုတိယသမ္မတနှင့် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။ ဒုတိယ သမ္မတနှင့်အတူ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယ ၀န်ကြီးများနှင့် တာဝန်ရှိသူများလည်း ပြန်လည် လိုက်ပါလာကြပါသည်။

ပန်းလှိုင် မြစ်ကြောင်း ပြန်လည် တူးဖော်ရေး စီမံကိန်း လုပ်ငန်းများအား မိုးမကျမီ ပြီးစီးရေး ဆောင်ရွက်လျက်ရှိ

ဇန်န၀ါရီလ (၃၁) ရက် မနက် (၁၁) နာရီက လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ၊ ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း လိုက်ပါလျက် စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ဆည်မြောင်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ပန်းလှိုင် မြစ်ကြောင်း ပြန်လည် တူးဖော်ခြင်း လုပ်ငန်းပြ မြေပုံဖြင့် မြစ်ကြောင်း တစ်လျှောက် စက်ယန္တရား အင်အားဖြန့်ခွဲပြီး အကောင် အထည်ဖော်ပြီးစီးမှု အခြေအနေနှင့် အချိန်မှီ အချိန်ကိုက် ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နေမှု ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အား ပေါင်းစည်း ဆက်စပ်နေသော မြစ်ကြောင်း စီမံကိန်းအား ဘက်စုံ ၊ အကျိုး ဖြစ်ထွန်းစေရန် မြစ်ကြောင်းအား ပြန်လည် တူးဖော်ခြင်း လုပ်ငန်းနှင့် တချိန်တည်း တပြိုင်တည်း ပန်းလှိုင်မြစ်နှင့် က္ကိုဝမြစ်တို့ ပေါင်းဆုံရာ မြစ်ဝနေရာနှင့် ပန်းလှိုင်မြစ်နှင့် လှိုင်မြစ်တို့ ပေါင်းဆုံရာ မြစ်ဝနေရာများ၌ ရေထိန်းတံခါး အခိုင်အမာတပ်ဆင် တည်ဆောက်ရန် လိုအပ်သော လုပ်ငန်းများကို နယ်သာလန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ အထောက်အပံ့ဖြင့် ဒီဇိုင်းပုံစံ ရေးဆွဲခြင်း ၊ လုပ်ငန်း အကောင် အထည်ဖော်ခြင်းနှင့် အကြိုလေ့လာ စူးစမ်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပါသည်။ တင်ပြချက် အပေါ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က နိုင်ငံတော် သမ္မတ၏ လမ်းညွှန် ချက်နှင့်အညီ ရေရှည် တည်တံ့ခိုင်မြဲသော အကျိုးရလဒ်များကို ဒေသနေ ပြည်သူလူထုတို့ ရရှိ ခံစားနိုင်ရေးကို အချိန်မှီ အချိန်ကိုက် ဆောင်ရွက်ရန် လုပ်ငန်းများနှင့် နိုင်ငံတကာ အထောက်အပံ့ အကူအညီများ ၊ ပညာရှင်များအားကို ရယူ၍ လုပ်ဆောင်ရန် ရှိသော လုပ်ငန်းများကို ဟန်ချက် ညီစွာဖြင့် စီမံချက်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနိမ့်ပျံလေယာဉ် ကာရာဗန် အမျိုးအစား XY-AJK ဖြင့် မင်္ဂလာဒုံလေဆိပ်မှ လှိုင်မြစ်ဝမှ က္ကိုဝမြစ်ဝအထိ အရှည် (၃၄.၅)မိုင် ၊ အကျယ် (၁၅၀) ပေ၊ အနက် (၁၈)ပေ ရှိသော ပန်းလှိုင် မြစ်ကြောင်း တစ်လျှောက် မြစ်ကြောင်း ပြန်လည် တူးဖော်ခြင်း လုပ်ငန်းကို စက်ယန္တရား ကြီးများဖြင့် ဖြန့်ခွဲ ဆောင်ရွက်နေမှုများကို အသေးစိတ် မှတ်တမ်းတင် ရိုက်ကူးခြင်း၊ လေကြောင်းမှ တွေ့ရှိချက်များ အပေါ် လုပ်ငန်းတိုးတက် အကောင် အထည်ဖော်နေမှုနှင့် အချိန်ကိုက် ပြီးစီးရေး အတွက် ဖြည့်တင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြေပြင် တူးဖော်ခြင်းလုပ်ငန်းများ မြေစာများအား လမ်းခင်းခြင်းများကို လည်းကောင်း ၊ ပန်းလှိုင် မြစ်ကူး တံတားမှ မြစ်ကြောင်းတစ်လျှောက် တူးဖော်ပြီးစီးမှု အခြေအနေများကို အသေးစိတ် ကြည့်ရှု စစ်ဆေးပါသည်။ ဤစီမံကိန်း ပြီးစီးပါက ပန်းလှိုင် မြစ်ကြောင်း ဝဲ/ယာ တလျှောက် လယ်မြေဧက (၁၂၀၀၀၀) အား ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ခြင်း မိုးစပါး ၊ နွေစပါး အောင်မြင်စွာ စိုက်ပျိုးရန် လုံလောက်သော ရေချိုများ ထိန်းသိမ်း ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ TAK Border Trade Fair 2015 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၉ရက်နေ့ ဒေသစံတော်ချိန် နံနက်(၁၀)နာရီ မိနစ် (၅၀)တွင် ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ လေယာဉ်ဖြင့် ရောက်ရှိကြသည်။ ညနေ (၃)နာရီတွင် မဲဆောက်မြို့ Centara MAE SOT Hill Resort ဟိုတယ်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်းတို့မှ ကြီးမှူး ကျင်းပသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အကြား လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ပါသည်။ အခမ်းအနား၌ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက မဲဆောက်၊ မြဝတီ မြို့နှစ်မြို့ကို ညီအစ်မမြို့(Sister City) ဖြစ်မြောက်ရေး ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၁၅ ခုနှစ် ဇူလိုင်လ၌ အာရှလမ်းသစ် မြဝတီ- ကော့ကရိတ် ကားလမ်းသစ် ဖွင့်လှစ်မည့် အခြေအနေ၊ မဲဆောက်- မြဝတီနှစ်နိုင်ငံ ချစ်ကြည်ရေး ဒုတိယ တံတားသစ် ဆောင်ရွက်မှု အခြေအနေ၊ နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပူပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ Mr. Somkiet Anuras က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားပါသည်။
ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (၃)ခုကို လက်မှတ် ရေးထိုးခဲ့ ကြရာ Thailand-Myanmar Business Meeting 2015 Joint Statement ကို ထိုင်း ကုန်သည်ကြီးများ အသင်းနှင့်UMFCCI မှ တွဲဖက် အထွေထွေ အတွင်းရေးမှူးတို့က လည်းကောင်း၊ တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း၊ မြဝတီ ကုန်သည်ကြီးများ အသင်း၊ ကရင်ပြည်နယ် ကုန်သည်ကြီးများ အသင်း၊ မွန်ပြည်နယ် ကုန်သည်ကြီးများ အသင်းတို့အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန် MOU သဘောတူ စာချုပ်များကို သက်ဆိုင်ရာ အသင်း တာဝန်ရှိသူများက လည်းကောင်း၊ ထိုင်းနိုင်ငံ Thonburi Holding Company Limited မှ Mr. Kim Christian Wachtveitl နှင့် မြန်မာနိုင်ငံ Ga Mone Pwint Co.,Ltd မှ ဦးနေလင်းဦးတို့က ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ကုတင် ၂၀၀ ဆံ့ ပုဂ္ဂလိက အထူးကု ဆေးရုံ ဖွင့်လှစ် လုပ်ကိုင်ရန် အတွက် လည်းကောင်း MOU သဘောတူ စာချုပ် လက်မှတ်များ ရေးထိုးခဲ့ကြပါသည်။ ထို့နောက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် မဲဆောက်မြို့ Nakorn Maesot International Hospital ဆေးရုံသစ်ဖွင့်ပွဲ အခမ်းအနားသို့ ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Chatchai Sarlkulya နှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးပြီး ဆေးရုံတက်နေသော လူနာများကို လက်ဆောင် ပစ္စည်းများ ပေးအပ်၍ အားပေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်သည် ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Chatchai Sarlkulya နှင့်အတူ မဲဆောက်မြို့ မြူနီစပါယ် အားကစားကွင်း၌ ကျင်းပသည့် TAK Border Trade Fair 2015 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြာပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာ- ထိုင်း နှစ်နိုင်ငံတို့သည် ရှေးယခင်ကပင် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အချင်းချင်း အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု ရှိသကဲ့သို့ မိမိတို့ဌာနမှလည်း နှစ်နိုင်ငံ ကုန်သွယ်မှုကို ပူးပေါင်း မြှင့်တင်ရန်နှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အားပေး မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ကုန်စည်ပြပွဲများ နှစ်စဉ် အပြန်အလှန် ကျင်းပကြရန်၊ ကုန်စည်ပြပွဲများ အပြန်အလှန် ကျင်းပခြင်းဖြင့် ကုန်သွယ်မှု တိုးမြှင့်ရေးကို များစွာ အထောက်အကူ ဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏကို ကြည့်လျှင် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက် ဆောင်ရွက် လာနိုင်ခဲ့ပါကြောင်း၊ မြန်မာ- ထိုင်း ပုဂ္ဂလိက လုပ်ငန်းရှင် ကုန်သည်များ အချင်းချင်း စီးပွားရေး၊ ကုန်သွယ်ရေး တိုးမြှင့် ဆောင်ရွက်နိုင်ရန် MOU များ လက်မှတ် ရေးထိုးခဲ့သဖြင့် အထူး ဝမ်းမြောက်ပါကြောင်း၊ ယခု ကျင်းပသည့် ကုန်စည် ပြပွဲတွင် ပြခန်းပေါင်း (၃၀၀)ကျော် ခင်းကျင်းပြသပြီး မြန်မာနိုင်ငံဘက်မှ မြန်မာဖိနပ်များ၊ လ္ဘက်စို လ္ဘက်ခြောက် စသော စားသောက်ကုန်များ၊ မြန်မာ တိုင်းရင်းဆေးများ၊ ရေထွက်ပစ္စည်းများ၊ ဝါးတူများစသည့်ပစ္စည်းများကို ပြခန်း (၁၃)ခန်းရယူ၍ ပါဝင်ပြသလျှက်ရှိပါကြောင်း၊ ထိုင်းဘက်မှ ပြသသော စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ အဝတ် အထည်များကိုလည်း မြန်မာ ပြည်သူများ ကြိုက်နှစ်သက် ကြပါကြောင်း၊ အထူးပြု ပြောကြားလိုသည်မှာ အရည်အသွေးနိမ့် သွင်းကုန် ပစ္စည်းများကြောင့် စားသုံးသူများ ထိခိုက်မှုမရှိစေရေး အကာအကွယ် ပေးရန်နှင့် နှစ်နိုင်ငံ စားသုံးသူများကို ဘေးအန္တရာယ် မဖြစ်စေရေး အတွက် FDA စစ်ဆေး ဆောင်ရွက် သင့်ပါကြောင်း၊ မှောင်ခို ကုန်သွယ်မှုများ လျော့နည်း ကျဆင်း၍ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိရေး ပူးပေါင်း လုပ်ဆောင်ရန်နှင့် တရားဝင် ကုန်သွယ်မှု ပိုမို ဆောင်ရွက်နိုင်ရန် ဥပဒေများနှင့်အညီ စနစ်တကျ ဖြစ်စေရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းနှင့် ယခုကုန်စည် ပြပွဲမှသည် နောင်အနာဂါတ်တွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီးနေက် ပြည်ထောင်စုဝန်ကြီး၊ ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် တာဝန် ရှိသူများသည် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

မြန်မာ- လာအို ချစ်ကြည်ရေး တံတားဆိုင်ရာ Ministerial Meeting ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မြန်မာ- လာအို ချစ်ကြည်ရေး တံတားဆိုင်ရာ Ministerial Meeting ဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီ (၃၀)ရက် နံနက် ဒေသစံတော်ချိန် (၈)နာရီခွဲတွင် မြန်မာ- လာအို ချစ်ကြည်ရေး တံတား စီမံကိန်း (လာအိုဘက်ကမ်း စီမံကိန်း ရှင်းလင်းဆောင်) ၌ ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုနိုင်ငံမှ ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီး H.E. Dr. Bounchanh SINTHAVONG ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့များနှင့် တံတား စီမံကိန်းမှ တာဝန်ရှိသူများ တက်ရောက်ပါသည်။ ရှေးဦးစွာ လာအိုနိုင်ငံမှ Mr. SaysongKharn က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ လာအိုနိုင်ငံ ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီး H.E. Dr. Bounchanh SINTHAVONG က အဖွင့် အမှာစကား ပြောကြားပါသည်။ ထို့နောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က မြန်မာ- လာအို ချစ်ကြည်ရေး တံတားဆိုင်ရာ နှစ်နိုင်ငံ Ministerial Meeting ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ မြန်မာ- လာအို ချစ်ကြည်ရေး တံတား တည်ဆောက်မှုနှင့် ပတ်သက်၍ လာအိုနိုင်ငံ တံတား တည်ဆောက်ရေး တာဝန်ခံက လာအိုနိုင်ငံဘက်မှ တာဝန်ယူ ဆောင်ရွက်သည့် တံတား တည်ဆောက်ရေး လုပ်ငန်းများကို လည်းကောင်း၊ မြန်မာနိုင်ငံ တံတား တည်ဆောက်ရေး တာဝန်ခံက မြန်မာနိုင်ငံဘက်မှ တာဝန်ယူ ဆောင်ရွက်နေသော တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်း တင်ပြကြပါသည်။ ထို့နောက် မြန်မာ- လာအို နှစ်နိုင်ငံ ဝန်ကြီးအဆင့် အပြန်အလှန် ဆွေးနွေးရာတွင် မြန်မာနိုင်ငံဘက်ခြမ်း Border Control Facilities လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လာအိုဘက်ခြမ်း Border Control Facilities လုပ်ငန်းများ ဆောင်ရွက်နေမှု၊ တံတားခံနိုင်ဝန်စမ်းသပ်မည့်အချိန်၊ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများ MOU လက်မှတ် ရေးထိုးမည့် အခြေအနေ၊ တံတားတွင် အသုံးပြုနိုင်ရန် အတွက် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှု၊ သံဘောင် တပ်ဆင်ရေး ပစ္စည်းများ ခွဲဝေ သုံးစွဲမည့် အခြေအနေ၊ Land Transport Agreement လက်မှတ် ရေးထိုးရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ တံတားဖွင့်ပွဲ ကျင်းပ ပြုလုပ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဆွေးနွေးကြပါသည်။ ဆက်လက်၍ ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေး တင်ပြကြပြီး လာအိုနိုင်ငံ ပြည်သူ့ လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီး H.E. Dr. Bounchanh SINTHAVONG က နိဂုံးချုပ် အမှာစကား ပြောကြားကာ ဆွေးနွေးပွဲအ ခမ်းအနား ပထမပိုင်းကို ရပ်နားခဲ့ပါသည်။ ထို့နောက် နှစ်နိုင်ငံ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လာအိုနိုင်ငံဘက်တွင် Border Control Facilities တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ လာအိုဘက်ကမ်း ချဉ်းကပ်လမ်းနှင့် မြန်မာ- လာအို ချစ်ကြည်ရေး တံတားမှ ဇင်းကုတ်အထိ လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လေ့လာ ကြည့်ရှုပါသည်။ ၎င်းနောက် ဆွေးနွေးပွဲ အစီအစဉ် ဒုတိယပိုင်း မြန်မာ- လာအို ချစ်ကြည်ရေး တံတားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ MOM လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို နံနက်(၁၁) နာရီခွဲတွင် ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် လာအိုနိုင်ငံ ပြည်သူ့ လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီး H.E. Dr. Bounchanh SINTHAVONG တို့က MOM လက်မှတ် ရေးထိုးပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မြန်မာ- လာအို ချစ်ကြည်ရေး တံတားဆိုင်ရာ Ministerial Meeting ဆွေးနွေးပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ- လာအို ချစ်ကြည်ရေး တံတား ပင်မတံတား သံဘောင် တပ်ဆင်ပြီးစီးမှု၊ တံတား ကြမ်းခင်းများ ခင်းရန် ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုခဲ့ပါသည်။ မြန်မာ- လာအို ချစ်ကြည်ရေး တံတားသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ် နှင့်လာအိုနိုင်ငံ၊ လွမ်းနမ်သာပြည်နယ်၊ ဇင်းကုတ်တို့ကို ဆက်သွယ်၍ မဲခေါင်မြစ်ကို ဖြတ်သန်းကာ တည်ဆောက် ထားသည့် တံတား တစ်စင်းဖြစ်ပြီး တံတား အမျိုးအစားမှာ သံမဏိ သံဘောင် တံတား အမျိုးအစားဖြစ်၍ ပင်မတံတား အရှည်(၁၁၈၁)ပေ၊ ချဉ်းကပ်လမ်း နှစ်ဖက်အရှည် (၁၀၈၈)ပေ စုစုပေါင်း တံတားအရှည် (၂၂၆၉)ပေ ရှိကာ ယာဉ်သွား လမ်းအကျယ်(၂၈)ပေ၊ ယာဉ်နှစ်လမ်းသွားနှင့် လူသွားလမ်း တစ်ဖက်လျှင် (၃)ပေ (၆)လက်မစီပါရှိပြီး ရေလမ်း ကင်းလွတ်အကျယ် (၃၆၀)ပေ၊ အမြင့် (၃၂)ပေရှိ၍ ယာဉ်တစ်စီးချင်း ခွင့်ပြု အလေးချိန်မှာ (၇၅)တန် ဖြစ်ပါသည်။ မြန်မာ- လာအို ချစ်ကြည်ရေး တံတား တည်ဆောက် ပြီးစီးပါက နှစ်နိုင်ငံ လမ်းပန်း ဆက်သွယ်မှု လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလည်း တိုးတက် မြင့်မားလာမည် ဖြစ်ကြောင်း သိရှိရပါသည်။


Friday, January 30, 2015

အလှဆုံးပွဲကဏ္ဍ


နယူးကာဆယ်အသင်း နည်းပြချုပ်နေရာ လက်ထောက်နည်းပြ ဂျွန်ကာဗာကို တာဝန်ပေး

 နယူးကာဆယ်အသင်းသည် နည်းပြ အလန်ပါဂျုး ခရစ္စတယ်ပဲလေ့စ်အသင်းကို ပြောင်းရွှေ့သွားသည့်အတွက် လစ်လပ်နေသည့် နည်းပြချုပ်နေရာတွင် လက်ထောက်နည်းပြ ဂျွန်ကာဗာကို ရာသီကုန်အထိ တာဝန်ပေး လိုက်ကြောင်း သိရပါသည်။ အလန်ပါဂျုး ခရစ္စတယ်ပဲလေ့စ်ကို ပြောင်းရွှေ့သွားပြီးကတည်းက ဂျွန်ကာဗာက အသင်းကို တာဝန်ယူနေခြင်းဖြစ်ပြီး သူ့လက်ထက်မှာ တစ်ပွဲသရေ သုံးပွဲရှုံးရလဒ် ရရှိထားကြောင်း သိရပါသည်။ ဂျွန်ကာဗာသည် အသင်း၏တာဝန်ပေးမှုကြောင့် နယူးကာဆယ်အသင်း၏ လက်ကျန် ၁၆ ပွဲကို ကိုင်တွယ်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရပါသည်။ 

Sport Cinema အစီအစဉ်


နေရှင်နယ်လိဂ်ကို တန်းတက်ရန် ကြိုးပမ်းနေသည့် မောရဝတီအသင်း

၂၀၁၂ခုနှစ်မှာ အသင်းစတင်ဖွဲ့စည်းပြီး မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ပြိုင်ခဲ့သည့် မောရဝတီအသင်းသည် ၂၀၁၂ ဘောလုံးရာသီကုန်ကတည်းက တန်းဆင်းခဲ့ပြီး လိဂ်-၂ မှာ ဝင်ပြိုင်ခဲ့တာ ယခုဆိုရင် ဘောလုံးရာသီ သုံးရာသီအထိ ရှိနေကြောင်း သိရပါသည်။ ဒါကြောင့်လာမည့်နှစ်မှာ မြန်မာနေရှင်နယ်လိဂ်ကို တန်းပြန်တက် နိုင်ရန်အတွက် ရည်မှန်းပြင်ဆင်နေကြောင်း သိရပါသည်။ မောရဝတီအသင်း၏ ပြင်ဆင်မှု အခြေအနေတွေကို သိရှိနိုင်ရန်တင်ပြအပ်ပါသည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အိမ်ကွင်းလက်ခံကျင်းပနိုင်ပြီဖြစ်သည့် ဧရာဝတီယူနိုက်တက်

၂၀၀၉ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ်တွင် ကလပ်အသင်းများက တစ်နှစ်ထက်တစ်နှစ် ကိုယ်ပိုင် အိမ်ကွင်းတည်ဆောက်ပြီး ပြိုင်ပွဲလက်ခံကျင်းပမှု များပြားလာကြောင်း သိရပါသည်။ ယခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းက ပုသိမ်မြို့တွင်ရှိသည့် ကျောက်တိုင်ကွင်းကို အိမ်ကွင်းအဖြစ် စတင်အသုံးပြု နိုင်ခဲ့ပြီး ဧရာဝတီအသင်း၏အိမ်ကွင်းအခြေအနေကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။ 

အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲမတိုင်ခင် နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲကစားရန် စီစဉ်ထားသည့် မြန်မာ ယူ-၂၂ အသင်း

၂၀၁၆ အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် ပြိုင်ပွဲ မတိုင်ခင် တွင် နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲကစားရန် စီစဉ်ထားကြောင်း သိရပါသည်။ မြန်မာအသင်းနှင့် ခြေစမ်းပွဲ ကစားမှာက ဘယ်လိုအသင်းတွေလဲ နောက်ဆုံး အဆင့်ပြိုင်ပွဲတွက် ဘာတွေပြင်ဆင်ထားသလဲ ဆိုတာကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

Thursday, January 29, 2015

(၆၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

သာသနာရေး ဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၆၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ရွေးချယ်ရေးစာမေးပွဲကို မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လှိုဏ်ဂူ သိမ်တော်ကြီး၌ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့က စတင်ကျင်းပလျက် ရှိရာ ဇန်န၀ါရီ (၂၈) ရက်နေ့တွင် နောက်ဆုံးနေ့အဖြစ် သဘော ရေးဖြေ စာမေးပွဲ ဖြေဆိုလျက်ရှိပါသည်။


(KOICA) ၏ အထောက်အပံ့ အကူအညီဖြင့် ကျေးရွာသစ် လုပ်ငန်းများ အကောင်အထည် ဖော်ရေးနှင့် ခေတ်မီရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း ကျောင်း တည်ဆောက်ရေး အစည်းအဝေးကျင်းပ

နိုင်ငံနှင့်အဝှမ်း ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းလုပ်ငန်းများ နှင့် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သော သီးနှံအမယ်များအား ခေတ်မီအဆင့်မြင့် ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးပြုသော ဓာတ်ခွဲပစ္စည်းနှင့် အထောက်အကူပစ္စည်း ပါဝင်သည့် ခေတ်မီသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ကိုရီးယား သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့အကြား နှစ်ဘက်သဘောတူ ပူးပေါင်း အကောင်အထည်ဖော်လျှက်ရှိပါသည်။


ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ရေဆင်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သို့ သွားရောက်

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ဇန်န၀ါရီလ (၂၉) ရက် နံနက်(၁၀)နာရီတွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သို့ ရောက်ရှိပြီး အောင်ချမ်းသာ ဆောက်လုပ်ရေး ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်လျက်ရှိသည့် ကျောင်းသား (၂၀ဝ)ဆံ့၊ အိပ်ခန်း (၅၆)ခန်းပါ RCC (၂)ထပ် အိပ်ဆောင်သစ် (၂)လုံး ဆောက်လုပ်နေမှု စားရိပ်သာဆောင်သစ်၊ ကျောင်းသား/သူသီးသန့် ဧည့်တွေ့ဆောင်သစ်၊ စာကြည့်တိုက်နှင့် အားကစားရုံသစ် ဆောက်လုပ်မည့်နေရာ များအား ကြည့်ရှု စစ်ဆေးပါသည်။


အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး လုပ်ငန်းအတွက် ညှိနှိုင်း အစည်းအဝေးကျင်းပ

ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး လုပ်ငန်းအတွက် လုပ်ငန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီနှင့် တင်ဒါအောင်မြင်သော   JGC-YONGNAM-CAPE   Consortium အဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က အဖွင့်အမှာ စကားပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇင်ယော်မှ ဦးဆောင်၍ စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များအား အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။


အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ

လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါသည်။


အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် (၀၉း၃၀) နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းများသည် လက်တွေ့ကျပြီး ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်း များကို ရေးဆွဲရာတွင် နိုင်ငံတကာအဆင့်မီစေရန် လိုအပ်ပါကြောင်း၊ ပြီးခဲ့သော ပညာသင်နှစ် အလိုက် ရရှိလာသည့် အတွေ့အကြုံများအရ ပြင်ဆင်ရန်နှင့် ဖြည့်ဆည်းရန်လိုအပ်သော သင်ရိုးညွှန်းတမ်းများတွင် လိုအပ်မည့် သင်ခန်းစာများကို ထည့်သွင်းဖြည့်စွက်သွားရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်တတ်မြောက်သည့် ကျွမ်းကျင်ပညာရှင်များ ဖြစ်စေရန်အတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင် ပိုင်နိုင်အောင် လေ့လာကြရန်လိုကြောင်း၊ Technical Teacher Training ကိုလည်းပေးရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ကျောင်းများအလိုက် စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် Workshop များကို ပြည့်စုံမှုရှိ စေရေးနှင့် လက်တွေ့ပစ္စည်းများ ပြည့်ပြည့်စုံစုံနှင့် သင်ကြား ပေးရန်လိုအပ်ပါကြောင်း။ အရည်အသွေးပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်ရေး အတွက် ဆရာ၊ ဆရာမများ အနေဖြင့် စာတွေ့၊ လက်တွေ့ ထိထိမိမိသင်ကြားပေးရန်နှင့် စာသင်ခန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အချိုးညီမျှမှုရှိစေရန်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အချိုးညီမျှမှုရှိစေရန် လိုအပ်ပါကြောင်း၊ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ (၃) ရပ် ရှိသည့်အနက် နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ တိုးတက်မြင့်မား စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန်နှင့် နည်းပညာကျွမ်းကျင်မှု အဆင့်အတန်းကိုလည်း အမျိုးသားနည်းပညာ ကျွမ်းကျင်မှု စံသတ်မှတ်ချက်များနှင့် အညီ အလေးထားဆောင်ရွက်မှသာ လုပ်ငန်းခွင်သို့ တိုက်ရိုက် ဝင်ရောက် လုပ်ကိုင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဘရွှေမှ စီမံရေးရာကိစ္စရပ်များ၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်မှ Task Force အဖွဲ့မှ ဆောင်ရွက်နေသော နည်းပညာနှင့် သက်မွေးပညာရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုနှင့် သက်မွေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စက်မှုနှင့်သက်မွေး ပညာဦးစီးဌာနအောက်ရှိ သိပ္ပံ၊ ကျောင်းများမှ ကျောင်းအုပ်ကြီး(တာဝန်)များ တက်ရောက်ခဲ့ပြီး သင်ရိုးညွှန်းတမ်းနှင့် စီမံရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်လွှာများ လက်ခံဆောင်ရွက်ပေး

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်လွှာများကို နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဌာနစိတ် ရန်ကုန် အမှတ်(၁၁၁)၊ (၃၇)လမ်း၊ ကျောက်တံတား မြို့နယ်တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ (၂၉)ရက်နေ့မှ စတင်၍ အခမဲ့ထုတ်ပေးလျက် ရှိရာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် လျှောက်လွှာများကို လက်ခံပြီး ဆက်လက်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါသည်။


မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု တားဆီနှိမ်နှင်းရေး အရာရှိများ၏ ပြစ်မှုဆိုင်ရာ တရားစီရင်မှုများ ပူးပေါင်းမြှင့်တင်ရေး အစည်းအဝေး

လူကုန်ကူးမှုဖြစ်ပွားရတဲ့ အကြောင်းရင်အမျိုးမျိုးရှိပြီး အဓိကကတော့ ဝင်ငွေနည်းတဲ့နေရာမှ များတဲ့နေရာကို သွားရောက် လုပ်ကိုင်ရာမှ ဖြစ်ပွားမှုများပြားကြောင်း ယေဘူယျ သုံးသပ်ချက်များအရ သိရပါတယ်။ ဒါကြောင့်မို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု တားဆီနှိမ်နှင်းရေး အရာရှိများ၏ ပြစ်မှုဆိုင်ရာ တရားစီရင်မှုများ ပူးပေါင်းမြှင့်တင်ရေး တတိယအအကြိမ်မြောက် အစည်းအဝေးကို ဇန်န၀ါရီ (၂၉)  ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပခဲ့ပါသည်။


လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့် ကျောင်းသားအဖွဲ့ ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိ

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ လမ်းလျှောက်ဆန္ဒပြလျက်ရှိကြသော ကျောင်းသားအဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးမြို့ရှိ ပြည်အောင်စံ ဘုန်းကြီးကျောင်းမှ ဇန်န၀ါရီလ (၂၉) ရက် နံနက် (၁၀) နာရီ (၁၅) မိနစ်တွင် ပုပ္ပါး-ကျောက်ပန်းတောင်း လမ်းအတိုင်း လမ်းလျှောက်ထွက်ခွာခဲ့ကြရာ ကျောက်ပန်းတောင်းမြို့သို့ ညနေ (၃)နာရီ (၄၅)မိနစ်တွင် ရောက်ရှိကြပြီး ဟောပြောပွဲများ ပြုလုပ်ကြကာ ညနေ (၆)နာရီခွဲတွင် သုခ၀တီ ဘုန်းကြီးကျောင်းသို့ ရောက်ရှိ ရပ်နားခဲ့ကြကြောင်း သိရှိရသည်။


ဆီဘောက်စာကားမှ ဆီလှောင်ကန်ထဲသို့ ဆီဖြည့်စဉ် မီးလောင်မှုတစ်ခု ဖြစ်ပွား

ဇန်န၀ါရီလ (၂၉) ရက်နေ့ ညနေ(၄)နာရီ (၅၅)မိနစ်အချိန်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၃၉)လမ်း၊ ၈၁၊၈၂ လမ်းကြားရှိ အောင်မေတ္တာဆီဆိုင်မှာ ဆီဘောက်စာကားမှ ဆီလှောင်ကန်ထဲသို့ ဆီဖြည့်စဉ် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ် (၅၅)စီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၇၅)ဦး၊ သန္ဓေတပ်ဖွဲ့ဝင် (၇၅)ဦး အုပ်ချုပ်ရေးယာဉ် (၃)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ညနေ(၅)နာရီ (၂၅)မိနစ်တွင် မီးငြိမ်းသတ်နိုင် ခဲ့ပါတယ်။ မီးလောင်မှုဖြစ်စဉ်ကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၂၄)သိန်းရှိတယ်လို့ သိရပါသည်။


ဒုတိယသမ္မတဦးဉာဏ်ထွန်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေး

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆိုင်ရာ မြန်မာပူးတွဲ အဆင့်မြင့် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပမည့် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း ဧရိယာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တတိယအကြိမ် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့် ကော်မတီ အစည်းအဝေးသို့ တက်ရောက် ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက်(၁၀)နာရီ (၂၅)မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်သောအဖွဲ့ဝင်များအား ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ရုံး အမျိုးသားစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာပိုအာမီတီ ဗီမိုစရီနှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ စစ်သံမှူး ဗိုလ်မှူးချုပ်ချစ်ဆွေ၊ သံရုံးနှင့်စစ်သံရုံး တို့မှ ၀န်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခို မည့် ဗန်ကောက်မြို့Four Seasons Hotel သို့ရောက်ရှိကြသည်။ ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာအား မွန်းလွဲ(၂)နာရီတွင် ဗန်ကောက်မြို့ရှိ ၀န်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ဦးမျိုးအောင်၊ ဒေါက်တာမောင်မောင်သိမ်း၊ ဦးစိုးတင့်၊ ဦးဘုန်းဆွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ၀န်ကြီးချုပ် နှင့်အတူ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဒုတိယ၀န်ကြီး၊ ပို့ဆောင်ရေးဒုတိယ၀န်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ ယင်းသို့တွေ့ဆုံစဉ် ဒုတိယသမ္မတက မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံသည် ရှည်လျားသည့် သမိုင်းကြောင်း ရှိသော ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အိမ်နီးချင်း နိုင်ငံ အနေဖြင့်သာမက ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် ပါဝင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးသည် နှစ်ဖက်နယ်စပ်ဒေသ ပြည်သူများ၏ လူနေမှုဘ၀ကို တိုးတက်စေမည်ဖြစ်သည့်အတွက် နှစ်နိုင်ငံသက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ဒေသအာဏာပိုင်များအကြား ညှိနှိုင်းဆောင်ရွက်သွားစေလိုပါ ကြောင်း။ ထားဝယ် အထူးစီးပွားရေးဇုန်နယ်မြေသည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန်္ဒိယသမုဒ္ဒရာ တို့ကို ကုန်းလမ်းမှ ဆက်သွယ်ပေးမည့် မဟာမဲခေါင် တောင်ဘက်စီးပွားရေးစင်္ကြံ၏ အနောက်ဘက်တံခါးပေါက်အဖြစ် တည်ရှိသည့်အတွက် မဟာဗျူဟာကျသည့်နေရာ တွင် ရှိပါကြောင်း။ မဟာမဲခေါင်ဒေသတောင်ဘက် စီးပွားရေးစင်္ကြံသည် ဗီယက်နမ်နိုင်ငံ ဗန်တောင်း မှအစပြု၍ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၊ ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်၊ ထိုင်းနိုင်ငံမြို့တော် ဗန်ကောက်မှတစ်ဆင့် မြန်မာနိုင်ငံထားဝယ်ဒေသအထိ ရောက်ရှိ မည့်စီးပွားရေးစင်္ကြံဖြစ်သည့်အတွက် မိမိတို့နိုင်ငံအားလုံး ကူးလူးဆက်သွယ်ပြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အားထားနိုင်မည့်လမ်းကြောင်း ဖြစ်ပါကြောင်း။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအောင်မြင်စေရန် ပူးတွဲအဆင့်မြင့် ကော်မတီကို ပူးတွဲဥက္ကဋ္ဌအဖြစ် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အောင်မြင်ရန်အတွက် အားထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သော်လည်း စီမံကိန်းဆိုင်ရာ ဘဏ္ဍာငွေ မလုံလောက်မှုကြောင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ရပါကြောင်း၊ စီမံကိန်းကြီးအတွက် ဘဏ္ဍာငွေ အကူအညီ ပေးမှုဆိုင်ရာ အကောင်းဆုံး နည်းလမ်းများ ကို ထိုင်းနိုင်ငံအစိုးရ အနေဖြင့် အဆိုပြုပေးစေလိုပါကြောင်း။ ထားဝယ် အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ ပါဝင်ရင်းနှီးမြှပ်နှံရေးနှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်နှင့်တွေ့ဆုံခဲ့ရာတွင် ၀န်ကြီးချုပ်အနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံပါဝင်ရင်းနှီးမြှပ်နှံရေးအတွက် ဆွေးနွေး ခဲ့ကြောင်း သိရှိရသည့်အတွက် ကြိုဆိုပါကြောင်း၊ ကမ္ဘောဒီးယား နယ်စပ်မှ မြန်မာ နယ်စပ်အထိ ဂျပန်-ထိုင်း ပူးတွဲဖောက်လုပ်မည့် ရထားလမ်း ကွန်ယက် စီမံကိန်း၏ အဆက်အဖြစ် ထားဝယ်အထိဖောက်လုပ်နိုင်မည့် ဖြစ်နိုင်ခြေနှင့်အလားအလာများ ကိုလည်း ဂျပန်နိုင်ငံနှင့် ဆွေးနွေးသွားစေ လိုပါကြောင်း။ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နယ်စပ်တစ်လျှောက် မကြာခင်က မူးယစ်ဆေးဝါး တရားခံများ ဖမ်းဆီးရရှိမှုသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့၏ နှစ်ဖက်တာဝန်ရှိသူများအကြား မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားများနှင့် မူးယစ် ဆေးဝါး ဆိုင်ရာပြစ်မှုများ တားဆီးတိုက်ဖျက်ရေး၏ အောင်မြင်မှုများကို ဖော်ပြနေခြင်း ဖြစ်ပါကြောင်း။ ထိုင်းနိုင်ငံတွင် ရှိသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်ပြီး နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များတွင် အကူအညီပေးမှုနှင့် နီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုများအတွက် ထိုင်းနိုင်ငံအစိုးရနှင့် တာဝန်ရှိသူများကို ကျေးဇူးတင် ရှိပါကြောင်း။ အဆိုပါ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေး၊ လူမှုရေးနှင့် လုံခြုံရေး အာမခံချက်များ ရရှိစေရန် ထိုင်းလုပ်ငန်းရှင်များကို တိုက်တွန်းပေးစေ လိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်းများ ထုတ်လုပ် ရောင်းဝယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၁၆ ခုနှစ်ကို ထိုင်းနိုင်ငံရိုးရာ ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားသည့်အတွက် မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ ခရီးသွားကဏ္ဍကိုမြှင့် တင်ရေး၊ ရင်းနှီးမြှပ်နှံမှု ကဏ္ဍတွင် မြန်မာနိုင်ငံရှိ အထူးဇုန်များတွင် ထိုင်းနိုင်ငံမှစီးပွား ရေး လုပ်ငန်းရှင်များကို လာရောက်ရင်းနှီး မြှပ်နှံနိုင်ရေး၊ သောင်းရင်းမြစ် မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ရေထိန်းနံရံများ တည်ဆောက်နိုင်ရန်အတွက်နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသဖြစ်သည့် မြ၀တီ- မဲဆောက် ဒုတိယမြောက် ချစ်ကြည်ရေး တံတား တည်ဆောက်ရေးအတွက် ငွေကြေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် ဒုတိယ ၀န်ကြီးများသည် ဗန်ကောက်မြို့Four Seasons Hotel တွင် ပြုလုပ်သည့် မြန်မာ- ထိုင်း ပူးတွဲ အဆင့်မြင့်ကော်မတီ အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကြို ကနဦးစီမံကိန်းများ ဆောင်ရွက်မည့် အစီအစဉ်များ၊ ပင်မစီမံကိန်း အကောင်အထည် ဖော်ရေး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသို့ ဂျပန်နိုင်ငံမှ ပါဝင်လာနိုင်မှု အခြေအနေနှင့် ထားဝယ်အထူး စီးပွားရေးဇုန် ပင်မစီမံချက် (Master Plan) ရေးဆွဲနေမှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတနှင့် အဖွဲ့သည် ညပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နေအိမ်သို့ရောက်ရှိပြီး သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံး တို့မှ ၀န်ထမ်းများနှင့်မိသားစုဝင်များအား တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ 


တိပိဋကဓရသာသနာ့ အာဇာနည်နှစ်ပါး ပေါ်ထွန်း

(၆၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ ၂၈-၁၂-၂ဝ၁၄ မှ ၂၇-၁-၂ဝ၁၅ ရက်နေ့ထိ ၃၃ ရက်တိုင် ရန်ကုန်မြို့၊ သီရိ မင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်ဝိစိတ္တသာရသည် လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် စကားဝါလမ်း တိပိဋကကျောင်းတော်မှ အရှင်စက္ကိန္ဒ(မြိုင်)သည်လည်းကောင်း၊ ပိဋကသုံးပုံ အဘိဓမ္မာပိဋက (နောက်ပိုင်း) နှစ်ကျမ်းကို အာဂုံအောင်မြင်ကြသဖြင့် ပိဋကသုံးပုံအာဂုံအောင် ''တိပိဋကဓရ'' အရှင်မြတ်နှစ်ပါး ပေါ်ထွန်း ခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူလူထုများ တွေ့ဆုံပွဲအခမ်းအနား

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများ တွေ့ဆုံပွဲအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် မွန်းတည့် ၁၂ နာရီက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး အမျိုးသားကဇာတ်ရုံ၌ ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက''အထွေထွေရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပသွားရန် သတ်မှတ်ကြေညာထားကြောင်း၊ အခြေခံမဲဆန္ဒစာရင်းပြုစုခြင်းကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့် လေးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် Online မှ ကြည့်ရှုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီကာလတွင် မဲဆန္ဒရှင်ပညာပေးခြင်း (Voter Education) ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပေးကြေညာချက်များ၊ ဗီဒီယိုဇာတ်လမ်းများကို ရုပ်မြင်သံကြားနှင့် အသံလွှင့် အစီအစဉ်များမှ ထုတ်လွှင့်ခြင်း၊ လက်ကမ်းစာစောင်များ၊ ကြော်ငြာဆိုင်းဘုတ်များ၊ ကာတွန်းရုပ်ပုံများ ဖြန့်ဝေခြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဖြစ်စေရန် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ မဲရုံဝန်ထမ်းများ၊ သက်ဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ CSO များ၊ မီဒီယာများ အနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များကိုသိရှိပြီး ဥပဒေနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တိုင်းပြည်ဂုဏ်သိက္ခာအတွက် ဥပဒေနှင့်အညီ တိတိကျကျ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း''ဖြင့် ပြောကြားသည်။ ဆက်လက်၍ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝမ်ကွယ်ကျင်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ကိုးကန့်ဒီမို ကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအန်တိုနီစူ က သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည် ဖြေကြားပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့က ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့ဝင်ဖြစ်ရေး ကွန်ဖရင့်ကျင်းပ

ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့(Open Government Partner- ship-OGP)သို့ မြန်မာနိုင်ငံမှ ဝင်ရောက်နိုင်ရေးအတွက် ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့ဝင်ဖြစ်ရေး ကွန်ဖရင့်ကို နေပြည်တော်ဟိုတယ်ဇုန် ရှိ Hilton ဟိုတယ်၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ အရပ် ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး H.E. Mr.Andrew နှင့် သံရုံးမှတာဝန်ရှိသူများ၊ OECDမှ Projector Manager Mr.Aless- andro Bellantoni နှင့် ကိုယ်စား လှယ်များ တက်ရောက်ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပွင့်လင်း မိတ်ဖက်နိုင်ငံများအဖွဲ့ အဖွဲ့ဝင် ဖြစ်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ် စတင်တာဝန်ယူချိန်မှစ၍ ပြုပြင် ပြောင်းလဲမှုလုပ်ငန်း အဆင့်လေးခုကို ဆောင်ရွက်ခဲ့ပါကြောင်း၊ သိသာ ထင်ရှားသော ပြောင်းလဲမှုအဖြစ် စစ် အစိုးရအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေ စီအုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ‘ဒီမိုကရေ စီစနစ်ကို ဦးတည်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုနှင့် အခက်အခဲများကို ရင်ဆိုင် တွေ့ကြုံခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကောင်း မွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်စေရေး အတွက် ပွင့်လင်းမြင်သာမှုနှင့် တာဝန်သိမှုရှိစေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်လျက်ရှိပါကြောင်း၊ ပြည်သူများ လိုလားချက်များအပေါ် ပွင့်လင်းမြင်သာစွာ၊ တာဝန်ယူမှုရှိစွာ ပြည်သူ့ဝန်ဆောင်မှုတို့ကို ပိုမိုတိုးတက် အောင် ဆောင်ရွက်နိုင်ရန်အတွက် ပွင့်လင်းမိတ်ဖက်နိုင်ငံများ အဖွဲ့ဝင် ဖြစ်စေရေးအတွက် ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် အစိုးရသာမက ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်း များမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပွင့်လင်းမိတ်ဖက် နိုင်ငံများတွင် အဖွဲ့ဝင်ဖြစ်စေရေး အတွက် စံသတ်မှတ်ချက်များဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်များရရှိမှု၊ ပိုင်ဆိုင်မှုကြေညာခြင်းနှင့် ပြည်သူ များပါဝင်မှုစသည့် အချက်များနှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာ ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိစေ ရန်အတွက် ဆောင်ရွက်ရာတွင် ယခု အစိုးရလက်ထက်၌ ဘဏ္ဍာရေးတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိသည်ကို တွေ့ရှိ ရမည်ဖြစ်ပါကြောင်း၊ သတင်း အချက်အလက်ရရှိမှုတွင်လည်း ပြန် ကြားရေးဝန်ကြီးဌာနမှ သတင်း အချက်အလက်နှင့် ပြန်ကြားရေး ကဏ္ဍ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့ဆန္ဒသဘောထား များကို လွတ်လပ်စွာထုတ်ဖော်ခွင့် ရှိသော်လည်း နည်းမှန်လမ်းမှန်ဖြင့် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်း ကို ရှေးရှုရမည်ဖြစ်ပါကြောင်း၊ ပွင့်လင်းမိတ်ဖက် နိုင်ငံများအဖွဲ့ဝင် ဖြစ်ရေးအတွက် ယခုကဲ့သို့ ပူးပေါင်း ပါဝင်မှုများကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြော ကြားသည်။ ထို့နောက် ဗြိတိန်သံအမတ် ကြီးက မြန်မာနိုင်ငံအနေဖြင့် ဒီမို ကရေစီ အသွင်ကူးပြောင်းရေးကာလ ၌ ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့ တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ရေးသည် အရေးကြီးပါကြောင်း၊ ထိုသို့အဖွဲ့ ဝင်နိုင်ငံဖြစ်ရေးအတွက် အစိုးရ၏အခန်းကဏ္ဍကို နားလည်သိရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အနောက်နိုင်ငံများနှင့် အခြား OGP အဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံများ ကို ယခုကွန်ဖရင့်တွင် ဆွေးနွေးပြောကြားသွားမည် ဖြစ်ပါကြောင်း၊ အစိုးရ၊ ပြည်သူနှင့် အရပ်ဘက်အဖွဲ့ အစည်းများအားလုံး ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပွင့်လင်းမိတ်ဖက်နိုင်ငံများ အဖွဲ့ဝင် ဖြစ်ရေးကိုလည်း ပံ့ပိုးကူညီသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။ ယင်းနောက် OECD Project Manager ပွင့်လင်းမြင်သာမှုရှိ သည့် အစိုးရအနေဖြင့် ပြည်သူများ ပူးပေါင်းပါဝင်မှုကို ပိုမိုဖွင့်လှစ်ပေး ရမည်ဖြစ်ပါကြောင်း၊ OGP အဖွဲ့ဝင် ဖြစ်စေရန်လည်း အစိုးရ၊ ပြည်သူနှင့် အရပ်ဘက် အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပွင့်လင်း မိတ်ဖက်နိုင်ငံများ အဖွဲ့ဝင်ဖြစ်ရေး အတွက် ပံ့ပိုးကူညီသွားမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ကွန်ဖရင့်တွင် United Kingdom မှ OGP အတွေ့ အကြုံများ၊ မြန်မာနိုင်ငံမှ OGP အဖွဲ့ဝင်ဖြစ်ရေးအတွက် ဆောင်ရွက် မှုအတွေ့အကြုံများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အရပ်ဘက်အဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများ ပွင့်လင်းမြင်သာသော အစိုးရဖြစ်စေရန် ပြုပြင်ပြောင်းလဲ မှုတွင် အစိုးရအခန်းကဏ္ဍကို လည်းကောင်း၊ အစိုးရညီညွတ် စုစည်းမှု မြှင့်တင်ရေးကဏ္ဍခေါင်းစဉ် ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြ သည်။ ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့ (Open Government Partner- ship-OGP) သို့ မြန်မာနိုင်ငံမှ ဝင်ရောက်နိုင်ရေးအတွက် Interna-tional Conference on Open Government: The Way to Membership ကို ပွင့်လင်းမိတ်ဖက် အဖွဲ့ဝင်ဖြစ်ရေး ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (OECD) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် ကွန်ဖရင့်ကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရသည်။


မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးကျင်းပ

စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးကို ဇန်န၀ါရီလ (၂၉) ရက်နေ့ နံနက်(၉)နာရီတွင် ဆက်လက် ကျင်းပရာ အစည်းအဝေး သဘာပတိအဖြစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် တွဲဖက်သဘာပတိအဖြစ် အာရှဖွံ့ဖြိုးရေးဘဏ် အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ် Mr. James Nugent တို့က ဆောင်ရွက်ကြပါသည်။


ဘော်လခဲမြို့ရေရရှိရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနား

ဂျပန်-မြန်မာသံတမန် ဆက်ဆံရေး နှစ် (၆၀)ပြည့် အထိမ်းအမှတ် (၂၀၁၃)ခုနှစ် ဂျပန်နိုင်ငံအသေးစား စီမံကိန်းများ ထောက်ပံ့မှု အစီအစဉ်အရ ဂျပန်နိုင်ငံ အစိုးရနှင့် ဂျပန်ပြည်သူများ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သိန်းကိုးထောင်ရှစ်ဆယ်နှင့် တည်ဆောက်ထားသည့် ဘောလခဲမြို့ ရေရရှိရေး လုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ (၂၉)ရက်နေ့ မနက်က ဘော်လခဲမြို့ရှိ အဆိုပါ ရေစက်ရုံမှာ ပြုလုပ်ခဲ့ပါသည်။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ၀ိုင်းမော်မြို့နယ်ရှိ ဒေသခံပြည်သူများအား အခမဲ့ ဆေးဝါးကုသ

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ၀ိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ အလယ်ပိုင်းရှိ ရွှေမုဠောဘုရားကြီးကျောင်း ဓမ္မာရုံတွင် ဇန်န၀ါရီလ (၂၇)ရက်နေ့ မနက် (၉)နာရီက ကချင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့နှင့် Japan Heart  အဖွဲ့တို့ ပူးပေါင်းကာ ဒေသခံပြည်သူများအား အခမဲ့ ဆေးဝါးကုသ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွင် ပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် ၀ိုင်းမော်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ရောဂါကု ဆရာဝန်(၅)ဦးနှင့် သူနာပြု ဆရာ/ဆရာများ ၊ Japan Heart မှ ရောဂါကု ဆရာဝန်(၂)ဦးနှင့် သူနာပြု ဆရာ/ဆရာမများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ဒေသအတွင်း လတ်တလော ဖြစ်ပေါ်နေသည့် ရောဂါများအား (TV) ဓါတ်မှန်ရိုက်ကူးရေး စက်များများဖြင့် ခတ်ချိုကျေးရွာ ဒေသခံ(၄၂၉)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ စမ်းသပ် ကုသပေးခဲ့ပါသည်။ 

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် အထူးကုဆရာဝန်ကြီးများက အခမဲ့ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်

ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ကျပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကျတဲ့ ကျန်းမာကောင်းမွန်စေရန် အတွက် ကျန်းမာရေးဦးစီးဌာန အနေနဲ့ ဇန်နဝါရီလ (၂၉)ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာမှာ အထူးကုဆရာဝန်ကြီးများက ကျေးရွာရောက် အခမဲ့ ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပါသည်။ အထူးကုဆရာဝန်ကြီးများ၏ ဆေးကုသမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်နယ် လူမှုရေးဝန်ကြီး ဦးချစ်လှိုင်နဲ့ တာဝန်ရှိသူများက သက်ကြီး ဘိုးဘွားများအား ပူဇော် ကန့်တော့ကာ ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆေးကုသမှု အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုစေပြီး ငွေကုန်ကြေးကျလည်း သက်သာလာမှာ ဘဲဖြစ်ပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လီဆူခရစ်ယာန် ဘုရားကျောင်းခန်းမ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်တော်ရပ်ကွက်၊ နယ်မြေ(၅)မှာ ဆောက်လုပ်ပြီးစီးသွားတဲ့ လီဆူခရစ်ယာန် ဘုရားကျောင်းခန်းမ ဖွင့်ပွဲကို ဇန်နဝါရီလ (၂၄)ရက်နေ့က အဆိုပါ ဘုရားရှိခိုးကျောင်း မုခ်ဦးရှေ့မှာ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားမှာ ဓမ္မဆရာဦးဝူဆီယက ကျမ်းစာဖတ် အဖွင့်ဆုတောင်းကာ ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသား ရေးရာဝန်ကြီး ဆီဖာဂွါအားဆီ၊ သိက္ခာတော်ရ ဆရာဦးဆော်အားဆီနဲ့ ဦးငွါးဆာရဲ့တို့က ဘုရားကျောင်းဆောင်သစ်အား ဖွင်းလှစ်ပေးခဲ့ကြပါသည်။ အဆိုပါ ဘုရားကျောင်းဆောင်သစ်မှာ အလျားပေ(၁၂၀)၊ အနံ(၅၅)ပေ၊ အမြင့် (၂၅)ပေရှိ၊ သွပ်မိုး RC နံကပ် သံမံတလင်းခင်း အမျိုးအစားဖြစ်ကာ အနယ်နယ်အရပ်ရပ်မှ လီဆူတိုင်းရင်းသားများ၏ စုပေါင်းအလှူထည့်ဝင်ငွေဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရှိရပါသည်။ 

ဒဂုံဧကရီအငြိမ့်နဲ့ အိပ်မက်ဆုံရာ အနုပညာကြယ်ပွင့်များ၏ ဖျော်ဖြေတင်ဆက်မှု အခမ်းအနား

ဒဂုံတက္ကသိုလ် အနုပညာအသင်းကကြီးမှူး ကျင်းပတဲ့ ဒဂုံဧကရီအငြိမ့်နဲ့ အိပ်မက်ဆုံရာ အနုပညာကြယ်ပွင့်များ၏ ဖျော်ဖြေတင်ဆက်မှု အခမ်းအနားကို ဇန်နဝါရီလ (၂၉)ရက်နေ့က ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် အားကစားခန်းမမှာ ကျင်းပခဲ့ပါသည်။

ရွှေညောင်မြို့ မင်္ဂလာအောင်မြေရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွှေညောင်မြို့ မင်္ဂလာအောင်မြေ ရပ်ကွက် နယ်မြေ(၁)၊ နမ့်ကွတ်(၂) အခြေခံပညာ မူလတန်းကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲကို ဇန်န၀ါရီလ (၂၇)ရက် မနက်က အဆိုပါကျောင်းမှာ ကျင်းပခဲ့သည်။ 

ကျွန်းစုမြို့နယ် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို စာအုပ်စာစောင်ဓါတ်ပုံပြပွဲ ကျင်းပ

ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဇန်န၀ါရီလ (၁၈)ရက် မနက်က မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ ခင်းကျင်းပြပွဲ ခင်းကျင်းပြသခဲ့သည်။

MRTV (ရန်ကုန်)တွင် ကလေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြားနှင့် ပညာရေး ၀န်ကြီးဌာန၊ အမှတ်(၃) အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် ကလေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ အစီအစဉ်ကို မနေ့က မနက် (၁၀)နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(ဘီ)တွင် ကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုကို အမက(၂) မူလွန်လှိုင်၊ ဒုတိယဆုကို အလက(၃)ဒဂုံ၊ တတိယဆုကို အမက(၁)ဗဟန်းနှင့် နှစ်သိမ့်ဆုကို အမက(၉) စမ်းချောင်း တို့က  ရရှိကြပြီး ဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်သည်။ အလားတူ ကလေးများ၏ ပုံပြောပြိုင်ပွဲ အစီအစဉ်ကို နေ့လည် (၁)နာရီတွင် ကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုကို အလက(၃)ဒဂုံ၊ ဒုတိယဆုကို အမက(၁)ဗဟန်း၊ တတိယဆုကို အမက(၂)လှိုင် (မူလွန်) နှင့် နှစ်သိမ့်ဆုကို အမက(၉)စမ်းချောင်း တို့က ရရှိကြပြီး ဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ကြပါသည်။ ထို့အတူ ကလေးများ၏ ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲ အစီအစဉ်ကို နေ့လည် (၂)နာရီတွင် ကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုကို အမက(၁)ဗဟန်းမှ မောင်မျိုးထွဋ်ဇော်၊ ဒုတိယဆုကို အမက(၉)စမ်းချောင်းမှ မောင်သန့်ထက်အောင်၊ တတိယဆုကို အမက(၂)လှိုင်မှ မနေခြည်လဲ့ဇော် နှင့် နှစ်သိမ့်ဆုကို အလက(၃)ဒဂုံမှ မအေးမြတ်နိုးတို့က ရရှိကြပြီး ဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ကြပါသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ (၁၀)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲ

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ (၁၀)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ဇန်န၀ါရီလ (၂၉)ရက်နေ့က မန္တလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါသည်။ 

ပါကစ္စတန်နိုင်ငံတွင်းရှိ ကျောင်းဆရာများအား သေနတ်ပစ်သင်တန်းများ စတင်ပို့ချ




 ပြီးခဲ့သည့်လက ပါကစ္စတန်ရှိ စာသင်ကျောင်းမှာ တာလီဘန် လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ပညာရေး ၀န်ထမ်း(၉)ဦးနှင့် ကျောင်းးသား(၁၃၂)ဦးထက်မနည်း သေဆုံးခဲ့ရပြီးနောက်  ပက်ရှ်ဝါရှိ ပါကစ္စတန် အာဏာပိုင်များဟာ ကျောင်းဆရာ ဆရာမများကို သေနတ်ပစ် သင်တန်းများ စတင်ပို့ချပေးခဲ့ကြောင်း  သိရပါသည်။ ပါကစ္စတန်ဟာ တာလီဘန်တို့၏ တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ကြုံတွေ့ခံစားနေရပေမဲ့ ကျောင်းသူကျောင်းသားလေးများကို ရက်စက်စွာ ပစ်သတ်ခဲ့မှုက တစ်နိုင်ငံလုံးကို တုန်လုပ်ခြောက်ခြားစေခဲ့ပါသည်။ အဲဒီ နှစ်ရက်ကြာ သေနတ်ပစ် သင်တန်းသို့  အမျိုးသမီးကောလိပ်မှ ကျောင်းဆရာ(၈)ဦး အပါအ၀င် ကျောင်းသားအနည်းငယ်နှင့် လုံခြုံရေး အစောင့်များလည်း တက်ရောက်သင်ကြားခဲ့ကြပြီး သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်များကိုလည်း ထုတ်ပေးသွားမှာ ဖြစ်ကြောင်း ရဲအရာကြီးတစ်ဦးက ပြောကြားခဲ့ပါသည်။ ၄င်းသေနတ်ပစ် အခြေခံသင်တန်းမှာ တိုက်ခိုက်သူများအား ပြန်လည်ခုခံ မပစ်ခတ်ခင် ဘယ်လိုအကာအကွယ်ယူရမလဲ ဆိုတာနှင့် သေနတ်ကို ဘယ်လိုကိုင်တွယ် ပစ်ခတ်ရမလဲဆိုတာကို သင်ကြားသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

ယူကရိန်းအရှေ့ပိုင်း ဒွန်းညက်စ်(ခ်)တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား


ယူကရိန်းအရှေ့ပိုင်း ဒွန်းညက်စ်(ခ်)တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း သိရပါသည်။ (၂၀၁၄)ခုနှစ် စက်တင်ဘာလမှာ အပစ်အခတ်ရပ်စဲရန် ဖိအားပေးခဲ့တာကြောင့် လက်မှတ်ရေးထိုးခဲ့ပေမယ့် ယူကရိန်း အရှေ့ပိုင်းမြို့ရှိ  ဒေသခံတပ်ဖွဲ့များကတော့ တင့်ကားများနှင့် ရှေ့တန်းစစ်မျက်နှာပြင်သို့ ထွက်ခွာခဲ့ပြီ ဖြစ်ပါသည်။ တိုက်ခိုက်မှုဖြစ်ပွားရာ ဒေသရှိ ရွာတစ်ရွာဟာ တပ်ဖွဲ့ဝင်များ ပစ်လွှတ်သည့် အမြောက်ဆံများ၏ ဒဏ်ခံနေရပြီး  တပ်ရင်းမှုးကတော့ ၄င်းတို့၏ တပ်ဖွဲ့သည် ရွာ၏ (၉၀)ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနှင့် ဘယ်နေရာက ကျရောက်မယ်မှန်း မသိသည့် အမြောက်ဆန်များကြောင့် ဒေသခံများကိုလည်း ဘယ်နေရာကိုမှ မသွားရန် ပြောကြားခဲ့သည်လို့ သိရပါသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးနှင့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးတို့ ဆိုးလ်မြို့တွင် တွေ့ဆုံ


 ဗြိတိန်ကာကွယ်ရေးဝန်ကြီး မိုင်ကယ်ဖာလွန်ဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟန်မင်းကျူးနှင့် ဆိုးလ်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ အဲဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ကဏ္ဍရပ်များ တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။ ဒါ့အပြင် အီဘိုလာရောဂါ ထိန်းချုပ်ရေးဆိုင်ရာ များကဲ့သို့ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း (၂)နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။ ဖာလွန်ဟာ တောင်ကိုရီးယားသို့ (၂)ရက်ကြာ ခရီးစဉ်အဖြစ် သည်မနက် အစောပိုင်းက ရောက်ရှိခဲ့တာ ဖြစ်ပါသည် (၁၉၅၀-၅၃)ခုနှစ်မှာ ဖြစ်ပွားခဲ့သည့် ကိုရီးယား ပြည်တွင်းစစ်ကြောင့် ဗြိတိန်တပ်ဖွဲ့ဝင် တစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။