မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် ဒီကနေ့ နံနက်ပိုင်းတွင်
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသည့် မကွေးတိုင်းဒေသကြီး တက္ကသိုလ်/
ကောလိပ်ပေါင်းစုံ ကြက်ခြေနီအသင်းများ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သွေးလှူဒါန်းသော မကွေးမြို့ပေါ်ရှိ တက္ကသိုလ်ကောလိပ်
အသီးသီးမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အတွက် အာဟာရဖြည့် ကျွေးမွေးရန် ကြက်ဥ၊ နွားနို့နှင့်
စားသောက်ဖွယ်ရာများ ကြက်ခြေနီအသင်းများ အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မကွေးမြို့ပေါ် တက္ကသိုလ် ကောလိပ်များမှ သွေးလှူဒါန်းနေသော
ကြက်ခြေနီတပ်ဖွဲ့ဝင်များ အတွက် သွေးစစ်ပေးနေသော ဆရာဝန်/ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်
အားပေးပြီး သွေးလှူဒါန်းနေသော ကြက်ခြေနီ မောင်မယ်များအား တစ်ဦးချင်းလိုက်လံ နှုတ်ဆက်၍
အားပေးစကား ပြောကြားခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မကွေးမြို့ပေါ်ရှိ
တက္ကသိုလ် ကောလိပ်များဖြစ်သော ဆေးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်များမှ ကျောင်းသား/ကျောင်းသူများအား
ရှေးဦးသူနာပြုစုခြင်း၊ ကြက်ခြေနီသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဝတ်စုံများ ထောက်ပံ့ပေးခြင်းများ
ပြုလုပ်ပေးလျက် ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment