Monday, September 29, 2014

(၁၇) ကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲ ၂၉-၉-၂၀၁၄ ရက်နေ့ မြန်မာ အားကစား အဖွဲ့များ ၀င်ရောက် ယှဉ်ပြိုင်မှုနှင့် ၃၀-၉-၂၀၁၄ ရက်နေ့တွင် မြန်မာ အသင်း ပါဝင် ယှဉ်ပြိုင်မည့် ပွဲစဉ်များ

အိမ်ရှင်အဖြစ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်မြို့တွင် ကျင်းပလျက်ရှိသော (၁၇) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲတွင် စက်တင်ဘာလ (၂၉) ရက်နေ့ မြန်မာ အားကစား အသင်းများ ၀င်ရောက် ယှဉ်ပြိုင်မှုများမှာ အင်ချွန်မြို့၊ ဘူဖျောင် ပိုက်ကျော်ခြင်း အားကစားရုံတွင် ကျင်းပ လျက်ရှိသော အမျိုးသား (၃)ယောက်တွဲ (Regue) ပိုက်ကျော်ခြင်း ပြိုင်ပွဲ အုပ်စုပွဲစဉ်များ အဖြစ် ဒေသစံတော်ချိန် နံနက် (၉)နာရီတွင် မြန်မာ အမျိုးသား အသင်းနှင့် တရုတ် အမျိုးသား အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာ အမျိုးသား အသင်းမှ (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပါသည်။ စက်တင်ဘာလ (၃၀) ရက်နေ့တွင် မြန်မာအားကစားအသင်းများ၏ ပြိုင်ပွဲ ပွဲစဉ်များတွင် အင်ချွန်မြို့ ဘူဖျောင်ပိုက်ကျော်ခြင်း အားကစားရုံ၌ အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်း (Regue) ပြိုင်ပွဲတွင် မြန်မာ အမျိုးသားအသင်းမှ ဒေသစံတော်ချိန် နံနက် (၉) နာရီတွင် ထိုင်းနိုင်ငံ အမျိုးသား အသင်းဖြင့်လည်းကောင်း၊ ဒေသစံတော်ချိန် နေ့လယ် (၂) နာရီတွင် စင်ကာပူနိုင်ငံ အမျိုးသားအသင်းဖြင့် လည်းကောင်း အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါသည်။ ဆက်လက်၍ အင်ချွန်မြို့ တိုက်ကွမ်ဒို အားကစားရုံ၌ကျင်းပမည့် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အိန္ဒြာအောင်မှ (၄၉) ကီလိုတန်းတွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါသည်။ နပမ်းအားကစားရုံ၌ ကျင်းပမည့် နပမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ၀ဏ္ဏထွန်းမှ (၅၉) ကီလိုတန်းတွင် ဒေသစံတော်ချိန် နေ့လယ် (၁၁) နာရီ၌ ၀င်ရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment