Wednesday, February 4, 2015

ရန်ကုန်-ဒလတံတားစီမံကိန်းပြန်လည်စတင်မည်



ရန်ကုန်မြို့တော်ကို နှစ် (၃၀) နှစ်ရှည် စီမံကိန်းရေးဆွဲပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင်  စီးပွားရေးမြို့တော်ဖြစ်သည့်ရန်ကုန်နှင့် မြစ်တစ်ခုသာခြားသည့် ဒလမြို့ကိုလည်း ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး ရန်ကုန်-ဒလတံတားစီမံကိန်းကို ရန်ကုန်မြစ်ကိုဖြတ်ပြီး တည်ဆောက်သွားမည်ဟု သိရပါသည်။ ၎င်းစီမံကိန်းကို ၂၀၁၁ ခုနှစ်အတွင်းက ကိုးရီးယားနိုင်ငံမှ လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၃ခုနှစ်ကတည်းက တည်ဆောက်ရန် စီမံချက်ရှိခဲ့သော်လည်း ကိုးရီးယားနိုင်ငံမှ ချေးငွေအလုံအလောက် မချထားပေးခြင်းနှင့် ဒလမြို့ရှိမြေဈေးများ တစ်ရှိန်ထိုးမြင့်တက်သွားခြင်းတို့ကြောင့် ၂၀၁၄ခုနှစ် နှစ်လည်ခန့်တွင် စီမံကိန်းကို ရပ်ဆိုင်းခဲ့ရပါသည်။ ယခုအခါတွင် မြန်မာ ကိုးရီးယားနှစ်နိုင်ငံသဘောတူညီချက်ရရှိပြီး ကိုးရီးယား နိုင်ငံက ချေးငွေချထားပေးပြီး ဖြစ်ခြင်းကြောင့် ၎င်းစီမံကိန်းကို ပြန်လည်စတင်မည်ဟု သိရပါသည်။ ၎င်းစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၆၈)သန်း ကုန်ကျမည်ဖြစ်ပြီး ကိုးရီးယားအစိုးရက (၁၃၈)သန်းချေးငွေ ချထားပေးမည်ဖြစ်ကာ ကိုးရီးယား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ EDCF က သန်း (၃၀)ကိုကူညီပေးမည် ဖြစ်ပါသည်။ ရန်ကုန်-ဒလမြစ်ကူးတံတားတွင် (၂.၉)ကီလိုမီတာ (၁)မိုင်ကျော်ရှိမည်ဖြစ်ပြီး ဆူးလေဘုရားလမ်း၊ ပြည်လမ်း၊ ဗိုလ်တထောင်လမ်းတို့နှင့် ဆက်သွယ်မည်ဖြစ်သည်ဟု သိရပါသည်။ စီမံကိန်းကာလတွင် (၅)နှစ်ကြာမြင့်မည်ဖြစ်ပြီး ပြည်တွင်းက လုပ်သားတွေအနေနှင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ပါသည်။ နေ့စဉ် ရန်ကုန်မြစ်ကိုဖြတ်ပြီး ရေကြောင်းခရီးသွားလာနေသူ ဦးရေ (၃)သောင်းခန့် ရှိခြင်းကြောင့် ၎င်းတံတားပြီးစီးသွားပါက ၎င်းလူတွေ၏ ရေကြောင်းအန္တရာယ်လည်း လျော့နည်းသွားမည် ဖြစ်ကြောင်း သိရပါသည်။ ဒလမြို့နေပြည်သူတွေအနေနှင့်လည်း စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးစသည့် အခွင့်အလမ်းများစွာ တိုးတက်လာနိုင်ဟု ဒေသခံများက ပြောကြောင်း သိရပါသည်။

No comments:

Post a Comment