Wednesday, April 1, 2015

မဏ္ဍပ်ဆောက်လုပ်ရန်လျှောက်ထားမှု ပိုမိုများပြားလာ



 မြန်မာ့ရိုးရာ မဟာသင်္ကြန် မကြာမှီကျရောက်မည်ဖြစ်ပါသည်။ ထို့ကြောင့် မဏ္ဍပ်များတည်ဆောက်ရေး၊ သန့်ရှင်းရေးကိစ္စများနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စည်းကမ်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။ နှစ်စဉ်နှစ်တိုင်း ရေကစားမဏ္ဍပ်ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး စရံငွေအဖြစ် မနှစ်ကမဏ္ဍပ်ကြီးအတွက် (၇၅)သိန်းနှင့် မဏ္ဍပ်လတ်အတွက် (၄၅)သိန်း ပေးသွင်းခဲ့ရပြီး  အခုနှစ်တွင် မဏ္ဍပ်ကြီးအတွက် ကျပ်သိန်း (၁၀ဝ)နှင့် မဏ္ဍပ်လတ်အတွက် ကျပ်သိန်း(၆၀) တိုးမြင့်ပေးသွင်းရပေသော်လည်း မဏ္ဍပ်ဆောက်လုပ်ရန် လျှောက်ထားမှုတွင် မနှစ်ကထက် ပိုမိုများပြားနေသည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီလမ်းနှင့် တံတားဌာနမှ သိရပါသည်။ မနှစ်က မဏ္ဍပ်ဆောက်လုပ်ရန်လျှောက်ထားမှုတွင် (၁၈၁)ခုရှိပြီး ယခုနှစ်တွင် မဏ္ဍပ် (၂၀၄)ခု ဆောက်လုပ် ခွင့်လျှောက်ထားကာ ရန်ကုန်တစ်မြို့လုံးအတွက် မဏ္ဍပ် (၇၀)ခန့် ချထားပေးမည်ဟု သိရပါသည်။ မဏ္ဍပ်များတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် ရွေ့လျားသန့်စင်ခန်းတွေကိုသာ အသုံးပြုရမည်ဖြစ်ပြီး ၎င်းသန့်စင်ခန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ငှားရမ်းပေးသွားမည်ဖြစ်ပြီး မဏ္ဍပ်ကြီးအတွက် တစ်ရက်လျှင်ငွေကျပ် တစ်သိန်း မဏ္ဍပ်လတ်အတွက် (၄)သောင်းနှင့် မဏ္ဍပ်ငယ်အတွက် (၂)သောင်းကျသင့်မည်ဖြစ်ပါသည်။ ရေကစားမဏ္ဍပ်များအတွက် သန့်ရှင်းရေး ဆောင်ရွက်မှုကိုလည်း မြို့တော်စည်ပင်မှ ဆောင်ရွက်မည်ဖြစ်ပြီး ကျသင့်ငွေကို အထက်ပါအတိုင်းပေးဆောင် ရမည်ဖြစ်ပါသည်။ သင်္ကြန်မဏ္ဍပ်များကို သင်္ကြန်မကျမှီ (၃)ရက်အလိုတွင် အပြီးဆောက်လုပ်ရမည်ဖြစ်ပြီး သင်္ကြန်အပြီး (၅)ရက်အတွင်းတွင် အပြီးဖျတ်သိမ်းပေးရမည်ဖြစ်ကြောင်း သိရပါသည်။  
 

No comments:

Post a Comment