Monday, August 3, 2015

ငမိုးရိပ်ရေလှောင်တမံရေလှောင်ပမာဏ ပြည့်မီခြင်းမရှိသေးဘဲ ခိုင်ခံ့ကောင်းမွန်လျက်ရှိ



ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေလှောင်တမံ၏ ရေပြည့် အမှတ်သို့ ရောက်ရှိရန် အမြင့် ၄ လက်မခန့်လိုအပ်ပြီး သတ်မှတ်ရေလှောင် ပမာဏ ပြည့်မီပါက ရေပိုလွှဲမှ တစ်ဆင့် ယခင်နှစ်များသကဲ့သို့ ရေထုတ်လွှတ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေလှောင်တမံ၏ ရေသိုလှောင်နိုင်မှု ပမာဏမှာ ၁၈၀၀၀၀ ဧကပေ၊ လက်ရှိ ရေလှောင်ပမာဏမှာ ၁၇၇၀၀၀ ဧကပေဖြစ်ပြီး ရေလှောင်တမံ၏ အမြင့်မှာ ၁၂၀ ပေ၊ ကန်ရေပြည့် ရေအမှတ်မှာ ၁၀၇ ပေနှင့် လက်ရှိရေ အမှတ်မှာ ၁၀၆ ဒသမ ၇ ပေဖြစ်၍ ကန်ရေပြည့်အမှတ်သို့ ရောက်ရှိရန် ၀ ဒသမ ၃ ပေ လိုအပ်ပြီး ရေပိုလွှဲမှ ရေထုတ်လွှတ်မှုနှင့် ရေကျော်ကျမှုများမရှိကြောင်း၊
ရေလှောင်ပမာဏနှင့် ဆည်တာတမံ ကြံ့ခိုင်မှုအတွက် ရေကင်းများချထားပြီး စောင့်ကြပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေလှောင်တမံမှာ ခိုင်ခံ့ကောင်း မွန်မှုရှိကြောင်း ယနေ့ မွန်းလွဲ(၂)နာရီ တိုင်းထွာချက်အရသိရသည်။ ငမိုးရိပ်ရေလှောင်တမံတွင် သတ်မှတ်ရေလှောင်ပမာဏ ထက် ပြည့်မီပါက ရေပိုလွှဲမှတစ်ဆင့် ငမိုးရိပ် ချောင်းအတွင်းသို့ ထုတ်လွှတ်ခြင်းကို ရေလှောင်တမံ ဆောက်လုပ်ပြီးစီးခဲ့သည့် ၁၉၉၅ ခုနှစ်မှစ၍ ယမန်နှစ် ကအထိ ထုတ်လွှတ်ခဲ့ရာ ဒီရေတက်မှုနှင့် တိုက်ဆိုင်ချိန်များတွင် ချောင်းတစ်လျှောက်၌ ရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်မြို့တော်အတွက် တစ်နေ့လျှင် ရေဂါလံ သန်း ၉၀ ကျော် ပို့လွှတ် ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်နှင့် ဒဂုံမြို့သစ်မြို့နယ်များရှိ လယ်ဧက ၃၀၀၀၀ ကျော်ရေရရှိရေးအတွက်လည်း ဖြန့်ဝေပေးလျက်ရှိသည်။

No comments:

Post a Comment