Monday, November 30, 2015

လေးခုမြောက်ဆက်သွယ်ရေးလိုင်စင်အတွက် မိတ်ဖက်ကုမ္ပဏီရွှေးချယ်

မြန်မာနိုင်ငံ၏ လေးခုမြောက်ဆက်သွယ်ရေးအော်ပရေတာလိုင်စင်အတွက် ပြည်တွင်းက ကုမ္ပဏီ လုပ်ငန်းစုနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရန် နိုင်ငံတကာမိတ်ဖက်ကုမ္ပဏီအား အပြည်ပြည်ဆိုင်ရာတင်ဒါစနစ်နှင့် ခေါ်ယူခြင်းကို ဂျာမန်ကုမ္ပဏီရိုလန်ဘာဂါက ဆောင်ရွက်ပေးမည်ဟု သိရပါသည်။ စတုတ္ထထမြောက် ဆက်သွယ်ရေးလိုင်စင်ကို ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီတွေ ပူးပေါင်းဖွဲ့စည်းထားသည့် အထူးပြုကုမ္ပဏီနှင့် နိုင်ငံတကာ မိတ်ဖက်ကုမ္ပဏီကို ချထားပေးသွားမည်ဖြစ်ပြီး တင်ဒါခေါ်ယူရာတွင် အကူအညီပေးရန် ရိုလန်ဘာဂါကို ငှားရမ်းထားကြောင်းကို ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြောင်း သိရပါသည်။ အထူးပြုကုမ္ပဏီကို မြန်မာကုမ္ပဏီ (၁၁)ခုနှင့်ဖွဲ့စည်းထားပြီး နိုင်ငံတကာ မိတ်ဖက်ကုမ္ပဏီရွှေးချယ်ရန်အတွက် ရိုလန်ဘာဂါကို အလုပ်အပ်သွားကြောင်း သိရပါသည်။ လေးခုမြောက် ဆက်သွယ်ရေးလိုင်စင်အတွက် နိုင်ငံတကာမိတ်ဖက် ကုမ္ပဏီရွှေးချယ်ရန် တင်ဒါခေါ်ယူမည့် နေ့ရက်နှင့် အချိန်ကို မသိရသေးဟု သိရပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် တယ်လီနောသုံးစွဲသူ (၁၁.၈)သန်းနှင့် အူရီဒူး သုံးစွဲသူ (၄.၈)သန်းရှိပြီး နိုင်ငံပိုင်လုပ်ငန်းဖြစ်သည့် MPT သုံးစွဲသူ (၁၆)သန်းကျော်ရှိပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် နည်းပညာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံလိုသူ အလွန်များပြားလျက်ရှိပြီး ၂၀၁၂ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆက်သွယ်ရေးလိုင်စင်နှစ်ခုအတွက် တင်ဒါခေါ်ယူခဲ့ရာ နိုင်ငံတကာမှ ဆက်သွယ်ရေးကုမ္ပဏီပေါင်း (၉၁)ခု အထိ စိတ်ဝင်စားမှု အဆိုပြုလွှာများ တင်သွင်းလျှောက်ထားခဲ့ကြကြောင်း သိရပါသည်။ 

No comments:

Post a Comment