Wednesday, November 4, 2015

နေပြည်တော် ကုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံသစ် ဖွင့်လှစ်

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော် ကုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ(၄)ရက် နံနက်(၉)နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အဆိုပါ ဆေးရုံ မျက်နှာစာတွင် ကျင်းပရာ နေပြည်တော်ကောင်စီ ဝင် ဒေါက်တာပိုင်စိုး၊ ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ရီရီမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဆေးရုံဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဝင်နှင့် ဧည့်သည်တော်များသည် ကမ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးကြပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ ဆေးရုံ တက်ရောက်ကုသမှု ခံယူ နေကြသော လူနာများအားရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး သည်။
ကုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်တွင် ပြင်ပလူနာဌာန၊ အပ်စိုက်ကုသခန်း၊ ပေါင်းချွေးခန်း၊ ပဉ္စကမ္မကုသခန်း၊ အကြောပြင်ဆေး ကုသခန်း၊ အနာပေါက်ကုသခန်း၊ အမျိုးသား လူနာဆောင်၊ အမျိုးသမီး လူနာဆောင် တို့ပါဝင်သည်။ အဆိုပါဆေးရုံသည် အလျား(၁၃၄)ပေ၊ အနံ(၅၆)ပေ၊ အမြင့်(၂၄)ပေရှိ ၂ထပ် RC အဆောက် အဦးဖြစ်သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စတင် ဆောက် လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လတွင် ဆောက် လုပ်ပြီးစီး ခဲ့ကာ နိုင်ငံတော်မှ ကျပ်သိန်းပေါင်း (၉၁၈၁)သိန်း အကုန်အကျခံ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တစ်နိုင်ငံလုံးတွင် ကုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ (၃)ရုံ၊ ကုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ (၉)ရုံ၊ (၂၅) ကုတင်ဆံ့ တိုင်းရင်းဆေးရုံ (၆)ရုံ၊ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ(၁၂)ရုံ၊ ခရိုင် အဆင့် တိုင်းရင်းဆေးကုဌာန (၅၀) ဌာန၊ မြို့နယ်အဆင့်တိုင်းရင်းဆေးကုဌာန (၂၁၀)ဌာန တို့ဖြင့် ပြည်သူ လူထုအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက် မှုပေးလျှက် ရှိရာ ယခု နေပြည်တော်တွင် တိုင်းရင်းဆေးရုံ ဖွင့်လှစ်နိုင် ခဲ့ပြီဖြစ် သဖြင့် နေပြည်တော်နှင့် အနီး ပတ်ဝန်းကျင် ဒေသခံပြည်သူများအား တိုင်းရင်း ဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ပိုမိုဆောင်ရွက်ပေးနိုင် တော့မည်ဖြစ် ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment