Tuesday, December 29, 2015

ပုဂံဒေသ၏ နေဝင်ချိန်ကို ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေစွာကြည့်ရှုနိုင်မည့် နေရာသစ် တစ်ခုဖန်တီးပေးမည်



 လက်ရှိအချိန် မြန်မာနိုင်ငံ၏ ခရီးသွားရာသီဖြစ်ပြီး နိုင်ငံခြားခရီးသွားအများဆုံး လာရောက် လည်ပတ်သည့်ဒေသများသည် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးနှင့် ကျိုက်ထီးရိုးစေတီတို့ဖြစ်ပါသည်။ ၎င်းခရီးသွား နေရာများထဲမှ ပုဂံဒေသ၏နေဝင်ချိန်ကို လာရောက်ကြည့်ရှုကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများပြားလာပြီး နေရာမလုံလောက်ခြင်းကြောင့် ပုဂံ၏နေဝင်ချိန်ကို ကြည့်ရှုနိုင်မည့် နေရာသစ်ကို စူဠာမဏိစေတီဘေးတွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ ဖန်တီးပေးသွားမယ်လို့သိရပါသည်။ ၎င်းပုဂံဒေသ၏ နေဝင်ချိန်နေရာသစ်ကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် စူဠာမဏီစေတီဘေးမှာရှိသည့် ရေကန်ဘောင်ကို နေဝင်ချိန်ကြည့်ရှုနိုင်မည့် အနေအထားရောက်အောင် ရှေးဟောင်း အမွေအနှစ်တွေမထိခိုက်စေသည့် ပုံစံမျိုးနှင့် မြှင့်တင်ပေးသွားရန် စီစဉ်သွားမည်ဖြစ်ပါသည်။ လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ၏ နေဝင်ချိန်ကို ရွှေဆံတော်ဘုရား၊ ပြဿာဒ်ကြီးဘုရားနှင့် ဧရာဝတီမြစ်အတွင်းမှ လှေများဖြင့် ကြည့်ရှုနိုင်ရန် ခွင့်ပြုပေးထားပြီး နေ့စဉ်လာရောက် ကြည့်ရှုသူထောင်နှင့်ချီ၍ရှိပါသည်။ ပုဂံဒေသသို့ နိုင်ငံခြား  ခရီးသွားဧည့်သည် ဝင်ရောက်မှုတွင် ၂၀၁၄ခုနှစ်အတွင်း နှစ်သိန်းလေးသောင်းကျော်ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၅ခုနှစ် တွင် နှစ်သိန်းငါးသောင်းကျော်အထိ ဝင်ရောက်နိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment