Tuesday, November 1, 2016

ကန့်သတ်တည်းခိုခန်းများတွင် နိုင်ငံခြားသားဧည့်သည် လက်ခံပါက အရေးယူမည်



 စည်ပင်လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် ဟိုတယ်နှင့်တည်းခိုခန်းများတွင် နိုင်ငံခြားခရီးသွား ဧည့်သည်များကို တည်းခိုနေထိုင်ခွင့်ပြုပါက ဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေအရ ဝန်ကြီးဌာနက ခွင့်ပြုထားသည့် ဟိုတယ်မှလွှဲ၍ တစ်ခြား ဌာနတစ်ခုခုက ခွင့်ပြုထားသည့် တည်းခိုခန်းများ လိုင်စင်မရှိသည့် တည်းခိုခန်းများအနေနှင့် နိုင်ငံခြားသားတည်းခိုခွင့် မပြုရဟု ထုတ်ပြန်ထားပါသည်။ စည်ပင်သာယာရေးလုပ်ငန်းခွင့်ပြုလိုင်စင်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် တည်းခိုခန်းများတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်တည်းခိုခြင်းမှ တားဆီးနိုင်ရန် ထိုတည်းခိုရိပ်သာများ၏ အမည်များနှင့် ကြော်ငြာဆိုင်းဘုတ်များ၌ မြန်မာဘာသာဖြင့် ဖော်ပြပေးရန်နှင့် နိုင်ငံခြားသားများကို တည်းခိုခွင့် ပြုပေးနိုင်သည့် ဟိုတယ်နှင့် တည်းခိုခန်းများကို အင်္ဂလိပ်စာလုံးနှင့် ကြေငြာပေးရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးဌာန၏ ညွှန်ကြားရေးမှူးဦးမြင့်ထွေးက ပြောပါသည်။  ညွှန်ကြားချက်ကိုလိုက်နာခြင်းမရှိပါက ထောင်ဒဏ် (၃)နှစ်ဖြစ်စေ၊ ငွေဒဏ် ငါးသောင်းကျပ် ဖြစ်စေ၊ (သို့မဟုတ်) ဒဏ် (၂)ရပ်လုံးဖြစ်စေ ဥပဒေအရ ကျခံရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်ပေါင်း (၁၃၇၁)လုံး၊ အခန်းပေါင်း (၅၃၀ဝ၀)ကျော် ရှိပါသည်။ ယခုဘဏ္ဍာနှစ် (၂၀၁၆-၂၀၁၇)အတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည် (၅ဒသမ ၅ သန်းခန့်) လာရောက်မည်ဟုခန့်မှန်းထားရာ ယနေ့အချိန်ထိ ခရီးသွားဧည့်သည် (၂ဒသမ ၄သန်း)ကျော် ဝင်ရောက်ပြီး ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှတ်တမ်းများအရသိရပါသည်။

No comments:

Post a Comment