Monday, June 30, 2014

မြောက်ဝါဇစ် ရစ္စတန်ဒေသတွင် မြေပြင်ထိုးစစ် ဆင်ရေးများစတင် ဆောင်ရွက်

ပါကစ္စတန် နိုင်ငံရှိ တာလီဘန်များ ကြီးစိုးရာ မြောက်ဝါဇစ် ရစ္စတန်ဒေသမှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး သီတင်းနှစ်ပတ် ကြာပြီးနောက် (၃၀-၆-၁၄) ရက်နေ့က မြေပြင်ထိုးစစ် ဆင်ရေးများစတင် ဆောင်ရွက်ခဲ့ကြောင်း ပါကစ္စတန် တပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ တပ်ဖွဲ့ဝင်များဟာ မြောက်ဝါဇစ် ရစ္စတန်ဒေသရှိ မီရန်ရှားမှာ ဗုံးပြုလုပ်တဲ့ စက်ရုံများနဲ့ မြေအောက် လှိုက်ခေါင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ အစီရင်ခံစာက ပြောပါသည်။ ပါကစ္စတန်ရဲ့ မဟာမိတ် အထူးသဖြင့် အမေရိကန် နိုင်ငံဟာ အာဖဂန်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဝေးလံခေါင်ဖျား တောင်တန်းဒေသ မြောက်ဝါဇစ် ရစ္စတန်ရှိ တာလီဘန်များ ကြီးစိုးရာနေရာကို ဖယ်ရှားရန် အစိုးရအား နှစ်ပေါင်းများစွာ တိုက်တွန်းခဲ့ပါသည်။ ပါကစ္စတန် တပ်ဖွဲ့ဟာ တိုးတက်မှု အနည်းငယ် ရရှိခဲ့တဲ့ အစိုးရနဲ့ လက်နက်ကိုင် များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးနောက် ဇွန်လ(၁၅)ရက်နေ့မှာ လေကြောင်း စစ်ဆင်ရေးကို စတင်ခဲ့တာ ဖြစ်ပါသည်။ ဝန်ကြီးချုပ် နဝက်ဇ်ရှရစ်ဖ်ဟာ လက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခုရရှိရန် စိတ်အား ထက်သန်နေတာ ဖြစ်ပါသည်။ ဒါပေမဲ့ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတဲ့ ဆွေးနွေးပွဲအတွင်း တာလီဘန်များဟာ လူပေါင်း(၃၄)ဦး သေဆုံးခဲ့တဲ့ ကရာချိ လေဆိပ်တိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ပါသည်။ ပါကစ္စတန် တပ်မတော်က မြောက်ဝါဇစ် ရစ္စတန်ဒေသရှိ ပြည်သူများ အားလုံးကို ရွေ့ပြောင်းရန်နဲ့ နေအိမ်များကို စွန့်ခွာရန် အမိန့်ထုတ်ပြန် ခဲ့ပါသည်။ လေကြောင်းစစ်ဆင်ရေး စတင်ကတည်းက လက်နက်ကိုင် (၃၇၆)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး လက်နက်ချ အဖမ်းခံခဲ့ပြီး တပ်ဖွဲ့ဝင်(၁၇)ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment