မွေးဖွားမှုနှင့်
သေဆုံးမှု မှတ်ပုံတင်ခြင်း ဆိုင်ရာ လုပ်ငန်း စာရင်းဇယားများ ပူးပေါင်း ဆောင်ရွက်ရေး
လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၉) ရက်က မန္တလေးတိုင်း ဒေသကြီး ၊ မြင်းခြံမြို့ရှိ
မဏိကဉ္စနာ ခန်းမမှာ ကျင်းပရာ မွေးဖွားမှု နှင့် သေဆုံးမှု မှတ်ပုံတင်ခြင်း ဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ
ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၊ အဖွဲ့ခေါင်းဆောင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း က မိမိတို့ နိုင်ငံ၏ မွေးဖွားမှုနှင့် သေဆုံးမှု
ဆိုင်ရာ မှတ်ပုံတင်ခြင်း စနစ်များ ပိုမိုအားကောင်း လာစေရေးနှင့် ကလေးသူငယ်များ၏ အခွင့်အရေး
ဆုံးရှုံးမှု မရှိစေရေး အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊
ကျေးရွာ အဆင့်မှ တာဝန်ရှိသူများ က လုပ်ငန်းများ အောင်မြင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိနားလည်စေရေး အတွက်
ဗဟိုအဆင့် သင်တန်းများ အပြင်၊ တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် အလိုက် ဆင့်ပွား သင်တန်းများ ဖွင့်လှစ်ပို့ချပြီး
ဖြစ်ပါကြောင်း၊ မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်း လုပ်ငန်းအား ပြည်သူများ သိရှိနားလည်လိုက်ပါ
ဆောင်ရွက်စေရေး အတွက် အသိပညာပေးရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမည်
ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် သည် လူတစ်ဦး မွေးဖွားသည်မှ စ၍ သေဆုံးသည် အထိ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး
အတွက် လည်းကောင်း၊ ကလေးသုငယ် အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်း အတွက် လည်းကောင်း
ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် ဖြစ်၍ အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်း
ကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်းဖြင့် ရှင်းလင်း ပြောကြားပါသည်။ အဲဒီနောက် တက်ရောက်
လာကြသူများက ခရိုင်နှင့်မြို့နယ် အလိုက် ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်း လိုအပ်ချက်များကို
ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီး က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်
အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment