ပညာရေး ဝန်ကြီးဌာန
အဆင့်မြင့်ပညာကဏ္ဍ၏ လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု လုပ်ငန်းများ ကာလလယ် သုံးသပ် ဆွေးနွေးပွဲကို
ဇူလိုင်လ ၃၁ရက် နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမမှာ ဆက်လက်ကျင်းပရာ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က ဆွေးနွေးမှာကြားရာတွင်
ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၂ခုနှစ် မှ စတင်ပြီး
ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့ပါကြောင်း၊
၂၀၁၃ခုနှစ် မှစတင်ပြီး နိုင်ငံတော်သမ္မကြီး၏ လမ်းညွှန်ချက်နှင့်အညီ လက်တွေ့ကျသော ပညာရေးကဏ္ဍ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လတ်တလော ဆောင်ရွက်ရမည့်
လုပ်ငန်းများ၊ ရေတို ရေရှည် စီမံကိန်းများ ရေးဆွဲပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများဟူ၍
ကဏ္ဍခွဲခြားပြီး အစီအစဉ်တကျ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးဝန်ထမ်းများ အားလုံးက ပညာရေး မြှင့်တင်မှု
လုပ်ငန်းများတွင် မပြတ်မလပ် စေရအောင် တစ်စိုက်မတ်မတ်၊ အင်တိုက်အားတိုက်၊ မညည်းမညူဘဲ
ပူးပေါင်း ဆောင်ရွက်နေမှုများကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပညာရေး မြင့်မားစေရန်အတွက်
ဆရာ၊ ဆရာမများ၏ အရည်အသွေး မြင့်မားရမည် ဖြစ်ပါကြောင်း၊ ပညာရည် မြင့်မား တိုးတက်စေရေးအတွက်
နိုင်ငံတကာ တက္ကသိုလ် အသိုင်းအဝန်းနှင့်လည်း ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊
ဆရာ၊ ဆရာမ တို့၏ အရည်အသွေး မြင့်မားရေး နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည် မြင့်မားရေးအတွက်
ပြည်တွင်း၊ ပြည်ပ ပညာတော်သင်ဆုများကိုလည်း တိုးမြှင့် ရွေးချယ်လျက် ရှိပါကြောင်း၊ စာကြည့်တိုက်များတွင်
စာအုပ်များ ကွန်ပျူတာများ ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းလျက် ခမ်းခမ်းနားနား အဆင့်မြင့်
စာကြည့်တိုက်များ ဖြစ်အောင် တည်ထောင်ရမည် ဖြစ်ကြောင်း၊
တက္ကသိုလ် အဆင့်မြင့်တင်သကဲ့သို့ ပါမောက္ခချုပ်ကြီးများ အနေဖြင့် တက္ကသိုလ် ၏ ဦးဆောင်သူ
တာဝန်ကို အပြည့်အဝ တာဝန်ယူရမည် ဖြစ်ပါကြောင်း၊
တက္ကသိုလ် ပညာရေး မြှင့်တင်မှု အစီအစဉ်များကို စီမံ/ သင်ကြား ဝန်ထမ်းများ အားလုံး
သိရှိအောင် ရှင်းလင်းအသိပေး ရမည်ဖြစ်ကြောင်း ၊ အဆင့်မြင့် ပညာရေး ဥပဒေ (မူကြမ်း)ကို အသေးစိတ် လေ့လာပြီး သုံးသပ်၊
အကြံပြု၊ ဖြည့်စွက်၊ ပြင်ဆင် ပေးပါရန် ဖိတ်ခေါ်ပါကြောင်း၊ ယနေ့ကာလ ဆောင်ရွက်နိုင်သည်ထက်
မနက်ဖြန် ကာလတွင် တိုးမြှင့် ဆောင်ရွက်နိုင်ရန် ကြိုးစား အားထုတ် နေကြရမည် ဖြစ်ကြောင်းဖြင့်
ဆွေးနွေးမှာကြား ပါသည်။
No comments:
Post a Comment