Thursday, July 31, 2014

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း နယ်ပယ်တွင် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင် ဖန်တီးဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား




လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း နယ်ပယ်တွင် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင် ဖန်တီးဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၃၁)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ ဇမ္ဗူသီရိဟိုတယ်တွင် ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည် က အဖွင့်အမှာစကား ပြောကြားရာမှာ လူမှုဝန်ထမ်း ဦးစီးဌာနသည် လုပ်ငန်းကြီး(၈)ရပ် ရှိသည့်အနက်မှ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရှိသည့် မသန်စွမ်းသူများ အားလုံး လူသားတိုင်း ခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေး များကို တန်းတူညီမျှ အပြည့်အဝ ရရှိရေးနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ ယခုထက် စွမ်းအားဖြည့် ပိုမိုပါဝင်လာအောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း နယ်ပယ်များ၌ မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင် ဖန်တီးဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းကို (ယူအန် ဟတ်ဘစ်တက်) ၏ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ငန်းနယ်ပယ်တွင် ရှိသည့် ဝန်ထမ်းများအနေဖြင့် မသန်စွမ်းမှုနှင့် အကြုံးဝင်သော ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း သဘောတရား အမြင်များ သိရှိအသုံးပြု နိုင်ရေးအတွက် အသိပညာပေးရန် ဖြစ်ပါကြောင်း၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုဝန်ထမ်း လုပ်ငန်းရပ်များအား သိရှိနားလည်ပြီး မသန်စွမ်းမှုနှင့် မသန်စွမ်းသူများဆိုင်ရာ အရေးကိစ္စတို့ကို နားလည်ခံစားမှု ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး (ယူအန် ဟတ်ဘစ်တက်) မှ (Capacity Development Advisor) မစ္စတာ ရာဟူးလ် ပန်ဒစ် က ဆွေးနွေးပွဲ သင်တန်း ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြီး ဆွေးနွေးပွဲကို ဩဂုတ်လ(၂)ရက်နေ့ အထိ ကျင်းပမှာဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment