ပြည်သူများအတွက်
နိုင်ငံ့ဝန်ထမ်းများအားလုံး စေတနာထား ဆောင်ရွက်ပေးရေးနှင့် ပတ်သက်ပြီး ဇူလိုင်လ(၃၀)ရက်က
ကယားပြည်နယ်၊ ပြည်နယ် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့်
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပါသည်။ ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက
ကယားပြည်နယ်အတွင်း တာဝန် ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို
တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြစေလိုပါကြောင်း၊ အချို့ဝန်ထမ်းများမှာ မိမိတို့ တာဝန်ကျရာ
ဒေသများတွင် မရှိသည့်အတွက် ပြည်သူများအတွက် ဆေးဝါးကုသမှု ခံယူရာတွင် အခက်အခဲ ရှိနေသည်ကိုလည်း
တွေ့ရှိရပါကြောင်း၊ ဆရာဝန် ဆရာမများက မိမိတို့တာဝန်ကျရာ နေရာများသို့ ပြည်သူများအတွက်
ကျန်းမာရေး စောင့်ရှောက်မှုကို စေတနာထားပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာဝန် ဆရာမများ၏
လုပ်ငန်းများသည် အလွန်မွန်မြတ်သော လုပ်ငန်းဖြစ်သည့် အတွက် ကောင်းမွန်အောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့်
ပြောကြားပါသည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ များက ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က
လိုအပ်ချက်များကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင်လ(၃၁)ရက်နေ့တွင် ကယားပြည်နယ် စည်ပင်သာယာရေး အဖွဲ့ရုံးသို့
ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။ ထို့နောက် ကယားပြည်နယ် ဥပဒေချုပ် ဦးဌေးအောင်က
စည်ပင်သာယာရေးနှင့် ဆိုင်သည့် ဥပဒေ အကြောင်းအရာများအား ရှင်းလင်းပြောကြားပီး တက်ရောက်လာကြသူများက
ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်း တင်ပြကြပါသည်။
ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment