Tuesday, January 27, 2015

လစ်ဗျားနိုင်ငံတွင် အထပ်ပေါင်း(၂၃)ထပ်ရှိသည့် ဇိမ်ခံဟိုတယ်တစ်ခုအား တိုက်ခိုက်မှုဖြစ်ပွား




လစ်ဗျားနိုင်ငံ ထွိုင်ပိုလီမြို့ရှိ အထပ်ပေါင်း(၂၃)ထပ်ရှိသည့် အဆင့်မြင့် ဇိမ်ခံဟိုတယ်တစ်လုံးမှာ သေနတ်သမားများမှ ၀င်ရောက်တိုက်ခိုက်မှု ဇန်န၀ါရီလ(၂၇)ရက်နေ့က ဖြစ်ပွားခဲ့ရာ လုံခြုံရေးဝန်ထမ်း(၃)ဦးသေဆုံးခဲ့ပြီး ဓါးစားခံများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရကြောင်း  လစ်ဗျားတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ ဟိုတယ်၏ အပြင်ဘက်မှာ လက်နက်ကိုင်များက ကားဗုံးခွဲ တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေး ၀န်ထမ်းများ သေဆုံးခဲ့ရကြောင်းနှင့် (၃)ဦးထက်မနည်းသည့် တိုက်ခိုက်ရေး သမားများဟာ ဟိုတယ်အတွင်းသို့ ၀င်ရောက်ခဲ့တာဖြစ်ကြောင်း သိရပါသည်။ အဆိုပါဟိုတယ်သည် ပြည်ပနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အဆင့်မြင့် အရာရှိများ မကြာခဏ လာရောက် တည်းခိုလေ့ရှိပြီး တိုက်ခိုက်မှုအတွင်း ၄င်းဟိုတယ်မှာ တည်းခိုနေသည့် နိုင်ငံခြားသား(၃)ဦးနှင့် တာဝန်ရှိသူများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ထုတ်လွင့်ခဲ့ပါသည်။ ပြီးခဲ့သည့် နွေရာသီက တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ထွိုင်ပိုလီမြို့မှာ ဖွင့်လှစ်ထားသည့် နိုင်ငံခြား သံရုံးများမှ အချို့ကို ပိတ်သိမ်းထားပေမယ့် စီးပွားရေး သမားအချို့နှင့် ကုန်သွယ်ရေး ကိုယ်စားလှယ်များကတော့ ထွိုင်ပိုလီမြို့သို့ လာရောက်ကြဆဲ ဖြစ်ပါသည်။ အခုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ မသိရှိရသေးပေမယ့် အိုင်အက်စ် လက်နက်ကိုင်များနှင့် ဆက်နွယ်နေသည့် အကြမ်းဖက် လက်နက်ကိုင်များ၏ လုပ်ရပ်ဖြစ်ကြောင်း (SITE)စောင့်ကြည့်ရေး အဖွဲ့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment