Saturday, January 31, 2015

မြန်မာ- လာအို ချစ်ကြည်ရေး တံတားဆိုင်ရာ Ministerial Meeting ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မြန်မာ- လာအို ချစ်ကြည်ရေး တံတားဆိုင်ရာ Ministerial Meeting ဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီ (၃၀)ရက် နံနက် ဒေသစံတော်ချိန် (၈)နာရီခွဲတွင် မြန်မာ- လာအို ချစ်ကြည်ရေး တံတား စီမံကိန်း (လာအိုဘက်ကမ်း စီမံကိန်း ရှင်းလင်းဆောင်) ၌ ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုနိုင်ငံမှ ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီး H.E. Dr. Bounchanh SINTHAVONG ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့များနှင့် တံတား စီမံကိန်းမှ တာဝန်ရှိသူများ တက်ရောက်ပါသည်။ ရှေးဦးစွာ လာအိုနိုင်ငံမှ Mr. SaysongKharn က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ လာအိုနိုင်ငံ ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီး H.E. Dr. Bounchanh SINTHAVONG က အဖွင့် အမှာစကား ပြောကြားပါသည်။ ထို့နောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က မြန်မာ- လာအို ချစ်ကြည်ရေး တံတားဆိုင်ရာ နှစ်နိုင်ငံ Ministerial Meeting ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ မြန်မာ- လာအို ချစ်ကြည်ရေး တံတား တည်ဆောက်မှုနှင့် ပတ်သက်၍ လာအိုနိုင်ငံ တံတား တည်ဆောက်ရေး တာဝန်ခံက လာအိုနိုင်ငံဘက်မှ တာဝန်ယူ ဆောင်ရွက်သည့် တံတား တည်ဆောက်ရေး လုပ်ငန်းများကို လည်းကောင်း၊ မြန်မာနိုင်ငံ တံတား တည်ဆောက်ရေး တာဝန်ခံက မြန်မာနိုင်ငံဘက်မှ တာဝန်ယူ ဆောင်ရွက်နေသော တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်း တင်ပြကြပါသည်။ ထို့နောက် မြန်မာ- လာအို နှစ်နိုင်ငံ ဝန်ကြီးအဆင့် အပြန်အလှန် ဆွေးနွေးရာတွင် မြန်မာနိုင်ငံဘက်ခြမ်း Border Control Facilities လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လာအိုဘက်ခြမ်း Border Control Facilities လုပ်ငန်းများ ဆောင်ရွက်နေမှု၊ တံတားခံနိုင်ဝန်စမ်းသပ်မည့်အချိန်၊ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများ MOU လက်မှတ် ရေးထိုးမည့် အခြေအနေ၊ တံတားတွင် အသုံးပြုနိုင်ရန် အတွက် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှု၊ သံဘောင် တပ်ဆင်ရေး ပစ္စည်းများ ခွဲဝေ သုံးစွဲမည့် အခြေအနေ၊ Land Transport Agreement လက်မှတ် ရေးထိုးရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ တံတားဖွင့်ပွဲ ကျင်းပ ပြုလုပ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဆွေးနွေးကြပါသည်။ ဆက်လက်၍ ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေး တင်ပြကြပြီး လာအိုနိုင်ငံ ပြည်သူ့ လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီး H.E. Dr. Bounchanh SINTHAVONG က နိဂုံးချုပ် အမှာစကား ပြောကြားကာ ဆွေးနွေးပွဲအ ခမ်းအနား ပထမပိုင်းကို ရပ်နားခဲ့ပါသည်။ ထို့နောက် နှစ်နိုင်ငံ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လာအိုနိုင်ငံဘက်တွင် Border Control Facilities တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ လာအိုဘက်ကမ်း ချဉ်းကပ်လမ်းနှင့် မြန်မာ- လာအို ချစ်ကြည်ရေး တံတားမှ ဇင်းကုတ်အထိ လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လေ့လာ ကြည့်ရှုပါသည်။ ၎င်းနောက် ဆွေးနွေးပွဲ အစီအစဉ် ဒုတိယပိုင်း မြန်မာ- လာအို ချစ်ကြည်ရေး တံတားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ MOM လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို နံနက်(၁၁) နာရီခွဲတွင် ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် လာအိုနိုင်ငံ ပြည်သူ့ လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီး H.E. Dr. Bounchanh SINTHAVONG တို့က MOM လက်မှတ် ရေးထိုးပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မြန်မာ- လာအို ချစ်ကြည်ရေး တံတားဆိုင်ရာ Ministerial Meeting ဆွေးနွေးပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ- လာအို ချစ်ကြည်ရေး တံတား ပင်မတံတား သံဘောင် တပ်ဆင်ပြီးစီးမှု၊ တံတား ကြမ်းခင်းများ ခင်းရန် ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုခဲ့ပါသည်။ မြန်မာ- လာအို ချစ်ကြည်ရေး တံတားသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ် နှင့်လာအိုနိုင်ငံ၊ လွမ်းနမ်သာပြည်နယ်၊ ဇင်းကုတ်တို့ကို ဆက်သွယ်၍ မဲခေါင်မြစ်ကို ဖြတ်သန်းကာ တည်ဆောက် ထားသည့် တံတား တစ်စင်းဖြစ်ပြီး တံတား အမျိုးအစားမှာ သံမဏိ သံဘောင် တံတား အမျိုးအစားဖြစ်၍ ပင်မတံတား အရှည်(၁၁၈၁)ပေ၊ ချဉ်းကပ်လမ်း နှစ်ဖက်အရှည် (၁၀၈၈)ပေ စုစုပေါင်း တံတားအရှည် (၂၂၆၉)ပေ ရှိကာ ယာဉ်သွား လမ်းအကျယ်(၂၈)ပေ၊ ယာဉ်နှစ်လမ်းသွားနှင့် လူသွားလမ်း တစ်ဖက်လျှင် (၃)ပေ (၆)လက်မစီပါရှိပြီး ရေလမ်း ကင်းလွတ်အကျယ် (၃၆၀)ပေ၊ အမြင့် (၃၂)ပေရှိ၍ ယာဉ်တစ်စီးချင်း ခွင့်ပြု အလေးချိန်မှာ (၇၅)တန် ဖြစ်ပါသည်။ မြန်မာ- လာအို ချစ်ကြည်ရေး တံတား တည်ဆောက် ပြီးစီးပါက နှစ်နိုင်ငံ လမ်းပန်း ဆက်သွယ်မှု လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလည်း တိုးတက် မြင့်မားလာမည် ဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment