Saturday, January 31, 2015

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ TAK Border Trade Fair 2015 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၉ရက်နေ့ ဒေသစံတော်ချိန် နံနက်(၁၀)နာရီ မိနစ် (၅၀)တွင် ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ လေယာဉ်ဖြင့် ရောက်ရှိကြသည်။ ညနေ (၃)နာရီတွင် မဲဆောက်မြို့ Centara MAE SOT Hill Resort ဟိုတယ်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်းတို့မှ ကြီးမှူး ကျင်းပသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အကြား လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ပါသည်။ အခမ်းအနား၌ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက မဲဆောက်၊ မြဝတီ မြို့နှစ်မြို့ကို ညီအစ်မမြို့(Sister City) ဖြစ်မြောက်ရေး ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၁၅ ခုနှစ် ဇူလိုင်လ၌ အာရှလမ်းသစ် မြဝတီ- ကော့ကရိတ် ကားလမ်းသစ် ဖွင့်လှစ်မည့် အခြေအနေ၊ မဲဆောက်- မြဝတီနှစ်နိုင်ငံ ချစ်ကြည်ရေး ဒုတိယ တံတားသစ် ဆောင်ရွက်မှု အခြေအနေ၊ နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပူပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ Mr. Somkiet Anuras က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားပါသည်။
ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (၃)ခုကို လက်မှတ် ရေးထိုးခဲ့ ကြရာ Thailand-Myanmar Business Meeting 2015 Joint Statement ကို ထိုင်း ကုန်သည်ကြီးများ အသင်းနှင့်UMFCCI မှ တွဲဖက် အထွေထွေ အတွင်းရေးမှူးတို့က လည်းကောင်း၊ တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း၊ မြဝတီ ကုန်သည်ကြီးများ အသင်း၊ ကရင်ပြည်နယ် ကုန်သည်ကြီးများ အသင်း၊ မွန်ပြည်နယ် ကုန်သည်ကြီးများ အသင်းတို့အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန် MOU သဘောတူ စာချုပ်များကို သက်ဆိုင်ရာ အသင်း တာဝန်ရှိသူများက လည်းကောင်း၊ ထိုင်းနိုင်ငံ Thonburi Holding Company Limited မှ Mr. Kim Christian Wachtveitl နှင့် မြန်မာနိုင်ငံ Ga Mone Pwint Co.,Ltd မှ ဦးနေလင်းဦးတို့က ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ကုတင် ၂၀၀ ဆံ့ ပုဂ္ဂလိက အထူးကု ဆေးရုံ ဖွင့်လှစ် လုပ်ကိုင်ရန် အတွက် လည်းကောင်း MOU သဘောတူ စာချုပ် လက်မှတ်များ ရေးထိုးခဲ့ကြပါသည်။ ထို့နောက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် မဲဆောက်မြို့ Nakorn Maesot International Hospital ဆေးရုံသစ်ဖွင့်ပွဲ အခမ်းအနားသို့ ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Chatchai Sarlkulya နှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးပြီး ဆေးရုံတက်နေသော လူနာများကို လက်ဆောင် ပစ္စည်းများ ပေးအပ်၍ အားပေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်သည် ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Chatchai Sarlkulya နှင့်အတူ မဲဆောက်မြို့ မြူနီစပါယ် အားကစားကွင်း၌ ကျင်းပသည့် TAK Border Trade Fair 2015 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြာပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာ- ထိုင်း နှစ်နိုင်ငံတို့သည် ရှေးယခင်ကပင် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အချင်းချင်း အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု ရှိသကဲ့သို့ မိမိတို့ဌာနမှလည်း နှစ်နိုင်ငံ ကုန်သွယ်မှုကို ပူးပေါင်း မြှင့်တင်ရန်နှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အားပေး မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ကုန်စည်ပြပွဲများ နှစ်စဉ် အပြန်အလှန် ကျင်းပကြရန်၊ ကုန်စည်ပြပွဲများ အပြန်အလှန် ကျင်းပခြင်းဖြင့် ကုန်သွယ်မှု တိုးမြှင့်ရေးကို များစွာ အထောက်အကူ ဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏကို ကြည့်လျှင် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက် ဆောင်ရွက် လာနိုင်ခဲ့ပါကြောင်း၊ မြန်မာ- ထိုင်း ပုဂ္ဂလိက လုပ်ငန်းရှင် ကုန်သည်များ အချင်းချင်း စီးပွားရေး၊ ကုန်သွယ်ရေး တိုးမြှင့် ဆောင်ရွက်နိုင်ရန် MOU များ လက်မှတ် ရေးထိုးခဲ့သဖြင့် အထူး ဝမ်းမြောက်ပါကြောင်း၊ ယခု ကျင်းပသည့် ကုန်စည် ပြပွဲတွင် ပြခန်းပေါင်း (၃၀၀)ကျော် ခင်းကျင်းပြသပြီး မြန်မာနိုင်ငံဘက်မှ မြန်မာဖိနပ်များ၊ လ္ဘက်စို လ္ဘက်ခြောက် စသော စားသောက်ကုန်များ၊ မြန်မာ တိုင်းရင်းဆေးများ၊ ရေထွက်ပစ္စည်းများ၊ ဝါးတူများစသည့်ပစ္စည်းများကို ပြခန်း (၁၃)ခန်းရယူ၍ ပါဝင်ပြသလျှက်ရှိပါကြောင်း၊ ထိုင်းဘက်မှ ပြသသော စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ အဝတ် အထည်များကိုလည်း မြန်မာ ပြည်သူများ ကြိုက်နှစ်သက် ကြပါကြောင်း၊ အထူးပြု ပြောကြားလိုသည်မှာ အရည်အသွေးနိမ့် သွင်းကုန် ပစ္စည်းများကြောင့် စားသုံးသူများ ထိခိုက်မှုမရှိစေရေး အကာအကွယ် ပေးရန်နှင့် နှစ်နိုင်ငံ စားသုံးသူများကို ဘေးအန္တရာယ် မဖြစ်စေရေး အတွက် FDA စစ်ဆေး ဆောင်ရွက် သင့်ပါကြောင်း၊ မှောင်ခို ကုန်သွယ်မှုများ လျော့နည်း ကျဆင်း၍ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိရေး ပူးပေါင်း လုပ်ဆောင်ရန်နှင့် တရားဝင် ကုန်သွယ်မှု ပိုမို ဆောင်ရွက်နိုင်ရန် ဥပဒေများနှင့်အညီ စနစ်တကျ ဖြစ်စေရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းနှင့် ယခုကုန်စည် ပြပွဲမှသည် နောင်အနာဂါတ်တွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီးနေက် ပြည်ထောင်စုဝန်ကြီး၊ ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် တာဝန် ရှိသူများသည် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

No comments:

Post a Comment