ကွမ်းဈေးသည် သုံးနှစ်တစ်ကြိမ် ကောင်းလေ့ရှိခြင်းကြောင့်
အခုနှစ်တွင် ကွမ်းဈေးနှုန်းကောင်းသည့်အတွက် ကွမ်းစိုက်ပျိုးသူများ ပိုမိုများပြားလာသည့်နှစ်ဟု
သိရပါသည်။ ယခင်အလားတူနှစ်များက ကွမ်း တစ်ပိဿာလျှင် ငွေကျပ်ကိုးထောင်မှ တစ်သောင်းကျပ်ရှိခဲ့ပြီး
ယခုနှစ်တွင် ကွမ်းတစ်ပိဿာလျှင် ပွဲရုံသွင်းဈေး ငွေကျပ်တစ်သောင်းသုံးထောင်မှ တစ်သောင်းငါးထောင်အထိ
ရရှိခြင်းကြောင့် ကွမ်းစိုက်ပျိုးသူများ တွက်ချေကိုက်နေခြင်းဖြစ်သည်ဟု သိရပါသည်။ ၂၀၁၃
ခုနှစ် အစောပိုင်းက ကွမ်း တစ်ပိဿာလျှင်ငွေကျပ် တစ်ထောင်အောက် စံချိန်တင်ကျဆင်းသွားခဲ့သော်လည်း
၂၀၁၃ ခုနှစ်အလယ်ပိုင်းမှ စတင်ပြီး ကွမ်းဈေးနှုန်းတစ်ဖြေးဖြေး မြင့်တက်လာခဲ့ရာ အခုနှစ်မှစပြီး
ကွမ်းဈေးနှုန်းများ သိသာစွာမြင့်တက် လာခြင်းကြောင့် ကွမ်းစိုက်တောင်သူများ တွက်ချေကိုက်လာကြကြောင်း
သိရပါသည်။ အရင်က အသက်ကြီးသူများသာ စားသည့်ကွမ်းသည် အခုချိန်တွင် လူငယ်တွေကြားတွင် စားသုံးမှုက
ပိုမိုမြင့်တက်လာနေကြောင်း သိရပါသည်။ မြန်မာနိုင်ငံအောက်ပိုင်းမှ ထွက်ရှိသည့် ကွမ်းရွက်များကို
ရန်ကုန်သီရိမင်္ဂလာ ကွမ်းဈေးကွက်သို့ တင်ပို့ရောင်းချကြပြီး မြန်မာနိုင်ငံအလယ်ပိုင်း
နွားထိုးကြီး၊ မြင်းခြံစသည့်ဒေသများမှ ထွက်သည့် ကွမ်းရွက်များကို တောင်သာကွမ်းဈေးကွက်သို့တင်ပို့ရောင်းချကြပြီး၊
စိန်ပန်းကန်ကွမ်းမှာ လူကြိုက်အများဆုံးဖြစ်ကာ ဈေးကောင်းရရှိသည့် ကွမ်းအမျိုးအစားဖြစ်သည်ဟု
သိရပါသည်။ ကွမ်းပွဲရုံများတွင် တစ်ရက်လျှင် ကွမ်းပိဿာချိန် ငါးထောင်ခန့်အထိ ရောင်းချရကြောင်းလည်း
သိရှိရပါသည်။ ကွမ်းအပင်လေးထောင်စိုက် ကွမ်းခြံတစ်ခြံလျှင် ကွမ်းလုပ်သား (၁၄)ယောက်မှ
(၁၅)ယောက်အထိ အသုံးပြုရပြီး ကွမ်းအလုပ်သမားတစ်ယောက်လျှင် နေ့စားငွေကျပ် နှစ်ထောင့်ငါးရာမှ
သုံးထောင်အကြား လုပ်အားခပေးရကာ (၁၅)ရက်တစ်ကြိမ်ကွမ်းရွက် (၈)ပိဿာမှ (၁၀)ပိဿာအထိ ထွက်ရှိကာ
တစ်လလျှင် ငွေကျပ် သုံးသိန်းခွဲခန့်အထိ တွက်ချေကိုက် ရရှိခြင်းကြောင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း
လုပ်ကိုင်သူ များပြားနေကြောင်း သိရှိရပါသည်။
No comments:
Post a Comment