Wednesday, April 1, 2015

သင်္ကြန်နှင့် ကစားစရာပစ္စည်းဈေးကွက်



မြန်မာတို့၏ဆယ့်နှစ်ရာသီပွဲတော်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ရက်နား နီးလာခြင်းကြောင့် ကလေးတွေဆော့ကစားရန် ရည်ရွယ်ထုတ်လုပ်ထားသည့် သင်္ကြန်ကစားစရာ ပစ္စည်းများ အရောင်းသွက်လျက်ရှိသည်ဟု သိရပါသည်။ ရန်ကုန်မြို့သိမ်ကြီးဈေးတစ်ဝိုက်တွင်ရှိသည့် ကလေးကစားစရာ ပလပ်စတစ်ပစ္စည်း အရောင်းဆိုင်များတွင်ဆိုရင် အခုလက်ရှိတွင် သင်္ကြန်ရေပြွတ်၊ ရေပိုက်၊ သင်္ကြန်း ဦးထုတ်နှင့်ရေဖလားစသည့်ပစ္စည်းများ အဝယ်လိုက်လျက်ရှိပါကြောင်း သိရပါသည်။ ထိုသို့ရောင်းချရာတွင် ပြည်တွင်းက အသေးစား စက်မှုလုပ်ငန်းများက ထွက်ရှိသည့်ပစ္စည်းများအပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့က တင်သွင်းသည့် သင်္ကြန်ကလေးကစားစရာ ပစ္စည်းများလည်း ဈေးကွက်ထဲတွင် ရောင်းချနေခြင်းကို တွေ့ရပါသည်။ ပြည်တွင်းက ထုတ်လုပ်သည့် ပစ္စည်းတွေက ငွေကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိရှိပြီး ပြည်ပနိုင်ငံက တင်သွင်းသည့် ပစ္စည်းများက ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ရှိကြောင်း သိရပါသည်။ ပြည်တွင်း SME များက ထွက်သည့် ပြည်တွင်းဖြစ်ပစ္စည်းများက လုပ်သားရှားပါးမှုပြဿနာနှင့် အရင်းနှီးကြာရှည်စွာ စိုက်ထုတ်နိုင်ခြင်းမရှိခြင်းကြောင့် အထွက်နည်းလာသော်လည်း ဈေးနှုန်းချိုသာသည့်အတွက် နယ်ဝယ်လက်များ အကြိုက်များလာကြောင်း သိမ်ကြီးဈေးမှ လက်ကားအရောင်းဆိုင်ရှင်တစ်ဦးက ပြောကြောင်း သိရပါသည်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံက တင်သွင်းသည့်ပစ္စည်းများက အရောင်အသွေးစုံလင်ခြင်း၊ အရည်အသွေးကောင်းမွန်မှုနှင့် လက်ရာသေသပ်မှုကြောင့် ရန်ကုန်မြို့အတွင်းတွင် ပိုမိုအရောင်းသွက်နေကြောင်း သိရပါသည်။  

No comments:

Post a Comment