Thursday, July 30, 2015

အားကောင်းသောမုန်တိုင်းငယ် ထုတ်ပြန်ချက်

၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၅) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အားကောင်းသော မုန်တိုင်းငယ်သတင်းကို ထုတ်ပြန်ထားပါသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့  မြန်မာစံတော်ချိန် (၆)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်လျက်ရှိသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” (Komen) သည် အားကောင်းသော မုန်တိုင်းငယ်အဖြစ် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိပြီး ယနေ့နံနက်မှ နောက် (၁၂) နာရီအတွင်း တဖြည်းဖြည်း အားပျော့အားသွားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျား နေစဉ်အတွင်း မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀) မှ မိုင် (၆၀) အထိ နှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ရေမြေလေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းတို့အပြင် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးသတိပြုရန် အကြံပြုထားပါသည်။


No comments:

Post a Comment