Wednesday, July 29, 2015

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးမှုနစ်မြုပ်လယ်များ ပြန်လည်စိုက်ပျိုးနိုင်ရေး ကူညီဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးပြီး မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ရပါသည်။ အဆိုပါ စပါးစိုက်ခင်းအနက် ရေနစ်မြုပ်ပျက်စီးသော စပါးခင်းများအား ရေကျလျင်ကျချင်း မြေပြုပြင်ထွန်ယက်မှု အလျှင်အမြန်ပြုလုပ်ပြီး၊ ရာသီမီမိုးစပါး ပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုစက်မှုလယ်ယာစခန်း၊ ၀က်လက် စက်မှုလယ်ယာစခန်းနှင့် ကန့်ဘလူစက်မှုလယ်ယာ စခန်းမှ ထွန်စက်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုလယ်ယာစခန်းများမှ ထွန်စက်ကြီးများဖြင့် ကူညီထွန်ယက်ပေးသွားမည်ဖြစ်ရာ အဆိုပါ အကူထွန်စက်ကြီးများသည် သက်ဆိုင်ရာ စက်မှုလယ်ယာစခန်းများမှ ဇူလိုင်လ(၂၃)ရက်နေ့တွင် စတင်ထွက်ခွာခဲ့ကြပြီး ယခုအခါ ကောလင်းမြို့နယ်တွင် ထွန်စက် အစီး (၃၀)နှင့် ကန့်ဘလူမြို့နယ်တွင် ထွန်စက် (၁၀)စီး စုစုပေါင်း ထွန်စက် အစီး (၄၀)ရောက်ရှိပြီး တောင်သူများ၏ လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါသည်။ ရေကြီးနစ်မြုပ်လျက်ရှိသော လယ်များမှ ရေများ စတင်ကျဆင်းလျက်ရှိပြီ ဖြစ်သဖြင့် တစ်ကွက်ပေါ် တစ်ကွက်ထွန်စနစ်ဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကောလင်းမြို့နယ်၊ တဇူးကျေးရွာတွင် ထွန်ယက်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ကောလင်းမြို့နယ်၊ စိန်ပန်းကုန်းရွာတွင် သဲဖုန်းလွှမ်းသွားသော လယ်မြေများအတွင်းမှ သဲဖယ်ထုတ်ပြီး စိုက်ပျိုးနိုင်အောင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment