Monday, November 2, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ခုအဖြစ် နိုင်ငံတကာစံနှုန်း များနှင့်အညီ ဒီမိုကရေစီနည်းလမ်းတကျ ကျင်းပပေးမည်ဟု ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ရွေးကောက်ပွဲ၏လွတ်လပ်မျှတမှု၊ ပွင့်လင်းမြင်သာရှိမှုနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များအား မှတ်ကျောက်တင်နိုင်ရန်အတွက် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ များ၊ ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများ၊ နိုင်ငံတကာသံရုံး များ မှလေ့လာရေးအဖွဲ့များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရွေးကောက်ပွဲကော်မရှင်များမှ ကိုယ်စားလှယ် အဖွဲ့များ၊ ဒီမိုကရေစီနှင့်ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် အကူအညီပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကမ္ဘာ့ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းတို့အား ရွေးကောက်ပွဲအား လာရောက်လေ့လာ စောင့်ကြည့်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အား နိုင်ငံတကာသံရုံး ၃၂ ရုံးမှ လေ့လာသူ ၄၇၀ ဦး၊ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ ၆ ခုမှ ၄၆၅ ဦး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲလုပ်ငန်း စဉ်များအတွက် အကူအညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်း ၉ ခုမှ ၁၈၃ ဦး အပါအဝင် စုစုပေါင်း ပြည်ပလေ့လာစောင့်ကြည့်သူ ၁,၁၁၈ ဦး၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်း ၁၃ ခုမှ ၉,၄၀၆ ဦး၊ ပြည်ပသတင်း မီဒီယာ ၄၅ ဖွဲ့မှ ၂၉၁ ဦးတို့အား စောင့်ကြည့်လေ့လာ နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ သက်သေခံ ကတ်ပြားများ ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် တည်ဆဲဥပဒေများကိုလေးစားလိုက်နာမှု၊ နိုင်ငံရေးအရ သမာသမတ်ကျစွာကြားနေမှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အနှောက် အယှက်မဖြစ်စေမှု၊ စောင့်ကြည့်လေ့လာသူများလိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်းကို လိုက်နာစောင့်ထိန်းမှုအစရှိသည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လိုက်နာ ရမည့်ကျင့်ဝတ်သိက္ခာ၊ စည်းမျဉ်းဥပဒေများနှင့်အညီ ရွေးကောက်ပွဲအား စောင့်ကြည့် လေ့လာရန် အသိပေးညွှန်ကြားထားပါသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ စောင့်ကြည့်လေ့လာ မည့်အခြေအနေအား သိရှိနိုင်ပါရန်နှင့် လေ့လာသုံးသပ်နိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။


No comments:

Post a Comment