Monday, November 2, 2015

Samsung Tech Institute မှ Android Mobile Application Development သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျောင်းသား၊ ကျောင်းသူများ နည်းပညာနယ်ပယ်မှ အတွေ့အကြုံများရရှိစေရန်၊ နည်းပညာရပ်များကို ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်၊ တစ်ဦးနှင့် တစ်ဦးပူးပေါင်း ဆောင်ရွက်တတ်သော အလေ့အထများရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း ပညာရှင်များ အဖြစ် လမ်းကြောင်းအပေါ်တွင် ရပ်တည်လာနိုင်စေရန်စသော ရည်ရွယ်ချက်များဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် Android Mobile Application Development ပြိုင်ပွှဲတွင် ပါဝင်ခဲ့သူများအား ပြိုင်ပွဲဝင် အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲချီးမြှင့်ခြင်းနှင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားအား ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ နိုဝင်ဘာ(၂)ရက် မွန်းလွဲ(၁)နာရီက ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုကဲ့သို့ ပြိုင်ပွဲကျင်းပနိုင်ရန် သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှ ကိုယ်စားပြုသည့် ကျောင်းသား၊ ကျောင်းသူများအား Samsung Tech Institute Training သင်တန်းတက်ရောက်စေ၍ ပြိုင်ပွဲကျင်းပပေးခြင်း အားဖြင့် ကွန်ပျူတာတက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တိုးတက် ပြောင်းလဲလာသော နည်းပညာသစ်များကို လက်တွေ့လေ့လာနိုင်ခြင်း၊ မိုဘိုင်းနည်းပညာနှင့် ပတ်သက်သော နည်းပညာများကို လေ့လာသိရှိခြင်းအားဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ သင်တန်းမှရရှိသော နည်းပညာအတွေ့အကြုံ၊ Project လုပ်ဆောင်ခြင်း အတွေ့အကြုံများမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် သတင်း အချက်အလက်နှင့် မိုဘိုင်းလ်နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့်ပြိုင်ပွဲနှင့် Samsung Tech Institute သင်တန်းများအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသော ကျောင်းသားများပညာရေးနှင့် လုပ်ငန်းခွင် ဆက်စပ်ပေးရေး၊ ကျောင်းသားများ၏ တီထွင်ဆန်းသစ်မှုအရည်အသွေးများ မြင့်မားလာစေရေး၊ သက်ဆိုင်သော လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်များကို အထောက်အကူပြုလျက်ရှိပါကြောင်း ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ပြိုင်ပွဲဝင် (၃) ဦးအား ပြည်ထောင်စုဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုရရှိသည့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)မှ ပြိုင်ပွဲဝင် (၃) ဦးအား ညွှန်ကြားရေးမှူးချုပ်မှလည်းကောင်း၊ တတိယဆုရရှိသည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပြိုင်ပွဲဝင်(၃)ဦးအား Samsung Myanmar Electronic Co., Ltd, မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲအား မြန်မာနိုင်ငံအောက်ပိုင်းရှိ ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်ရှိ ကွန်ပျူတာသိပ္ပံအထူးပြု ကျောင်းသား၊ ကျောင်းသူများထဲမှ တက္ကသိုလ်အလိုက် ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူ (၇၅) ဦးအား ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် မွမ်းမံသင်တန်းကို Samsung Tech Institute မှ သင်တန်းပေး၍ ပြိုင်ပွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment