Monday, November 30, 2015

နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒီဇင်ဘာ ၂ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့တို့က နိုဝင်ဘာလ(၃၀)ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။  အဆိုပါ တွေ့ဆုံခွင့်တောင်းသည့်ကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ လာရောက်တွေ့ဆုံနိုင်ရေး စီစဉ်ပေးပါရန် နိုဝင်ဘာ ၁၀ ရက် နေ့စွဲပါစာဖြင့် သီးခြားစီပေးပို့ခဲ့ခြင်းအပေါ် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံဆွေးနွေးရန် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် သမ္မတအိမ်တော်၌ လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးရန် ဒီဇင်ဘာ ၂ ရက် မွန်းလွဲ (၂)နာရီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ရိပ်သာ၌လည်းကောင်း တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment