Monday, November 2, 2015

မြန်မာရေလုပ်သား ၁၅၈ ဦး ကျန်းမာ၊ပျော်ရွှင်စွာဖြင့် အိန္ဒိယနိုင်ငံမှ အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် အိန္ဒိယသမ္မတနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိသွားသည့် မြန်မာရေလုပ်သားများအား ပြန်လည်ခေါ်ယူ၍ မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်း နိုင်ရေးကို စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။ အိန္ဒိယနိုင်ငံရောက် မြန်မာရေလုပ်သားအများစုမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ရေပိုင်နက် အနီး ငါးဖမ်းကြရာမှ လေမုန်တိုင်းမိခြင်း၊ ရေယာဉ်များစက်ချွတ်ယွင်း၍ နစ်မြုပ်ခြင်း၊ ရေပိုင်နက် မှားယွင်းခြင်း စသည်တို့ကြောင့် အိန္ဒိယရေတပ်၏ ထိန်းသိမ်းခံကြရသူများ ဖြစ်သည်။ အဆိုပါမြန်မာရေလုပ်သားများကို အိန္ဒိယနိုင်ငံ ဥပဒေအရ အရေးယူခံခဲ့ရပြီး လွတ်မြောက်လာချိန်တွင် ပြန်လည်ထူထောင်ရေးစခန်း Open Distress Camps တွင် နေထိုင်စေကာ မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြီးသူများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် နှစ်နိုင်ငံညှိနှိုင်းမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲ ဦးဆောင်သောအဖွဲ့သည် နိုဝင်ဘာလ(၃)ရက်နေ့နံနက် ၈ နာရီတွင် အိန္ဒိယသမ္မတနိုင်ငံ ဥပဒေအရ ပြစ်ဒဏ်ကျခံပြီး Open Distress Camps ၌ ထိန်းသိမ်းထားသည့် မြန်မာရေ လုပ်သား ၂၄၃ ဦးကို ပြန်လည်ခေါ်ယူနိုင်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း စင်းလုံးငှား လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့သို့ သွားရောက်ခဲ့သည်။ ယင်းနောက် ပထမအသုတ် ပြန်လည်ခေါ်ယူမည့် မြန်မာရေလုပ်သား ၁၅၈ ဦးကို အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက ပို့ဘလဲယားလေဆိပ်၌ လွှဲပြောင်း လက်ခံပြုလုပ်ကြသည်။ ထို့နောက် ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲ ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာရေလုပ်သား များသည် ပို့ဘလဲယား လေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိကြသည်။ မြန်မာနိုင်ငံ ရေလုပ်သားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တာဝန်ရှိ သူများ၊ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆို အားပေးစကားပြောကြားကြပြီး ထောက်ပံ့ငွေ၊ အဝတ်အထည်နှင့် ခရီးစရိတ်များ၊ MPT စင်းကတ်နှင့် ငွေကျပ် ၁၀၀၀ ဖြည့်ပြီး ကတ်များထောက်ပံ့ ပေးအပ်ကြသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် ရေလုပ်သားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် သက်ဆိုင်ရာ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင် ပေးကြသည်။ ပြန်လည်ခေါ်ယူမည့် ရေလုပ်သားဦးရေ ၂၄၃ ဦးမှာ ပြစ်ဒဏ်ကျခံပြီးသူများ ဖြစ်ပြီး မြန်မာနိုင်ငံသား စိစစ်ပြီးသူများဖြစ်ကြောင်း၊ ပထမသုတ်တွင် ၁၅၈ ဦးကို ခေါ်ယူခဲ့ပြီး ကျန်ရေလုပ်သား ၈၅ ဦးကို နိုဝင်ဘာ ၃ ရက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်ဖြင့် ဒုတိယအသုတ် ဆက်လက် ခေါ်ယူမည်ဖြစ်ကြောင်း၊ လေယာဉ် နှစ်ခေါက်ငှားရမ်းခငွေ အမေရိကန်ဒေါ်လာ ၇၁၀၀၀ ကို နိုင်ငံတော်မှကျခံပေးခဲ့ကြောင်း။ မြန်မာရေလုပ်သား ၁၅၈ ဦးတွင် ဧရာဝတီတိုင်းဒေသကြီးမှ ၁၃၇ ဦး၊ ရခိုင်ပြည်နယ်မှ ၂၀ ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ၁ ဦးတို့ပါဝင်ကြောင်း သိရသည်။


No comments:

Post a Comment