Wednesday, June 11, 2014

ရှမ်းနှင့် ကယားပြည်နယ်အတွင်း ဆောင်ရွက်ထားသော ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနှင့် သိပ္ပံနည်းကျ စိုက်ပျိုးထားသော စံပြစိုက်ကွက်များ ကွင်းဆင်း

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းသည် ဇွန်လ (၇)ရက်နေ့တွင် ကယားပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာ မိုးဗြဲဆည်ရေသောက် ဧရိယာတွင် တောင်သူ(၂၇)ဦး သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် စုပေါင်း စိုက်ပျိုးထားသော ပုလဲသွယ် စပ်မျိုးစပါး တောင်သူ ပညာပေး စံပြစိုက်ခင်းသို့ ရောက်ရှိ စစ်ဆေးခဲ့ရာ ဖယ်ခုံမြို့နယ် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မှ ပုလဲသွယ် စပ်မျိုးစပါး တောင်သူပညာပေး နွေစပါး ဧက(တစ်ရာ) စံပြကွက် စိုက်ပျိုးပြသ ထားရှိမှုတို့ကို ရှင်းလင်း တင်ပြခဲ့ပြီး မိုးဗြဲကျေးရွာ အုပ်စုမှ တောင်သူ ဦးကျော်ဝင်းမှ ယခင်နှစ်က အထွက်နှုန်း တစ်ဧက(၂၆၀) ထွက်ရှိကြောင်းနှင့် ယခုနှစ် အထွက်နှုန်း တစ်ဧက(၂၈၀)ကျော် မျှော်မှန်းထားပါကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။ ထိုမှတစ်ဆင့် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာ ဟိုလ်တာဆည်ရေသောက် ဧရိယာတွင် တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးထားသော ဧက(၅၀) ပုလဲသွယ် စပ်မျိုးစပါး တောင်သူပညာပေး စိုက်ခင်းသို့၎င်း၊  ဒီးမော့ဆိုမြို့နယ် ဒီးမော့ဆို ဆည်ရေသောက် ငွေတောင် မျိုးသန့်ခြံတွင် စိုက်ပျိုးထားသော ပုလဲသွယ် စပ်မျိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း(၅)ဧက ဝတ်မှုံကူးပွဲတော် ဆောင်ရွက်ပြီးစီးမှု၊ ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေး ပညာရှင် ဝန်ထမ်းများအား စပ်မျိုးစပါး ထုတ်လုပ်ခြင်း လေ့ကျင့် ပညာပေးနေမှုနှင့် သိပ္ပံနည်းကျ စိုက်ပျိုးထားသော ပုလဲသွယ် စပ်မျိုးစပါး တောင်သူပညာပေး စံပြစိုက်ကွင်း တို့အား၎င်း ဒီးမော့ဆိုးမြို့နယ် ဟိုဖိတ်ကျေးရွာရှိ သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေသော ရွာလုံးကျွတ် ပုလဲသွယ် စပ်မျိုးစပါး စိုက်ခင်းအား၎င်း ဒီးမော့ဆိုမြို့နယ်တွင် ဖွင့်လှစ်သင်ကြားမည် စိုက်ပျိုးရေး သိပ္ပံကျောင်းသို့၎င်း ရောက်ရှိစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။




No comments:

Post a Comment