အီရန်အနေနဲ့ အငြင်းပွားနေတဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သတ်ပြီး
အင်အားကြီးနိုင်ငံများနဲ့ နောက်ဆုံးသဘောတူညီချက် ရရှိလိုပါက ပြည့်ဝယူရေနီယမ် ထုတ်လုပ်မဲ့
(ဆန်ထရီဖျူစ့်) ထောင်ပေါင်းများစွာ ဝယ်ယူလိုမှုကို ရပ်တန့်ပြီး ၄င်းတို့ရဲ့ အဏုမြူဗုံး
ထုတ်လုပ်ရေး အစီအစဉ်ကို စွန့်လွှတ်ရမှာဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော့ရန်ဖေးဘီးယပ်စ်မှ
ပြောကြားခဲ့ပါသည်။ အီရန်အနေနဲ့ (ဆန်ထရီဖျူစ်) အနည်းငယ်သာ ပိုင်ဆိုင်သင့်ကြောင်း ပြင်သစ်ရေဒီယိုမှတဆင့်
ဖေးဘီးယပ်စ်က ပြောကြားခဲ့ပါသည်။ အီရန်ကတော့ ၄င်းတို့ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းစွာ
အသုံးပြုရေးအတွက်သာ ဖြစ်ကြောင်းပြောကြားခဲ့ပြီး ၄င်းတို့အနေနဲ့ နျူကလီးယား လက်နက်များ
ထုတ်လုပ်ရန် ကြိုးပမ်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပါသည်။ ပြင်သစ်ဟာ (ပီဖိုက်+ဝမ်း)လို့ခေါ်တဲ့
ဂရိတ်ဗြိတိန် တရုတ် အမေရိကန် ဂျာမနီ ရုရှားတို့ပါဝင်တဲ့ အင်အားကြီး (၆)နိုင်ငံနှင့်
အီရန်တို့ရဲ့ အပြည့်အဝ စေ့စပ်ညှိနှိုင်းရေးအတွက် ယခုလ(၁၆)ရက်နေ့မှ (၂၀)ရက်နေ့အထိ ဗီယင်နာမှာ
တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ထားပါသည်။ ၄င်းဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ
အကြီးအကဲ ကက်သရင်းအက်ရှ်တန်လဲ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါသည်။ ၄င်းဆွေးနွေးပွဲတွင် အီရန်နိုင်ငံက
အဖွဲ့ဝင်နိုင်ငံများ စိုးရိမ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုပါက ၄င်းတို့ဘက်မှလည်း
အီရန်အပေါ်မှာထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျော့ဖို့ စဉ်းစားပေးမှာ ဖြစ်ပါသည်။
အမေရိကန်နှင့်အီရန်မှ တာဝန်ရှိသူများဟာ ပြီးခဲ့တဲ့ (၉-၆-၁၄) ရက်နေ့နှင့် (၁၀-၆-၁၄)
ရက်နေ့က ဂျနီဗာမှာတွေ့ဆုံခဲ့ပြီး ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေကို ကျော်ဖြတ်နိုင်မဲ့
နည်းလမ်းများကို ဆွေးနွေးခဲ့ပါသည်။ လာမဲ့ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပါက နောက်ထပ်ပိတ်ဆို့မှုများ
ပေါ်ထွက်လာနိုင်ပြီး စစ်ရေးအရ ခြိမ်းခြောက်မှုများ တိုးမြှင့်လာနိုင်ဖွယ်ရှိပါသည်။ ဇွန်လ(၁၆)ရက်နေ့မှာ
အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများရဲ့ဆွေးနွေးပွဲ မတိုင်မီပြင်သစ် တာဝန်ရှိသူများနှင့်
အီရန်မှ စေ့စပ်ညှိနှိုင်းရေးသမားများဟာ ဂျနီဗာမှာ (၁၁-၆-၁၄) ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှာ
ဖြစ်ပါသည်။ ပြည့်ဝယူရေနီယမ်ကို နျူကလီးယား စွမ်းအင်ထုတ်လုပ်ရေးမှာ အသုံးပြုနိုင်ပြီး
အီရန်ဟာ ၄င်းနည်းဖြင့် နျူကလီးယား လက်နက်များ ထုတ်လုပ်မှာကို အနောက်နိုင်ငံများက စိုးရိမ်လျက်ရှိပါသည်။
ဇူလိုင်လ(၂၀)ရက်နေ့ နောက်ဆုံးထားပြီး သဘောတူညီမှု မရရှိခဲ့ပါက နောက်ထပ် (၆)လအထိ ဆွေးနွေးမှုများ
ဆက်လက် ပြုလုပ်သွားရဖွယ်ရှိကြောင်း အီရန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ နိုဝင်ဘာ
သဘောတူညီချက်မှာ သဘောတူညီချက် ရရှိဖို့ အချိန်ထပ်မံ လိုအပ်မယ်ဆိုပါက နောက်ထပ်(၆)လ ထပ်မံဆွေးနွေးဖို့ပါ
ရှိကြောင်းသိရှိရပါသည်။
No comments:
Post a Comment