Tuesday, June 10, 2014

ပိုလာဝက်ဝံအမ လေးကောင်ကို ကင်မရာကော်လာများ တပ်ဆင်

အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာရေးအဖွဲ့ (ယူအက်စ်ဂျီအက်စ်)မှ ဘူမိဗေဒပညာရှင်များဟာ ပိုလာဝက်ဝံများမှာ ကင်မရာကော်လာများ တပ်ဆင်ပေးခြင်းဖြင့် တမူထူးခြားတဲ့ ဗီဒီယိုရုပ်ပုံများ ရရှိစေကြောင်း ဒါဟာ အာတိတ်ပင်လယ် ရေခဲပြင်မှာ အသက်ရှင်နေထိုင်တဲ့ ပိုလာဝက်ဝံများနဲ့ ပတ်သတ်တဲ့ အချက်အလက်များကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းလေ့လာမှုအသစ်ဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲချပ်များ လျော့နည်းသွားမှုအပေါ် ပိုလာဝက်ဝံများဟာ ဘယ်လိုတုံ့ပြန် နေထိုင်သလဲဆိုတာနဲ့ ပတ်သတ်ပြီး လေ့လာလျက်ရှိရာ အလက်စကာရှိ (ပရူဒ်ဟိုး)ပင်လယ်အော်ရဲ့ မြောက်ပိုင်းရေခဲပြင်မှာ ပိုလာဝက်ဝံအမ လေးကောင်ကို ကင်မရာကော်လာများ တပ်ဆင်ခဲ့ပါသည်။ (ယူအက်စ်ဂျီအက်စ်) အဖွဲ့နှင့်အတူ သိပ္ပံပညာရှင်များဟာ ပိုလာဝက်ဝံများရဲ့ လှုပ်ရှားသွားလာမှုနဲ့ နေထိုင်မှုအလေ့အထတို့ကို ရေဒီယိုနဲ့ (စက်တယ်လိုက် တယ်လီမန်ထရီ)တို့ကို အသုံးပြုပြီး ဆယ်စုနှစ်များစွာ လေ့လာနေကြပေမဲ့ အခုနည်းစနစ်သစ်ဟာ ကင်မရာများမှ ဖမ်းယူထားတဲ့ အမှန်တကယ် လှုပ်ရှားမှုများနဲ့အတူ ကော်လာမှ တည်နေရာပြ အချက်အလက် ချိတ်ဆက်ရန် ခွင့်ပြုပေးမှာဖြစ်ပါသည်။ သိပ္ပံပညာရှင်များဟာ ရေနေသတ္တဝါ ကာကွယ်ရေးအက်ဥပဒေနဲ့ မျိုးတုန်း ပျောက်ကွယ်တော့မည့် မျိုးစိတ်များ ကာကွယ်ရေးအက်ဥပဒေ ပြဌာန်းချက်များ ဆွေးနွေးပွဲမှာ ပိုလာဝက်ဝံများ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်ကို ရည်ရွယ်လျက်ရှိရာ ၄င်းဗီဒီယိုကော်လာများမှ အချက်အလက်များကို စုစည်းအသုံးပြုရန် မျှော်လင့်လျက်ရှိပါသည်။ ၄င်းအစီအစဉ်ဟာ နောက်ဆုံးမှာ ပိုလာဝက်ဝံများ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဦးဆောင်လှုပ်ရှားမှုများ ဖြစ်လာမှာဖြစ်ပြီး ပိုလာဝက်ဝံများဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ရေခဲများ လျော့ကျလာတဲ့အတွက် ခြိမ်းခြောက်ခံနေရကြောင်း သိရှိရပါသည်။

No comments:

Post a Comment