Wednesday, July 29, 2015

မုန်တိုင်းငယ်သတင်း ထုတ်ပြန်ချက်

၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် (၀၆း၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အားကောင်းသော မုန်တိုင်းငယ်သတင်းကို ထုတ်ပြန်ထားပါသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့  မြန်မာစံတော်ချိန် နံနက် (၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ အနောက်မြောက်ဘက်မိုင်(၅၀)ခန့်၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက်မိုင်(၃၅)ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်မြောက်ဘက် (၉၀)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင်(၁၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေဒေသသို့ ဦးတည်၍  မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းစွန်းဒေသအနီးမှ ရွေ့လျားနေသည့် အခြေအနေ ဖြစ်ပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ဒီကနေ့ နံနက်မှ နောက် (၂၄) နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။ အားကောင်းသည့် မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မောင်တောခရိုင် ဒေသတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀) မှ မိုင် (၆၀) အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်မှ မိုင် (၅၀) အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၄၅) မှ (၅၀) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ အားကောင်းသည့် မုန်းတိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် (၈) ပေမှ (၁၀) ပေခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသတွင် (၆) ပေမှ (၈) ပေ ခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း လေပြင်း တိုက်ခတ်ခြင်း ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သဘောင်္များ အနေဖြင့် အထူးသတိပြုရန် ကြံပြုထားပါသည်။


No comments:

Post a Comment