Wednesday, July 29, 2015

ကန့်ဘလူမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ပါတီအဖွဲ့ အစည်းများမှ အ၀တ်အထည်ပစ္စည်းများကို ရေဘေးကယ်ဆယ်ရေးအလှူပစ္စည်းလက်ခံဌာနတွင် ဖွင့်လှစ်လက်ခံလျှက်ရှိပြီး ထိုမှတဆင့် ရေဘေးသင့် ကျေးရွာပြည်သူများထံသို့ ဖြန့်ဝေပေးလျက်ရှိသည်။ ဇူလိုင် ၂၃ ရက်တွင် ကန့်ဘလူမြို့နယ် ကယ်ဆယ်ရေးပစ္စည်းအလှူလက်ခံဌာနမှ ချပ်သင်းတိုက်နယ်အတွက် ကယ်ဆယ်ရေးပစ္စည်းများကို ကား၊ ရထားတို့ဖြင့် ပို့ဆောင် ရေးဝန်းကျောင်းတိုက် ဆရာတော် အရှင်ဇောတထံ လွှဲပြောင်းပေးအပ်သည်။  ဇူလိုင်လ (၂၆)ရက်နေ့ထိ စားသုံးကုန်၊ ဆန်၊ ဆီ၊ ဆား၊ ရေသန့်နှင့် ဆေးဝါးပစ္စည်းမျိုးစုံ အထည်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းမျိုးစံ၊ ဆိုလာပြားအစုံ၊ မြွေဆိပ်ဖြေဆေး၊ တိရစ္ဆာန်အစားအစာများနဲ့ ငွေသားကျပ် သိန်း ၃၅၆၀၀၀၀ ရရှိခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ ဇူလိုင်(၂၇)ရက် နံနက်ပိုင်းက တပ်မတော် (ကြည်း/ရေ/လေ) မိသားစုမှ ငွေကျပ် သိန်း(၃၀)တန်ဖိုးရှိ ဘိလပ်မြေအိပ်(၅၀၀) နှင့် ငွေကျပ် (၁၅)သိန်း တန်ဖိုးရှိ မိလ္လာခွက် (၅၀၀) လာရောက်လှူဒါန်းခဲ့ပြီး ကန့်ဘလူမြို့နယ် ရေဘေးသင့် ကျေးရွာနေပြည်သူများနှင့် ကျွန်းလှမြို့နယ် ကောလင်းမြို့နယ်များသို့ ဆက်လက်ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။ ဇူလိုင်လ (၂၉)ရက်နေ့တွင် ကလေးခရိုင်၊ ကလေးဝမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်သာမြစ်နှင့် ချင်းတွင်း မြစ်ရေများတိုးလာပြီး စိုးရိမ်ရေအမှတ် ၁၅၅၀ စင်တီမီတာ ထက်ကျော်လွန်ပြီး ၁၅၇၃ စင်တီမီတာသို့ ရောက်ရှိကာ ကလေးဝ-ကလေး ကားလမ်းပေါ်ရှိ သစ်ချောက်ကျေးရွာ၊ အောင်ရပ်ကွက်နှင့် ချောင်းကျဉ်းကျေးရွာတွင် မြစ်သာမြစ်ရေ တိုးမှုကြောင့် အိမ်ခြေအနည်းငယ် ရေနစ်မြုပ်ခဲ့သည်။ အဆိုပါ ရေ၀င်ရောက်ခဲ့သည့် သစ်ချောက်ကျေးရွာနှင့် ချောင်းကျဉ်းကျေးရွာများတွင် အိမ်ခြေများ ရေကင်းလွတ်သည့် ရုပ်ရှင်ရုံဟောင်း၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ပြောင်းရွေ့ပေးခဲ့သည်။ ယာယီတည်းခိုရေး စခန်းတွင် ကလေးဝမြို့နယ်မှ မြို့မိမြို့ဖများက ရေဘေးသင့် ပြည်သူများကို ထမင်းထုပ်များနှင့် ရေသန့်ဗူးများ ထောက်ပံ့ပေးခဲ့သည်။ မြစ်ရေတိုးမှုကြောင့် ကလေးဝ-ကလေး ကားလမ်းပေါ်ရှိ တံတားများ ရေကျော်ကာ ယာဉ်များသွားလာမှု ယာယီ ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။ ယာယီ ရေဘေးကင်းလွတ်နိုင်ရန် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လ၀က ဦးစီးမှူးတို့က ယာယီတည်းခိုနေထိုင်ရေး စခန်းတွင် နေထိုင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ အလားတူ မုံရွာခရိုင် အရာတော်မြို့နယ်အတွင်း မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအချို့ မူးမြစ်ရေများ ၀င်ရောက်ခြင်း၊ မုံရွာ-ရွှေဘို လမ်းပေါ်ရှိ လမ်းပိုင်းအချို့ ရေကျော်ခြင်း၊ လမ်းပခုံးသား အချို့နေရာများတွင် ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ လမ်းဦးစီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်းပြီး အချိန်နှင့်တပြေးညီ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဇရစ်ကျေးရွာရှိ ကယ်ဆယ်ရေး စခန်းတွင်လည်း အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များက စားသောက်ဖွယ်ရာများ၊ ရေသန့်ဘူး၊ အ၀တ်အထည်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများ အဆက်မပြတ် လာရောက်လှူဒါန်းလျက်ရှိသည်။ ကျန်းမာရေး ဌာနမှလည်း မြစ်ရေ၀င်ရောက်သည့် ကျေးရွာများမှ ဒေသခံများအား ရွှေ့လျားဆေးခန်းများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျေးရွာများရှိ အများပြည်သူသုံး ရေကန်များတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ကလိုရင်းဆေးမှုန့်များ ခပ်ပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ခြင်းများ ပေါက်ပွားနိုင်သည့် နေရာများတွင် ပိုးလောက်လန်းနှိမ်နင်းခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ရေ၀င်ကျေးရွာများနှင့် ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


No comments:

Post a Comment