Sunday, August 2, 2015

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ရေဘေးသင့်ပြည်သူများ၏ အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် နှစ်ပေါင်း (၁၀၀)ကျော်အတွင်း မကြုံစဖူး ရေလွှမ်းမိုးမှု ဖြစ်ခဲ့ရာ ရေဘေးသင့် ပြည်သူများအတွက် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက နိုင်ငံတော် အစိုးရနည်းတူ တစ်ဖက်တစ်လမ်းမှ ကူညီပေးလျက်ရှိပါသည်။ ရေဘေးသင့် ဒေသများသို့ သွားရောက်လှူဒါန်းလိုသည့် အလှူရှင်များ အဖွဲ့အစည်းများအတွက် AIR KBZ လေကြောင်းလိုင်းမှ နီးစပ်ရာလေဆိပ်များသို့ အခမဲ့ ပျံသန်းပေးပို့လျက်ရှိပါသည်။ ကလေးမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေး စခန်း (၅)ခုအပြင် ရေဘေးလွတ်ရာ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများမှလည်း ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ အကူအညီ ပေးလျက်ရှိပါသည်။ ကလေးမြို့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အတွင်းရှိ အောင်ဆန်းခန်းမတွင် အနယ်နယ် အရပ်ရပ်မှ လှူဒါန်းသော ပစ္စည်းများကို စနစ်တကျ စာရင်းပြုစုကာ ဖြန့်ဝေပေးလျက်ရှိပါသည်။ ပင်လုံတပ်ဦး ပရိယတ္တိစာသင်တိုက် တွင်လည်း ရေဘေးသင့် ပြည်သူ (၃၂၀)ခန့် ရှိကြောင်း သိရပါသည်။ ကလေးမြို့ စက်မှုဇုန်တွင်ရှိသည့် ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၆၀၀)ကျော်နှင့် လူဦးရေ (၃၁၀၀)အတွက် ကယ်ဆယ်စောင့်ရှောက် ကျွေးမွေး ကုသိုလ်ပြုလျက်ရှိပါသည်။ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့် မြို့နယ်များနှင့် ကျေးရွာများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

No comments:

Post a Comment